သံယုတ္တနိကာယ်—၄၅

၉—ဂင်္ဂ ါပေယျာလဝဂ်

၂—၆—ဒုတိယာဒိ သမုဒ္ဒနိန္နသုတ် ၅—သုတ်

၉၈—၁ဝ၂။ ရဟန်းတို့ ယမုနာမြစ်သည် သမုဒ္ဒရာသို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ရဟန်းတို့ ထို့အတူပင် ရဟန်းသည်။ပ။ ရဟန်းတို့ အစိရဝတီမြစ်သည် သမုဒ္ဒရာသို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ရဟန်းတို့ ထို့အတူပင်။ပ။ ရဟန်းတို့ သရဘူမြစ်သည် သမုဒ္ဒရာသို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ရဟန်းတို့ ထို့အတူပင်။ပ။ ရဟန်းတို့ မဟီမြစ်သည် သမုဒ္ဒရာသို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ရဟန်းတို့ ထို့အတူပင်။ပ။

ရဟန်းတို့ ဂင်္ဂါ ယမုနာ အစိရဝတီ သရဘူ မဟီဟူသော ဤမြစ်ကြီးအားလုံးတို့သည် သမုဒ္ဒရာသို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင် အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းသည် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၏။

ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်း သည်အဘယ်သို့လျှင် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောမှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သောရဟန်းသည် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

ဂင်္ဂါပေယျာလဝဂ် ပြီး၏။