သံယုတ္တနိကာယ်—၄၆

၅—စက္ကဝတ္တိဝဂ်

၈—အာဒိစ္စသုတ်

၂၂၉။ ရဟန်းတို့ အရုဏ်တက်ခြင်းသည် နေထွက်ပေါ်လာခြင်း၏ ရှေ့သွားဖြစ်သကဲ့သို့ ပုဗ္ဗနိမိတ်ဖြစ်သကဲ့သို့ ထို့အတူ မိတ်ဆွေကောင်းရှိခြင်းသည် ရဟန်းအား ဗောဇ္ဈင်ခုနစ်ပါးတို့ ဖြစ်ပေါ်ရန် ရှေ့သွားဖြစ်၏၊ ပုဗ္ဗနိမိတ်ဖြစ်၏။ ရဟန်းတို့ မိတ်ဆွေကောင်းရှိသော ရဟန်းအား ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများလိမ့်မည်၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်လိမ့်မည်ဟု မျှော်လင့်အပ်၏။

ရဟန်းတို့ အဘယ်သို့လျှင် မိတ်ဆွေကောင်းရှိသော ရဟန်းသည် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများသနည်း၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော သတိသမ္ဗောဇ္ဈင်ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသောချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင်မိတ်ဆွေကောင်းရှိသော ရဟန်းသည် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွားများ၏၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။