သံယုတ္တနိကာယ်—၄၈
၅—ဧရာဝဂ်
၉—ပိဏ္ဍောလဘာရဒွါဇသုတ်
၅၁၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် — အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီ ပြည်ဃောသိတာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်ပိဏ္ဍောလဘာရဒွါဇသည်”ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါတစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု ငါ သိ၏”ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြား၏။ ထိုအခါ များစွာကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေကြပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏ —
အသျှင်ဘုရား အသျှင်ပိဏ္ဍောလဘာရဒွါဇသည် “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု ငါ သိ၏”ဟူ၍အရဟတ္တဖိုလ်ကို ပြောကြားပါ၏။ အသျှင်ဘုရား အဘယ်အကျိုးထူးကို မြင်သဖြင့် အသျှင်ပိဏ္ဍောလဘာရဒွါဇသည် “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု ငါ သိ၏”ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြားပါသနည်းဟု့ (လျှောက်ကုန်၏)။
ရဟန်းတို့ ဣန္ဒြေသုံးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် ပိဏ္ဍောလဘာရဒွါဇရဟန်းသည် “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု ငါ သိ၏”ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြား၏။ အဘယ်သုံးပါးတို့နည်း၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့်တည်း။ ရဟန်းတို့ ဤဣန္ဒြေသုံးပါးတို့ကို ပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့်ပိဏ္ဍောလဘာရဒွါဇရဟန်းသည် “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကိုပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု ငါ သိ၏”ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြား၏။
ရဟန်းတို့ ဤဣန္ဒြေသုံးပါးတို့သည် အဘယ်အဆုံးရှိကုန်သနည်း၊ ကုန်ခြင်းအဆုံးရှိ၏။ အဘယ် တရား၏ကုန်ခြင်းအဆုံးရှိကုန်သနည်း၊ ပဋိသန္ဓေနေမှု အိုမှု သေမှု၏ ကုန်ခြင်းအဆုံးရှိကုန်၏။ ရဟန်းတို့”ပဋိသန္ဓေနေမှု အိုမှု သေမှု ကုန်ပြီ”ဟု ကောင်းစွာ သိမြင်သဖြင့် ပိဏ္ဍောလဘာရဒွါဇရဟန်းသည် “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု ငါ သိ၏”ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြား၏ဟု (မိန့်တော်မူ၏)။
နဝမသုတ်။