သံယုတ္တနိကာယ်—၅

၁ဝ—ဝဇိရာသုတ်

၁၇၁။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ ဝဇိရာဘိက္ခုနီမသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ဆောင်ယူပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်လေ၏၊ သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရာမှ ဖဲခဲ့ပြီးလျှင် အန္ဓဝန်တောသို့ နေ့သန့်စင်ခြင်းငှါ ချဉ်းကပ်၍ တစ်ခုသော သစ်ပင်ရင်း၌ ထိုင်နေ၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်သည် ဝဇိရာဘိက္ခုနီမအား ကြောက်ခြင်း၊ ထိတ်လန့်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေလို၍လည်းကောင်း၊ တည်ကြည်ခြင်းသမာဓိမှ ရွေ့လျော စေလို၍လည်းကောင်း ဝဇိရာဘိက္ခုနီမထံသို့ ချဉ်းကပ်ပြီးလျှင် ဂါထာဖြင့် ရွတ်ဆို၏ —

“အဘယ်သူသည် ဤသတ္တဝါကို ဖြစ်စေသနည်း၊ သတ္တဝါကို ပြုတတ်သူကား အဘယ်သူနည်း၊ အဘယ့်ကြောင့် ဤသတ္တဝါ ဖြစ်ပေါ်လာသနည်း၊ အဘယ့်ကြောင့် သတ္တဝါ ချုပ်သနည်း”ဟု ရွတ်ဆို၏။

“မာရ်နတ် သင်သည် အဘယ်ကို သတ္တဝါဟူ၍ ယုံကြည်ဘိသနည်း၊ သင့်အား မကောင်းသော အမြင်သည် အစဉ်လိုက်၏၊ ဤသတ္တဝါဟူသည် သင်္ခါရအစု သက် သက်သာတည်း၊ ဤသင်္ခါရအစု၌ သဘောအားဖြင့် သတ္တဝါဟူသည်ကို မရအပ်။

လှည်းသန်, ဝင်ရိုးစသော အင်္ဂါအစိတ်အပိုင်းတို့ ပေါင်းစုမိသောကြောင့် ‘ရထား’ ဟူ၍ ခေါ်ဝေါ်ပြောဆိုသော အသံ (သဒ္ဒါဝေါဟာရ) သည် ဖြစ်သကဲ့သို့ ထို့အတူ ခန္ဓာငါးပါးတို့ ထင်ရှားကုန်လတ်သော် ‘သတ္တဝါ’ဟူ၍ သမုတ်ခြင်း ဖြစ်၏။

ထိုစကား မှန်၏၊ (ခန္ဓာငါးပါးဟူသော) ဒုက္ခသည်သာလျှင် ဖြစ်၏၊ ဒုက္ခသည် တည်လည်း တည်၏၊ ပျက်လည်း ပျက်၏၊ (ခန္ဓာငါးပါးဟူသော) ဒုက္ခကို ဖယ်ထား ၍ ခန္ဓာငါးပါးဟူသော ဒုက္ခမှတစ်ပါး အခြားသော တရားသည် မဖြစ်၊ ဒုက္ခကို ဖယ်ထား၍ ခန္ဓာငါးပါးဟူသော ဒုက္ခမှတစ်ပါး အခြားသော တရားသည် မချုပ်”ဟု ပြန်ပြော၏။

ထိုအခါ ယုတ်မာသော မာရ်နတ်သည် “ဝဇိရာဘိက္ခုနီမသည် ငါ့ကို သိ၏”ဟု ဆင်းရဲခြင်း နှလုံး မသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။

ဘိက္ခုနီ သံယုတ်ပြီး၏။