သံယုတ္တနိကာယ်—၅၂
၁ — ရဟောဂတဝဂ်
၁ဝ — ဗာဠှဂိလာနသုတ်
၉ဝ၈။ အခါတစ်ပါး၌ အသျှင်အနုရုဒ္ဓါသည် သာဝတ္ထိပြည် အန္ဓဝန်တော၌ အနာရောဂါ နှိပ်စက်ရကားဆင်းရဲခြင်းသို့ ရောက်လျက် ပြင်းထန်စွာ မကျန်းမမာဖြစ်လျက် နေ၏။ ထိုအခါ များစွာကုန်သော ရဟန်းတို့သည် အသျှင်အနုရုဒ္ဓါထံသို့ ချဉ်းကပ်ကုန်၍ အသျှင်အနုရုဒ္ဓါအား အဘယ်နေခြင်းမျိုးဖြင့် နေသောအသျှင်အနုရုဒ္ဓါ၏ စိတ်ကို ဖြစ်ပေါ်လာကုန်သော ကိုယ်၌ စွဲကပ်သော ဆင်းရဲဝေဒနာတို့သည် သိမ်းယူ၍မတည်နိုင်ကုန်သနည်းဟု လျှောက်ကုန်၏။
ငါ့သျှင်တို့ သတိပဋ္ဌာန်လေးပါးတို့၌ ကောင်းစွာ တည်သော စိတ်ရှိသည် ဖြစ်၍ နေသော ငါ၏ စိတ် ကိုဖြစ်ပေါ်လာကုန်သော ကိုယ်၌ စွဲကပ်သော ဆင်းရဲဝေဒနာတို့သည် သိမ်းယူ၍ မတည်နိုင်ကုန်။ အဘယ်လေးပါးတို့နည်း၊
ငါ့သျှင်တို့ ဤသာသနာတော်၌ ငါသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
ငါ့သျှင်တို့ ဤသတိပဋ္ဌာန်လေးပါးတို့၌ ကောင်းစွာ တည်သော စိတ်ရှိသည် ဖြစ်၍ နေသော ငါ၏စိတ်ကို ဖြစ်ပေါ်လာကုန်သော ကိုယ်၌ စွဲကပ်သော ဆင်းရဲဝေဒနာတို့သည် သိမ်းယူ၍ မတည်နိုင်ကုန်ဟု (မိန့်ဆို၏)။
ဒသမသုတ်။
ရှေးဦးစွာသော ရဟောဂတဝဂ် ပြီး၏။