အင်္ဂုတ္တရနိကာယ်
၁၄-ဧတဒဂ္ဂ္ဂဝဂ် ၂- ဒုတိယဝဂ်
၁၉၈။ ရဟန်းတို့ စိတ်ဖြင့်ပြီးသော ကိုယ်ကို ဖန်ဆင်းတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် စူဠပန္ထကသည် ရှိ၏၊ ထို စူဠပန္ထကသည် အမြတ်ဆုံးပေတည်း။ (၁)
၁၉၉။ ရူပါဝစရဈာန်အရာ၌ ကျွမ်းကျင်လိမ္မာကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် စူဠပန္ထကသည် ရှိ၏၊ ထို စူဠပန္ထကသည် အမြတ်ဆုံးပေတည်း။ (၂)
၂ဝဝ။ အရူပါဝစရဈာန်အရာ၌ ကျွမ်းကျင်လိမ္မာကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် မဟာပန္ထကသည် ရှိ၏၊ ထို မဟာပန္ထကသည် အမြတ်ဆုံးပေတည်း။ (၃)
၂ဝ၁။ ကိလေသာကင်းသော နေခြင်းရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် သုဘူတိသည် ရှိ၏။ ထို သုဘူတိသည် အမြတ်ဆုံးပေတည်း။ (၄)
၂ဝ၂။ မြတ်သော အလှူကို ခံထိုက်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် သုဘူတိသည် ရှိ၏။ ထို သုဘူတိသည် အမြတ်ဆုံးပေတည်း။ (၅)
၂ဝ၃။ တောကျောင်း၌ နေကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ခဒိရဝနိယရေဝတသည် ရှိ၏၊ ထို ခဒိရဝနိယရေဝတသည် အမြတ်ဆုံးပေတည်း။ (၆)
၂ဝ၄။ ဈာန်၌ မွေ့လျော်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ကင်္ခါရေဝတသည် ရှိ၏၊ ထို ကင်္ခါရေဝတသည် အမြတ်ဆုံးပေတည်း။ (၇)
၂ဝ၅။ ထက်သန်သော လုံ့လရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် ကောဠိဝိသအနွယ်၌ ဖြစ်သော အကြင် သောဏသည် ရှိ၏၊ ထို သောဏသည် အမြတ်ဆုံးပေတည်း။ (၈)
၂ဝ၆။ ချိုသာသော စကားကို ပြောဆိုတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် ကုဋိကဏ္ဏ အမည်ရသော၁ အကြင် သောဏသည် ရှိ၏၊ ထို သောဏသည် အမြတ်ဆုံးပေတည်း။ (၉)
၂ဝ၇။ လာဘ်များခြင်းရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် သီဝလိသည် ရှိ၏၊ ထို သီဝလိသည် အမြတ်ဆုံးပေတည်း။ (၁ဝ)
၂ဝ၈။ သဒ္ဓါတရား အားကြီးကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ဝက္ကလိသည် ရှိ၏၊ ထို ဝက္ကလိသည် အမြတ်ဆုံးပေတည်း။ (၁၁)
ဒုတိယဝဂ် ပြီး၏။
၁။ လူဖြစ်စဉ်က တစ်ကုဋေတန်သော နားတန်ဆာကို ဝတ်ဆင်သောကြောင့် ဤအမည်ကို ရသည်။