အင်္ဂုတ္တရနိကာယ်

၁၄-ဧတဒဂ္ဂဝဂ် ၃-တတိယဝဂ်

၂ဝ၉။ ရဟန်းတို့ အကျင့်သိက္ခာကို လိုလားကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ရာဟုလာသည် ရှိ၏။ ထို ရာဟုလာသည် အမြတ်ဆုံးပေတည်း။ (၁)

၂၁ဝ။ သဒ္ဓါတရားဖြင့် ရဟန်းပြုကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ရဋ္ဌပါလသည် ရှိ၏။ ထို ရဋ္ဌပါလသည် အမြတ်ဆုံးပေတည်း။ (၂)

၂၁၁။ စာရေးတံမဲကို ပဌမရယူတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ကုဏ္ဍဓာနသည် ရှိ၏။ ထို ကုဏ္ဍဓာနသည် အမြတ်ဆုံးပေတည်း။ (၃)

၂၁၂။ ဆန်းကြယ်သော ဉာဏ် ‘ပဋိဘာန်’ ရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ဝင်္ဂီသသည် ရှိ၏။ ထို ဝင်္ဂီသသည် အမြတ်ဆုံးပေတည်း။ (၄)

၂၁၃။ ထက်ဝန်းကျင် ကြည်ညိုဖွယ်ရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် ဝင်္ဂန္တပုဏ္ဏား၏သား အကြင် ဥပသေနသည် ရှိ၏။ ထို ဥပသေနသည် အမြတ်ဆုံးပေတည်း။ (၅)

၂၁၄။ ကျောင်းအိပ်ရာနေရာ ခင်းကျင်းစီမံတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် မလ္လာမင်း၏သား အကြင် ဒဗ္ဗသည် ရှိ၏၊ ထို ဒဗ္ဗသည် အမြတ်ဆုံးပေတည်း။ (၆)

၂၁၅။ နတ်တို့ ချစ်ခင်မြတ်နိုးအပ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ပိလိန္ဒဝစ္ဆသည် ရှိ၏၊ ထို ပိလိန္ဒဝစ္ဆသည် အမြတ်ဆုံးပေတည်း။ (၇)

၂၁၆။ လျင်မြန်စွာရသော မဂ်ဖိုလ်အသိဉာဏ်ရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် ဗာဟိယတိုင်းသား အကြင် ဒါရုစီရိယသည် ရှိ၏၊ ထို ဒါရုစီရိယသည် အမြတ်ဆုံးပေတည်း။ (၈)

၂၁၇။ ဆန်းကြယ်စွာတရားဟောပြောတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ကုမာရကဿပသည် ရှိ၏၊ ထို ကုမာရကဿပသည် အမြတ်ဆုံးပေတည်း။ (၉)

၂၁၈။ ပဋိသမ္ဘိဒါလေးပါးသို့ ရောက်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် မဟာကောဋ္ဌိကသည် ရှိ၏၊ ထို မဟာကောဋ္ဌိကသည် အမြတ်ဆုံးပေတည်းဟု (မိန့်တော်မူ၏)။ (၁ဝ)

တတိယဝဂ် ပြီး၏။