အင်္ဂုတ္တရနိကာယ်

၂-နာထဝဂ်

၁-သေနာသနသုတ်

၁၁။ ရဟန်းတို့ အင်္ဂါငါးမျိုးတို့နှင့်ပြည့်စုံသော ရဟန်းသည် အင်္ဂါငါးမျိုးနှင့် ပြည့်စုံသော ကျောင်းကို မှီဝဲဆည်းကပ်ရသော် မကြာမီပင် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါမရှိသော လွတ့်မြောက်သော ‘အရဟတ္တဖိုလ်’စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ရောက်၍ နေရရာ၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အင်္ဂါငါးမျိုးနှင့် ပြည့်စုံသနည်း။ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် (၁) သဒ္ဓါတရားရှိ၏၊ “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်း ကြောင့်လည်း အရဟံ မည်တော်မူ၏။ပ။ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့် လည်း ဘဂဝါ မည်တော်မူ၏”ဟု မြတ်စွာဘုရား၏ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတ ဉာဏ်တော်ကို ယုံကြည်၏။ (၂) အနာကင်းသူ ဆင်းရဲကင်းသူ အစာကို အညီအမျှ ကြေကျက်စေတတ်သည့် မအေးလွန်း မပူလွန်းသော၊ ကမ္မဋ္ဌာန်းအားထုတ်ရန် ခံ့သော ဝမ်းမီးနှင့် ပြည့်စုံသူ ဖြစ်၏။ (၃) မစဉ်းလဲသူ မလှည့်ပတ်သူ ဆရာ၌သော်လည်းကောင်း၊ သိကြားလိမ္မာသော သီတင်းသုံး ဖော်တို့၌သော်လည်းကောင်းဟုတ်တိုင်းမှန်စွာ မိမိကိုယ်ကို ထင်စွာပြုတတ်သူ ဖြစ်၏။ (၄) အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့ကိုဖြစ်စေရန် ထက်သန်သော လုံ့လ ရှိသည်ဖြစ်၍ နေ၏၊ အားအစွမ်းနှင့် ပြည့်စုံ၏၊ မြဲမြံသော လုံ့လရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားသူ မဟုတ်။ (၅) ပညာရှိ၏၊ အဖြစ်အပျက်ကို သိသော၊ ကိလေသာတို့ကို ဖောက်ထွင်းနိုင်သော၊ ဒုက္ခ ကုန်ရာ နိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေနိုင်သော၊ မြတ်သော ပညာနှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံ။

ရဟန်းတို့ အဘယ်သို့လျှင် ကျောင်းသည်၏ အင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသနည်း။ ရဟန်းတို့ ဤ သာသနာတော်၌ (၁) ကျောင်းသည် ရွာနှင့် မဝေးလွန်း မနီးလွန်း ဖြစ်၏၊ အသွားအလာ လွယ်ကူ၏။ (၂) နေ့အခါ လူမပြွမ်း ညချမ်းအခါ အသံ တိတ်ဆိတ်၏၊ ဆူဆူညံညံ မရှိ။ (၃) မှက် ခြင် လေ နေပူ မြွေ ကင်းသန်းတို့၏ အတွေ့အထိ နည်းပါး၏။ (၄) ထိုကျောင်း၌နေသူ (ရဟန်း) အား သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်တို့သည် မငြိုငြင်သဖြင့် ဖြစ်ပေါ်ကုန်၏။ (၅) ထိုကျောင်း၌ အကြားအမြင်များကုန်သော၊ ပါဠိတော်ကို နှုတ်ငုံဆောင်ကုန်သော၊ (သုတ်, အဘိဓမ္မာ) တရားတော် ဝိနည်းတော်ကို ဆောင်ကုန်သော၊ ပါတိမောက်ကို ဆောင်ကုန်သော မထေရ်ကြီးတို့သည် နေကုန်၏၊ ထိုမထေရ်ကြီးတို့သို့ ရံခါ ရံခါ ချဉ်းကပ်၍ “အသျှင်ဘုရား ဤတရားကား အဘယ်သို့ပါနည်း၊ ဤတရား၏ အနက် (အဓိပ္ပါယ်)ကား အဘယ်သို့ ပါနည်း”ဟု မေးရ၏၊ ပြဿနာ လျှောက်ရ၏၊ ထိုရဟန်းအား ထိုအသျှင်မြတ်တို့သည် မဖွင့်သည်ကိုလည်း ဖွင့်ပြကုန်၏၊ မပေါ်လွင်သည်ကိုလည်း ပေါ်လွင်အောင် ပြုပေးကုန်၏၊ တစ်ပါးမက များစွာကုန်သော ယုံမှားကြောင်းတရားတို့၌ ယုံမှားခြင်းကို ပယ်ဖျောက် ပေးကုန်၏။ ရဟန်းတို့ ဤသို့လျှင် ကျောင်းသည် အင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံ၏။ ရဟန်းတို့ အင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသောကျောင်းကို မှီဝဲဆည်းကပ်ရသော် မကြာမီပင် အာသဝေါတို့၏ ကုန်ခြင်းကြောင့် အာသဝေါမရှိသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ရောက်၍ နေရရာ၏ဟု (မိန့်တော်မူခဲ့၏ )။

ပဌမသုတ်