အင်္ဂုတ္တရနိကာယ်

(၁၁) ၁-သမဏသညာဝဂ်

၁၁-ပဌမ အသေခသုတ်

၁၁၁။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား—“အသျှင်ဘုရား အသေခ အသေခဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ်မျှဖြင့် ရဟန်းသည် အသေခဖြစ်ပါသနည်း”ဟု လျှောက်၏။ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် အသေခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော မှန်ကန်သော အမြင်နှင့် ပြည့်စုံ၏၊ အသေခ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော မှန်ကန်သော အကြံအစည်နှင့် ပြည့်စုံ၏၊ အသေခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော မှန်ကန်သော စကားနှင့် ပြည့်စုံ၏၊ အသေခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော မှန်ကန်သော အလုပ်နှင့် ပြည့်စုံ၏၊ အသေခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော မှန်ကန်သော အသက်မွေးမှုနှင့် ပြည့်စုံ၏၊ အသေခ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော မှန်ကန်သော လုံ့လနှင့် ပြည့်စုံ၏၊ အသေခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော မှန်ကန်သော သတိနှင့် ပြည့်စုံ၏၊ အသေခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော မှန်ကန်သော သမာဓိနှင့် ပြည့်စုံ၏၊ အသေခ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော မှန်ကန်သော ဉာဏ်နှင့် ပြည့်စုံ၏၊ အသေခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော မှန်ကန်သော လွတ်မြောက်မှုနှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အသေခ အသေခပုဂ္ဂိုလ် ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဧကာဒသမသုတ်။