အင်္ဂုတ္တရနိကာယ်
(၁၂) ၂-ပစ္စောရောဟဏိဝဂ်
၃-တတိယ အဓမ္မသုတ်
၁၁၅။ ရဟန်းတို့ တရားမဟုတ်သည်ကိုလည်းကောင်း၊ တရားကိုလည်းကောင်း သိအပ်၏၊ အကျိုး မဲ့ကိုလည်းကောင်း၊ အကျိုးကိုလည်းကောင်း သိအပ်၏၊ တရားမဟုတ်သည်ကိုလည်းကောင်း၊ တရားကို လည်းကောင်း သိ၍ အကျိုးမဲ့ကိုလည်းကောင်း၊ အကျိုးကိုလည်းကောင်း သိ၍ တရားအားလျော်စွာ အကျိုးအားလျော်စွာ ကျင့်အပ်၏ဟု ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၍ နေရာမှ ထကာ ကျောင်းသို့ ဝင်တော်မူ၏။
ထို့နောက် မြတ်စွာဘုရားဖဲကြွ၍ မကြာမီ ထိုရဟန်းတို့အား—“ငါ့သျှင်တို့ မြတ်စွာဘုရားသည် ရဟန်းတို့ တရားမဟုတ်သည်ကိုလည်းကောင်း၊ တရားကိုလည်းကောင်း သိအပ်၏၊ အကျိုးမဲ့ကိုလည်းကောင်း၊ အကျိုးကိုလည်းကောင်း သိအပ်၏၊ တရားမဟုတ်သည်ကိုလည်းကောင်း၊ တရားကိုလည်းကောင်း သိ၍ အကျိုးမဲ့ကိုလည်းကောင်း၊ အကျိုးကိုလည်းကောင်း သိ၍ တရားအားလျော်စွာ အကျိုးအားလျော်စွာ ကျင့်ရမည်ဟူ၍ အကျဉ်းအားဖြင့် ညွှန်ပြချက်ကို ညွှန်ပြတော်မူ၍ အကျယ်အားဖြင့် အနက်ကို ဝေဖန်တော် မမူဘဲ နေရာမှ ထကာ ကျောင်းသို့ ဝင်တော်မူ၏။ အဘယ်သူသည် မြတ်စွာဘုရား အကျဉ်းအားဖြင့် ညွှန်ပြတော်မူ၍ အကျယ်အားဖြင့် အနက်ကို မဝေဖန်ရသေးသော ညွှန်ပြချက်ကို အကျယ်အားဖြင့် အနက် ကို ဝေဖန်နိုင်ရာသနည်း”ဟု အကြံဖြစ်၏။ ထို့နောက် ထိုရဟန်းတို့အား “ဤအသျှင်အာနန္ဒာကို မြတ်စွာဘုရားသည်လည်း ချီးမွမ်းတော်မူအပ်၏၊ သိနားလည်သော သီတင်းသုံးဖော်တို့သည်လည်း ချီးကျူးအပ်၏၊ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား အကျဉ်းအားဖြင့် ပြတော်မူ၍ အကျယ်အားဖြင့် အနက်ကို ဝေဖန်တော်မမူသော ဤညွှန်ပြချက်ကို အကျယ်အားဖြင့် အနက်ကို ဝေဖန်ရန် စွမ်းနိုင်၏၊ ငါတို့သည် အသျှင်အာနန္ဒာအထံသို့ ချဉ်းကပ်ကြ၍ အသျှင်အာနန္ဒာအား ထိုအနက်ကို မေးကြရမူ ငါတို့အား အသျှင်အာနန္ဒာ ဖြေဆိုသည့်အတိုင်းထိုအနက်ကို ဆောင်ကြရမူ ကောင်းလေစွ”ဟု အကြံဖြစ်ပြန်၏။ ထို့နောက် ထိုရဟန်းတို့သည် အသျှင်အာနန္ဒာအထံသို့ ချဉ်းကပ်ကြကာ အသျှင်အာနန္ဒာနှင့် အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသောနေရာ၌ ထိုင်နေကြကုန်လျက် အသျှင်အာနန္ဒာအား ငါ့သျှင်အာနန္ဒာ မြတ်စွာဘုရားသည် “တရားမဟုတ်သည်ကိုလည်းကောင်း။ပ။ အကျိုး အားလျော်စွာ ကျင့်အပ်၏”ဟု အကျဉ်းအားဖြင့် ညွှန်ပြချက်ကို ညွှန်ပြတော်မူ၍ အကျယ်အားဖြင့် အနက်ကို ဝေဖန်တော်မမူဘဲ နေရာမှ ထကာ ကျောင်းသို့ ဝင်တော်မူပါသည်။
ငါ့သျှင် မြတ်စွာဘုရား ဖဲကြွ၍ မကြာမီ ထိုငါတို့အား “ငါ့သျှင်တို့ မြတ်စွာဘုရားသည် ‘တရား မဟုတ်သည်ကိုလည်းကောင်း။ပ။ အကျိုးအားလျော်စွာ ကျင့်အပ်၏’ဟု ဤအကျဉ်းအားဖြင့် ညွှန်ပြချက်ကို ပြတော်မူ၍ အကျယ်အားဖြင့် အနက်ကို ဝေဖန်တော်မမူဘဲ နေရာမှ ထကာ ဖဲကြွတော်မူ၏၊ အဘယ်သူ သည် မြတ်စွာဘုရား အကျဉ်းညွှန်ပြတော်မူ၍ အကျယ်အားဖြင့် အနက်ကို ဝေဖန်တော်မမူသော ဤညွှန်ပြ ချက်ကို အကျယ်အားဖြင့် အနက်ကို ဝေဖန်နိုင်ရာသနည်း”ဟု အကြံဖြစ်ပြန်ပါသည်။
ငါ့သျှင် ထိုငါတို့အား “ဤအသျှင်အာနန္ဒာကို မြတ်စွာဘုရားသည်လည်း ချီးမွမ်းတော်မူအပ်၏၊ သိနားလည်သော သီတင်းသုံးဖော်တို့သည်လည်း ချီးကျူးအပ်၏၊ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား အကျဉ်းအားဖြင့် ညွှန်ပြတော်မူ၍ အကျယ်အားဖြင့် အနက်ကို ဝေဖန်တော်မမူသော ဤညွှန်ပြချက်ကို အကျယ်အားဖြင့် အနက်ကို ဝေဖန်ခြင်းငှါ စွမ်းနိုင်၏၊ ငါတို့သည် အသျှင်အာနန္ဒာအထံကို ချဉ်းကပ်၍ အသျှင်အာနန္ဒာအား ထိုအနက်ကို မေးကြရပါမူ ငါတို့အား အသျှင်အာနန္ဒာဖြေဆိုသည့်အတိုင်း ဆောင်ကြ ရမူ ကောင်းလေစွ”ဟု အကြံဖြစ်ပါ၏။ အသျှင်အာနန္ဒာသည် ဝေဖန်တော်မူပါလော့ဟု (လျှောက်ထားကုန်၏)။
ငါ့သျှင်တို့ အနှစ်ကိုအလိုရှိ၍ အနှစ်ကိုရှာမှီးလေ့ရှိသော ယောကျာ်းသည် အနှစ်ကိုရှာရန် လှည့်လည် လတ်သော် အနှစ်ရှိသည်ဖြစ်၍ တည်နေသော သစ်ပင်ကြီး၏ အမြစ်ကို ကျော်လွန်ကာပင် ပင်စည်ကို ကျော်လွန်ကာပင် အခက်အရွက်၌ အနှစ်ကို ရှာသင့်သည်ဟု မှတ်ထင်ရာသကဲ့သို့၊ ဤအတူပင် ဤ (ဥပမာ၏) ပြည့်စုံခြင်းသည် ဖြစ်၏၊ အသျှင်တို့သည် မြတ်စွာဘုရားမျက်မှောက် ဖြစ်တော်မူပါလျက် ထိုမြတ်စွာဘုရားကို ကျော်လွန်ကာ အကျွန်ုပ်တို့အား ထိုအနက်ကို မေးသင့်သည်ဟု မှတ်ထင်ကုန်ဘိ၏။ ငါ့သျှင်တို့ ထိုမြတ်စွာဘုရားသည် သိသင့်သည်ကို သိတော်မူ၏၊ မြင်သင့်သည်ကို မြင်တော်မူ၏၊ လူတို့၏ မျက်စိသဖွယ် ဖြစ်တော်မူ၏၊ ဉာဏ်သဖွယ် ဖြစ်တော်မူ၏၊ တရားတုံးတရားခဲ ဖြစ်တော်မူ၏၊ အမြတ်ဆုံး ဖြစ်တော်မူ၏၊ မိန့်ဆိုတော်မူတတ်၏၊ ဆုံးမတော်မူတတ်၏၊ အကျိုးကို ဆောင်တော်မူတတ်၏၊ အမြိုက် (နိဗ္ဗာန်) ကို ပေးတော်မူတတ်၏၊ တရားအရှင်ဖြစ်တော်မူ၏၊ ရှေးဘုရားတို့ အတူ လာတော်မူ၏၊ သင်တို့ သည် မြတ်စွာဘုရားသို့သာလျှင် ချဉ်းကပ်၍ ထိုအနက်ကို မေးကုန်ရာ၏။ သင်တို့အား မြတ်စွာဘုရား ဖြေဆိုတော်မူသည့်အတိုင်း ဆောင်ကုန်ရာ၏၊ ထိုမေးခြင်းဆောင်ခြင်း၏ အချိန်အခါပင်တည်းဟု (မိန့်ဆို၏)။
ငါ့သျှင်အာနန္ဒာ စင်စစ် မြတ်စွာဘုရားသည် သိသင့်သည်ကို သိတော်မူ၏၊ မြင်သင့်သည်ကို မြင်တော်မူ၏၊ မျက်စိသဖွယ်ဖြစ်တော်မူ၏၊ ဉာဏ်သဖွယ်ဖြစ်တော်မူ၏၊ တရားတုံးတရားခဲ ဖြစ်တော်မူ၏၊ အမြတ်ဆုံး ဖြစ်တော်မူ၏၊ မိန့်ဆိုတော်မူတတ်၏၊ ဆုံးမတော်မူတတ်၏၊ အကျိုးကို ဆောင်တော်မူတတ်၏၊ အမြိုက် (နိဗ္ဗာန်)ကို ပေးတော်မူတတ်၏၊ တရားအရှင်ဖြစ်တော်မူ၏၊ ရှေးဘုရားတို့ အတူ လာတော်မူ၏၊ အကျွန်ုပ်တို့သည် မြတ်စွာဘုရားသို့သာလျှင် ချဉ်းကပ်၍ ထိုအနက်ကို မေးကုန်ရာ၏။ အကျွန်ုပ်တို့အား မြတ်စွာဘုရား ဖြေဆိုတော်မူသည့်အတိုင်း ဆောင်ကုန်ရာ၏၊ ထိုမေးခြင်း ဆောင်ခြင်း၏ အချိန်အခါပင် ဖြစ်ပါ၏။ သို့ပါသော်လည်း အသျှင်အာနန္ဒာကို မြတ်စွာဘုရားသည်လည်း ချီးမွမ်းတော်မူအပ်ပါ၏၊ သိနားလည်သော သီတင်းသုံးဖော်တို့သည်လည်း ချီးကျူးအပ်ပါ၏၊ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား အကျဉ်းအားဖြင့် ညွှန်ပြတော်မူ၍ အကျယ်အားဖြင့်အနက်ကို ဝေဖန်တော်မမူသော ဤညွှန်ပြချက်ကို အကျယ်အားဖြင့် အနက်ကို ဝေဖန်ရန် စွမ်းနိုင်ပါ၏။ အသျှင်အာနန္ဒာသည် ဝန်မလေးဘဲ ဝေဖန်တော်မူပါ လော့ဟု (လျှောက်ကုန်၏)။
ငါ့သျှင်တို့ ထိုသို့ဖြစ်လျှင် နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောပေအံ့ဟု (မိန့်ဆို၏)။
“ငါ့သျှင် ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် အသျှင်အာနန္ဒာအား ပြန်ကြား လျှောက်ထားကုန်၏။ ထိုအခါ အသျှင်အာနန္ဒာသည် ဤစကားကို မိန့်ဆို၏—
ငါ့သျှင်တို့ မြတ်စွာဘုရားသည် “ရဟန်းတို့ တရားမဟုတ်သည်ကိုလည်းကောင်း၊ တရားကိုလည်းကောင်း သိအပ်၏၊ အကျိုးမဲ့ကိုလည်းကောင်း၊ အကျိုးကိုလည်းကောင်း သိအပ်၏၊ တရားမဟုတ်သည်ကို လည်းကောင်း၊ တရားကိုလည်းကောင်း သိ၍ အကျိုးမဲ့ကိုလည်းကောင်း၊ အကျိုးကိုလည်းကောင်း သိ၍ တရားအားလျော်စွာ အကျိုးအားလျော်စွာ ကျင့်အပ်၏”ဟု အကျဉ်းအားဖြင့် ညွှန်ပြချက်ကို ညွှန်ပြတော်မူကာ အကျယ်အားဖြင့် အနက်ကို ဝေဖန်တော်မမူဘဲ နေရာမှ ထကာ ကျောင်းသို့ ဝင်တော်မူ၏၊ ငါ့သျှင်တို့ တရားမဟုတ်ဟူသည် အဘယ်နည်း၊ တရားဟူသည် အဘယ်နည်း၊ အကျိုးမဲ့ဟူသည် အဘယ်နည်း၊ အကျိုးဟူသည် အဘယ်နည်း။
ငါ့သျှင်တို့ မှားယွင်းသော အမြင်သည် တရားမဟုတ်၊ မှန်ကန်သော အမြင်သည် တရားမည်၏။ မှားယွင်းသော အမြင်ဟူသော အကြောင်းကြောင့်လည်း များစွာကုန်သော ယုတ်ညံ့သော အကုသိုလ် တရားတို့သည် ဖြစ်ကုန်၏၊ ဤသည်ကား အကျိုးမဲ့တည်း။ မှန်ကန်သော အမြင်ဟူသော အကြောင်း ကြောင့်လည်း များစွာကုန်သော ကုသိုလ်တရားတို့သည် ပွါးများပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ ဤသည်ကား အကျိုးတည်း။
ငါ့သျှင်တို့ မှားယွင်းသော အကြံအစည်သည် တရားမဟုတ်၊ မှန်ကန်သော အကြံအစည်သည် တရားမည်၏။ ငါ့သျှင်တို့ မှားယွင်းသော စကားသည် တရားမဟုတ်၊ မှန်ကန်သော စကားသည် တရား မည်၏။ ငါ့သျှင်တို့ မှားယွင်းသော အလုပ်သည် တရားမဟုတ်၊ မှန်ကန်သော အလုပ်သည် တရား မည်၏။ ငါ့သျှင်တို့ မှားယွင်းသော အသက်မွေးမှုသည် တရားမဟုတ်၊ မှန်ကန်သော အသက်မွေးမှုသည် တရားမည်၏။ ငါ့သျှင်တို့ မှားယွင်းသော လုံ့လသည် တရားမဟုတ်၊ မှန်ကန်သော လုံ့လသည် တရား မည်၏။ ငါ့သျှင်တို့ မှားယွင်းသော သတိသည် တရားမဟုတ်၊ မှန်ကန်သော သတိသည် တရားမည်၏။ ငါ့သျှင်တို့ မှားယွင်းသော သမာဓိသည် တရားမဟုတ်၊ မှန်ကန်သော သမာဓိသည် တရားမည်၏။ ငါ့သျှင်တို့ မှားယွင်းသော ဉာဏ်သည် တရားမဟုတ်၊ မှန်ကန်သော ဉာဏ်သည် တရားမည်၏။ ငါ့သျှင်တို့ မှားယွင်းသော လွတ်မြောက်မှုသည် တရားမဟုတ်၊ မှန်ကန်သော လွတ်မြောက်မှုသည် တရားမည်၏။ မှားယွင်းသော လွတ်မြောက်မှုဟူသော အကြောင်းကြောင့်လည်း များစွာကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ဖြစ်ကုန်၏၊ ဤသည်ကား အကျိုးမဲ့တည်း။ မှန်ကန်သော လွတ် မြောက်မှုဟူသော အကြောင်းကြောင့်လည်း များစွာကုန်သော ကုသိုလ်တရားတို့သည် ပွါးများပြည့်စုံခြင်း သို့ ရောက်ကုန်၏၊ ဤသည်ကား အကျိုးတည်း။
ငါ့သျှင်တို့ မြတ်စွာဘုရားသည် “ရဟန်းတို့ တရားမဟုတ်သည်ကိုလည်းကောင်း၊ တရားကိုလည်းကောင်း သိအပ်၏။ပ။ အကျိုးအားလျော်စွာ ကျင့်အပ်၏”ဟု အကျဉ်းအားဖြင့် ညွှန်ပြချက်ကို ညွှန်ပြတော်မူကာ အကျယ်အားဖြင့် အနက်ကို ဝေဖန်တော်မမူဘဲ နေရာမှ ထကာ ကျောင်းသို့ ဝင်တော်မူ၏၊ ငါ့သျှင်တို့ ငါသည် မြတ်စွာဘုရား အကျဉ်းအားဖြင့် ညွှန်ပြတော်မူ၍ အကျယ်အားဖြင့် အနက်ကို ဝေဖန်တော် မမူသော ညွှန်ပြချက်ကို ဤသို့ အကျယ်အားဖြင့် အနက်ကို သိပါ၏။ ငါ့သျှင်တို့ သင်တို့သည် အလိုရှိကြ ပါမူ မြတ်စွာဘုရားသို့သာလျှင် ချဉ်းကပ်၍ ထိုအနက်ကို မေးလျှောက်ကုန်လော့၊ မြတ်စွာဘုရား ဖြေဆိုတော်မူသည့်အတိုင်း ထိုအနက်ကို ဆောင်ကုန်လော့ဟု (မိန့်ဆို၏)။
“ငါ့သျှင် ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် အသျှင်အာနန္ဒာ ဟောဆိုချက်ကို နှစ်သက့်ဝမ်းမြောက်ကြ၍ နေရာမှထကာ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ကြပြီးလျှင် ရှိခိုးပြီး၍ တစ်ခုသောနေရာ၌ ထိုင်နေကြလျက် မြတ်စွာဘုရားအား— (အသျှင်ဘုရား) အကျွန်ုပ်တို့အား မြတ်စွာဘုရားသည် “ရဟန်းတို့ တရားမဟုတ်သည်ကိုလည်းကောင်း၊ တရားကိုလည်းကောင်း သိအပ်၏။ပ။ အကျိုးအား လျော်စွာ ကျင့်အပ်၏”ဟု အကျဉ်းအားဖြင့် ညွှန်ပြချက်ကို ညွှန်ပြတော်မူကာ အကျယ်အားဖြင့် အနက်ကို ဝေဖန်တော်မမူဘဲ နေရာမှထကာ ကျောင်းသို့ ဝင်တော်မူပါ၏။ အသျှင်ဘုရား ထိုအကျွန်ုပ်တို့အား မြတ်စွာဘုရား ဖဲကြွ၍ မကြာမီ “ငါ့သျှင်တို့ ငါတို့အား မြတ်စွာဘုရားသည် ‘ရဟန်းတို့ တရားမဟုတ်သည်ကိုလည်းကောင်း၊ တရားကိုလည်းကောင်း သိအပ်၏။ပ။ အကျိုးအားလျော်စွာ ကျင့်အပ်၏’ဟု အကျဉ်းအားဖြင့် ညွှန်ပြချက်ကို ညွှန်ပြတော်မူကာ အကျယ်အားဖြင့် အနက်ကို ဝေဖန်တော်မမူဘဲ နေရာမှ ထကာ ကျောင်းသို့ ဝင်တော်မူ၏၊ အဘယ်သူသည် မြတ်စွာဘုရား အကျဉ်းအားဖြင့် ညွှန်ပြတော်မူ၍ အကျယ်အားဖြင့် အနက်ကို ဝေဖန်တော်မမူသော ဤညွှန်ပြချက်ကို အကျယ်အားဖြင့် အနက်ကို ဝေဖန်နိုင်ရာသနည်း”ဟု အကြံဖြစ်ပါ၏။ အသျှင်ဘုရား ထိုအကျွန်ုပ်တို့အား— “ဤအသျှင်အာနန္ဒာကို မြတ်စွာဘုရားလည်း ချီးမွမ်းတော်မူအပ်၏၊ သိနားလည်သော သီတင်းသုံးဖော်တို့သည်လည်း ချီးကျူးအပ်၏၊ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား အကျဉ်းအားဖြင့် ညွှန်ပြတော်မူ၍ အကျယ်အားဖြင့် အနက်ကို ဝေဖန်တော်မမူသော ဤညွှန်ပြချက် ကို အကျယ်အားဖြင့် အနက်ကို ဝေဖန်ရန် စွမ်းနိုင်၏၊ ငါတို့သည် အသျှင်အာနန္ဒာအထံသို့ ချဉ်းကပ်ကြ၍ အသျှင်အာနန္ဒာအား ဤအနက်ကို မေးကြရမူ ငါတို့အား အသျှင်အာနန္ဒာ ဖြေဆိုသည့်အတိုင်း ဆောင်ကြရမူ ကောင်းလေစွ”ဟု အကြံဖြစ်ပြန်ပါ၏။ အသျှင်ဘုရား ထို့နောက် အကျွန်ုပ်တို့သည် အသျှင်အာနန္ဒာအထံသို့ ချဉ်းကပ်ကြ၍ ထိုအနက်ကို မေးကြပါ၏၊ အသျှင်ဘုရား ထိုအကျွန်ုပ်တို့အား အသျှင်အာနန္ဒာသည် ဤအခြင်းအရာတို့ဖြင့် ဤပုဒ်တို့ဖြင့် ဤသဒ္ဒါတို့ဖြင့် အနက်ကို ကောင်းစွာ ဝေဖန်ပါ၏ဟု လျှောက်ထားကြကုန်၏။ ရဟန်းတို့ ကောင်းပေစွ၊ ကောင်းပေစွ၊ ရဟန်းတို့ အာနန္ဒာသည် ပညာရှိ၏၊ အာနန္ဒာသည် ကြီးသော ပညာရှိ၏။ ရဟန်းတို့ သင်တို့သည် ငါ့ကို ချဉ်းကပ်၍ ဤအနက်ကို မေးကြလျှင်လည်း ငါသည်လည်း ထိုအနက်ကို အာနန္ဒာ ဖြေဆိုသကဲ့သို့သာ ဖြေဆိုရာ၏၊ ထိုစကား၏ အနက်ကား ဤသည် ပင်တည်း၊ ထိုအနက်ကို ဤသို့သာ မှတ်ဆောင်ထားကုန်ရာ၏ဟု (မိန့်တော်မူ၏)။
တတိယသုတ်။