အင်္ဂုတ္တရနိကာယ်

(၁၂) ၂-ပစ္စောရောဟဏိဝဂ်

၄-အဇိတသုတ်

၁၁၆။ ထိုအခါ အဇိတပရိဗိုဇ်သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် တစ်ခုသောနေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား— အသျှင်ဂေါတမ အကျွန်ုပ်တို့အား ပဏ္ဍိတမည်သော သီတင်းသုံးဖော်သည် ရှိပါ၏၊ ထိုသူသည် စိတ်ဖြစ်ပုံ ငါးရာတို့ကို ကြံစည်အပ်ကုန်၏၊ ယင်းကြံစည်ချက်တို့ဖြင့် အခြားအယူရှိသူတို့သည် အနှိပ်စက်ခံကြရ၍ ငါတို့ အနှိပ်စက်ခံကြရသည်ဟု သိကြပါကုန်၏ဟု လျှောက်၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့ ပညာရှိဖြစ်ခြင်း၏ အကြောင်း ‘ပဏ္ဍိတ ဝတ္ထု’တို့ကို ဆောင်ကုန်လော့”ဟု မိန့်တော်မူ၏။ မြတ်စွာဘုရားသည် အကြင်တရားကို ဟောတော်မူရာ၏၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား ထိုတရားကို ဟောတော်မူရာ အခါပါတည်း၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ထိုတရားကို ဟောတော်မူရာ အခါပါတည်း၊ မြတ်စွာဘုရားထံမှ ကြားနာရ၍ ရဟန်းတို့သည် ဆောင်ထားကြပါကုန်လိမ့်မည်ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ထိုသို့ဖြစ်လျှင် နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောပေအံ့ဟု့(မိန့်တော်မူ၏)။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။

ရဟန်းတို့ ဤလောက၌ အချို့သောသူသည် တရားမဲ့ အယူဝါဒဖြင့် တရားမဲ့ အယူဝါဒကို အလွန် ဖိ၏၊ အလွန်နှိပ်၏၊ ထိုအယူဝါဒဖြင့်လည်း တရားမဲ့သော ပရိသတ်ကို တပ်စွန်းစေ၏၊ ထိုအယူဝါဒဖြင့် ထိုတရားမဲ့သော ပရိသတ်သည် “အချင်းတို့ ပညာရှိစွတကား၊ အချင်းတို့ ပညာရှိစွတကား”ဟု ပြင်းပြ ကျယ်လောင်သော အသံ ရှိ၏။ ရဟန်းတို့ ဤလောက၌ အချို့သောသူသည် တရားမဲ့ အယူဝါဒဖြင့် တရားရှိ အယူဝါဒကို အလွန် ဖိ၏၊ အလွန်နှိပ်၏၊ ထိုအယူဝါဒဖြင့်လည်း တရားမဲ့သော ပရိသတ်ကို တပ်စွန်းစေ၏၊ ထိုအယူဝါဒဖြင့် ထိုတရားမဲ့သော ပရိသတ်သည် “အချင်းတို့ ပညာရှိစွတကား၊ အချင်းတို့ ပညာရှိစွတကား”ဟု ပြင်းပြ ကျယ်လောင်သော အသံ ရှိ၏။ ရဟန်းတို့ ဤလောက၌ အချို့သောသူသည် တရားမဲ့ အယူဝါဒဖြင့် တရားရှိ အယူဝါဒကိုလည်းကောင်း၊ တရားမဲ့ အယူဝါဒကိုလည်းကောင်း အလွန်ဖိ၏၊ အလွန်နှိပ်၏၊ ထိုအယူဝါဒဖြင့်လည်း တရား မဲ့သော ပရိသတ်ကို တပ်စွန်းစေ၏၊ ထိုအယူဝါဒဖြင့် ထိုတရားမဲ့သော ပရိသတ်သည် “အချင်းတို့ ပညာရှိစွ တကား၊ အချင်းတို့ ပညာရှိစွတကား”ဟု ပြင်းပြကျယ်လောင်သော အသံ ရှိ၏။ ရဟန်းတို့ တရားမဟုတ်သည်ကိုလည်းကောင်း၊ တရားကိုလည်းကောင်း သိအပ်၏၊ ရဟန်းတို့ အကျိုးမဲ့ကိုလည်းကောင်း၊ အကျိုးကိုလည်းကောင်း သိအပ်၏၊ တရားမဟုတ်သည်ကိုလည်းကောင်း၊ တရားကိုလည်းကောင်း သိ၍ အကျိုးမဲ့ကိုလည်းကောင်း၊ အကျိုးကိုလည်းကောင်း သိ၍ တရားအား လျော်စွာ အကျိုးအားလျော်စွာ ကျင့်အပ်၏။ ရဟန်းတို့ တရားမဟုတ်ဟူသည် အဘယ်နည်း၊ တရားဟူသည် အဘယ်နည်း၊ အကျိုးမဲ့ဟူသည် အဘယ်နည်း၊ အကျိုးဟူသည် အဘယ်နည်း။ ရဟန်းတို့ မှားယွင်းသော အမြင်သည် တရားမဟုတ်၊ မှန်ကန်သော အမြင်သည် တရားမည်၏။ မှားယွင်းသော အမြင်ဟူသော အကြောင်းကြောင့် များစွာကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ဖြစ်ကုန်၏၊ ဤသည်ကား အကျိုးမဲ့တည်း။ မှန်ကန်သော အမြင်ဟူသော အကြောင်းကြောင့် များစွာကုန်သော ကုသိုလ်တရားတို့သည် ဖြစ်ကုန်၏၊ ဤသည်ကား အကျိုးတည်း။

ရဟန်းတို့ မှားယွင်းသော အကြံအစည်သည် တရားမဟုတ်၊ မှန်ကန်သော အကြံအစည်သည် တရား မည်၏။ ရဟန်းတို့ မှားယွင်းသော စကားသည် တရားမဟုတ်၊ မှန်ကန်သော စကားသည် တရားမည်၏။ ရဟန်းတို့ မှားယွင်းသော အလုပ်သည် တရားမဟုတ်၊ မှန်ကန်သော အလုပ်သည် တရား မည်၏။ ရဟန်းတို့ မှားယွင်းသော အသက်မွေးမှုသည် တရားမဟုတ်၊ မှန်ကန်သော အသက်မွေးမှုသည် တရားမည်၏။ ရဟန်းတို့ မှားယွင်းသော လုံ့လသည် တရားမဟုတ်၊ မှန်ကန်သော လုံ့လသည် တရား မည်၏။ ရဟန်းတို့ မှားယွင်းသော သတိသည် တရားမဟုတ်၊ မှန်ကန်သော သတိသည် တရားမည်၏။ ရဟန်းတို့ မှားယွင်းသော သမာဓိသည် တရားမဟုတ်၊ မှန်ကန်သော သမာဓိသည် တရားမည်၏။ ရဟန်းတို့ မှားယွင်းသော ဉာဏ်သည် တရားမဟုတ်၊ မှန်ကန်သော ဉာဏ်သည် တရားမည်၏။ ရဟန်းတို့ မှားယွင်းသော လွတ်မြောက်မှုသည် တရားမဟုတ်၊ မှန်ကန်သော လွတ်မြောက်မှုသည် တရား မည်၏။ မှားယွင်းသော လွတ်မြောက်မှုဟူသောအကြောင်းကြောင့် များစွာကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ဖြစ်ကုန်၏၊ ဤသည်ကား အကျိုးမဲ့တည်း။ မှန်ကန်သော လွတ်မြောက်မှုဟူသော အကြောင်းကြောင့် များစွာကုန်သော ကုသိုလ်တရားတို့သည် ပွါးများပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ ဤသည်ကား အကျိုးတည်း။

“ရဟန်းတို့ တရားမဟုတ်သည်ကိုလည်းကောင်း၊ တရားကိုလည်းကောင်း သိအပ်၏၊ အကျိုးမဲ့ကို လည်းကောင်း၊ အကျိုးကိုလည်းကောင်း သိအပ်၏၊ တရားမဟုတ်သည်ကိုလည်းကောင်း၊ တရားကိုလည်းကောင်း သိ၍ အကျိုးမဲ့ကိုလည်းကောင်း၊ အကျိုးကိုလည်းကောင်း သိ၍ တရားအားလျော်စွာ အကျိုး အားလျော်စွာ ကျင့်ရမည်”ဟု ဆိုခဲ့သော စကားကို ဤသည်ကို စွဲ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။