အင်္ဂုတ္တရနိကာယ်
၂-နာထဝဂ်
၈-ဒုတိယ နာထသုတ်
၁၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် — အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု ခေါ်တော်မူ၏။ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။
ရဟန်းတို့ မှီခိုရာရှိသည်ဖြစ်၍ နေကြကုန်လော့၊ မှီခိုရာမရှိဘဲ မနေကြကုန်လင့်။ ရဟန်းတို့ မှီခိုရာ မရှိသူသည် ဆင်းရဲစွာ နေရ၏။ ရဟန်းတို့ ဤသည်တို့ကား မှီခိုရာကို ပြုတတ်သော တရားဆယ်မျိုးတို့တည်း။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏။ပ။ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏။ “ဤရဟန်းသည် သီလရှိပေ၏တကား ပါတိမောက္ခသံဝရသီလကိုစောင့်စည်း လျက် နေ၏တကား၊ အကျင့် ‘အာစာရ’ ကျက်စားရာ ‘ဂေါစရ’နှင့်ပြည့်စုံပေ၏တကား၊ အနည်းငယ် မျှသော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလျက် သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်ပေ၏တကား”ဟု မထေရ်ကြီးရဟန်းတို့ကလည်း ထိုရဟန်းကို ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကြကုန်၏၊ သီတင်းလတ် ရဟန်းတို့ကလည်း။ သီတင်းငယ် ရဟန်းတို့ကလည်း ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင် ကြကုန်၏၊ မထေရ်ကြီးတို့ အစဉ်သနားသော၊ သီတင်းလတ်တို့ အစဉ်သနားသော၊ သီတင်းငယ်တို့ အစဉ်သနားသော ထိုရဟန်းအား ကုသိုလ်တရားတို့၌ တိုးပွားမှုသာ (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့် နိုင်၏၊ ဆုတ်ယုတ်မှု (ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။ ဤသည်လည်း မှီခိုရာကို ပြုတတ်သော တရားပေတည်း။ (၁)
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် အကြားအမြင်များ၏။ပ။ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိ၏၊ “ရဟန်းသည် အကြားအမြင်များပေ၏တကား၊ အကြားအမြင်ကို ဆောင်ပေ၏တကား၊ အကြားအမြင်ကို ဆည်းပူးပေ၏တကား၊ အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်း ရှိ၍ အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သောအကျင့်ကို ပြတတ်သော သဘောရှိသော တရားတို့ကို ထိုရဟန်းသည် များစွာ သင်ကြားအပ်ကုန်၏၊ ဆောင်ထားအပ်ကုန်၏၊ နှုတ်ဖြင့် လေ့လာအပ်ကုန်၏၊ စိတ်ဖြင့် အဖန်ဖန် ဆင်ခြင်အပ်ကုန်၏၊ ပညာဖြင့်ကောင်းစွာ ထိုးထွင်း၍ သိအပ်ကုန်၏တကား”ဟု မထေရ်ကြီးရဟန်းတို့ကလည်း ထိုရဟန်းကို ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကုန်၏၊ သီတင်းလတ် ရဟန်းတို့ကလည်း။ သီတင်းငယ် ရဟန်းတို့ကလည်း ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကုန်၏၊ မထေရ်ကြီးတို့ အစဉ်သနားသော၊ သီတင်းလတ်တို့ အစဉ်သနားသော၊ သီတင်းငယ်တို့ အစဉ်သနားသော ထိုရဟန်းအား ကုသိုလ်တရားတို့၌ တိုးပွားမှုသာ (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့်နိုင်၏၊ ဆုတ်ယုတ်မှု (ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။ ဤသည်လည်း မှီခိုရာကို ပြုတတ်သော တရားပေတည်း။ (၂)
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် အဆွေခင်ပွန်းကောင်းရှိ၏၊ အပေါင်းအဖော်ကောင်း ရှိ၏၊ အဆွေခင်ပွန်းကောင်း၌ ကိုင်းညွတ်၏၊ “ဤရဟန်းသည် အဆွေခင်ပွန်းကောင်း ရှိပေ၏တကား၊ အပေါင်းအဖော်ကောင်း ရှိပေ၏တကား၊ အဆွေခင်ပွန်းကောင်း၌ ကိုင်းညွတ်ပေ၏တကား”ဟု မထေရ်ကြီးရဟန်းတို့ကလည်း ထိုရဟန်းကို ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကုန်၏၊ သီတင်းလတ် ရဟန်းတို့ ကလည်း။ သီတင်းငယ်ရဟန်းတို့ကလည်း ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကုန်၏၊ မထေရ်ကြီးတို့ အစဉ်သနားသော၊ သီတင်းလတ်တို့ အစဉ်သနားသော၊ သီတင်းငယ်တို့ အစဉ်သနားသော ထိုရဟန်းအား ကုသိုလ်တရားတို့၌ တိုးပွါးမှုသာ (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့်နိုင်၏၊ ဆုတ်ယုတ်မှု (ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။ ဤသည်လည်း မှီခိုရာကို ပြုတတ်သော တရားပေတည်း။ (၃)
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ဆိုဆုံးမလွယ်၏၊ ဆိုဆုံးမလွယ်ကြောင်းဖြစ်သော တရားတို့နှင့် ပြည့်စုံ၏၊ သည်းခံ၏၊ အဆုံးအမကို အရိုအသေ ခံယူတတ်၏။ “ဤရဟန်းသည် ဆိုဆုံးမ လွယ်ပေ၏တကား၊ ဆိုဆုံးမလွယ်ကြောင်း တရားတို့နှင့် ပြည့်စုံပေ၏တကား၊ သည်းခံပေ၏ တကား၊ အဆုံးအမကို ရိုသေစွာ ခံယူတတ်ပေ၏တကား”ဟု မထေရ်ကြီး ရဟန်းတို့ကလည်း ထိုရဟန်းကို ပြောဆို သင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကုန်၏၊ သီတင်းလတ် ရဟန်းတို့ကလည်း။ သီတင်းငယ် ရဟန်းတို့က လည်း ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကုန်၏၊ မထေရ်ကြီးတို့ အစဉ်သနားသော၊ သီတင်းလတ်တို့ အစဉ်သနားသော၊ သီတင်းငယ်တို့ အစဉ်သနားသော ထိုရဟန်းအား ကုသိုလ်တရားတို့၌ တိုးပွားမှု သာ (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့်နိုင်၏၊ ဆုတ်ယုတ်မှု (ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။ ဤသည် လည်း မှီခိုရာကို ပြုတတ်သော တရားပေတည်း။ (၄)
ရဟန်းတို့ နောက်တစ်မျိုးကား သီတင်းသုံးဖော်တို့၏ အသို့ပြုရမည်နည်းဟု ဆို၍ ပြုအပ်သော အယုတ်အမြတ်ဖြစ်သော အမှုကိစ္စတို့၌ လိမ္မာ၏၊ ပျင်းရိခြင်း မရှိ၊ ထိုအမှုကိစ္စ၌ အကြောင်းကို စူးစမ်းသော ပညာနှင့် ပြည့်စုံ၏၊ ပြုလုပ်ရန် စွမ်းနိုင်၏၊ စီရင်ရန် စွမ်းနိုင်၏။ “ဤရဟန်းသည် သီတင်းသုံး ဖော်တို့၏ အသို့ပြုရမည်နည်းဟု ဆို၍ ပြုအပ်သော အယုတ်အမြတ် ပြုအပ်သော ကိစ္စတို့၌ လိမ္မာ၏ တကား၊ ပျင်းရိခြင်း မရှိပေတကား၊ ထိုအမှုကိစ္စ၌ အကြောင်းကို စူးစမ်းသော ပညာနှင့်ပြည့်စုံပေ၏ တကား၊ ပြုလုပ်ရန် စွမ်းနိုင်ပေ၏တကား၊ စီရင်ရန် စွမ်းနိုင်ပေ၏တကား”ဟု မထေရ်ကြီး ရဟန်းတို့က လည်း ထိုရဟန်းကို ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကုန်၏၊ သီတင်းလတ် ရဟန်းတို့ကလည်း၊ သီတင်းငယ်ရဟန်းတို့ကလည်း ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကုန်၏၊ မထေရ်ကြီးတို့ အစဉ် သနားသော၊ သီတင်းလတ်တို့ အစဉ်သနားသော၊ သီတင်းငယ်တို့ အစဉ်သနားသော ထိုရဟန်းအား ကုသိုလ်တရားတို့၌ တိုးပွားမှုသာ (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့်နိုင်၏၊ ဆုတ်ယုတ်မှု (ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။ ဤသည်လည်း မှီခိုရာကို ပြုတတ်သော တရားပေတည်း။ (၅)
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် တရားတော်ကို အလိုရှိ၏၊ ချစ်ဖွယ်ကို ပြောတတ်၏၊ လွန်မြတ်သော သုတ် အဘိဓမ္မာ ဝိနည်းတရားတို့၌ များစွာ မြတ်နိုးခြင်းရှိ၏။ “ဤရဟန်းသည် တရားတော်ကို အလိုရှိပေ၏တကား၊ ချစ်ဖွယ်ကို ပြောဆိုတတ်ပေ၏တကား၊ လွန်မြတ်သော သုတ် အဘိဓမ္မာ ဝိနည်းတရားတို့၌ များစွာ မြတ်နိုးခြင်းရှိပေ၏တကား”ဟု မထေရ်ကြီးရဟန်းတို့ကလည်း ထိုရဟန်းကို ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကုန်၏၊ သီတင်းလတ်ရဟန်းတို့ကလည်း။ သီတင်းငယ်ရဟန်းတို့ကလည်း ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကုန်၏၊ မထေရ်ကြီးတို့ အစဉ် သနားသော၊ သီတင်းလတ်တို့ အစဉ်သနားသော၊ သီတင်းငယ်တို့ အစဉ်သနားသော ထိုရဟန်းအား ကုသိုလ်တရားတို့၌ တိုးပွားမှုသာ (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့်နိုင်၏၊ ဆုတ်ယုတ်မှု (ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။ ဤသည်လည်း မှီခိုရာကို ပြုတတ်သော တရားပေတည်း။(၆)
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့နှင့် ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိသည်ဖြစ်၍ နေ၏၊ အားအစွမ်းရှိ၏၊ မြဲမြံသော လုံ့လရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားခြင်းမရှိ။ “ဤရဟန်းသည် အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့နှင့် ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိသည်ဖြစ်၍ နေပေ၏တကား၊ အားအစွမ်း ရှိပေ၏ တကား၊ မြဲမြံသော လုံ့လရှိပေ၏တကား၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားခြင်း မရှိပေစွတကား”ဟု မထေရ်ကြီးရဟန်းတို့ကလည်း ထိုရဟန်းကို ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကုန်၏၊ သီတင်းလတ်ရဟန်းတို့ကလည်း။ သီတင်းငယ်ရဟန်းတို့ကလည်း ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကုန်၏၊ မထေရ်ကြီးတို့ အစဉ်သနားသော၊ သီတင်းလတ်တို့ အစဉ်သနားသော၊ သီတင်းငယ်တို့ အစဉ်သနားသော ထိုရဟန်းအား ကုသိုလ်တရားတို့၌ တိုးပွားမှုသာ (မချွတ်ဖြစ်လိမ့် မည်ဟု) မျှော်လင့်နိုင်၏၊ ဆုတ်ယုတ်မှု (ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။ ဤသည်လည်း မှီခိုရာကို ပြုတတ်သော တရားပေတည်း။ (၇)
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ရတတ်သမျှသော သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအဆောက်အဦဖြင့် ရောင့်ရဲ၏။ “ဤရဟန်းသည် ရတတ်သမျှသော သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအဆောက်အဦဖြင့် ရောင့်ရဲပေ၏တကား”ဟု မထေရ်ကြီး ရဟန်းတို့ကလည်း ထိုရဟန်းကို ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကုန်၏၊ သီတင်းလတ်ရဟန်းတို့က လည်း။ သီတင်းငယ်ရဟန်းတို့ကလည်း ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကုန်၏၊ မထေရ်ကြီးတို့ အစဉ်သနားသော၊ သီတင်းလတ်တို့ အစဉ်သနားသော၊ သီတင်းငယ်တို့ အစဉ်သနားသော ထိုရဟန်းအား ကုသိုလ်တရားတို့၌ တိုးပွားမှုသာ (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့်နိုင်၏၊ ဆုတ်ယုတ်မှု (ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။ ဤသည်လည်း မှီခိုရာကို ပြုတတ်သော တရားပေတည်း။ (၈)
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် သတိနှင့် ပြည့်စုံ၏၊ လွန်ကဲရင့်ကျက်သော သတိနှင့် ပြည့်စုံ၏၊ ကြာမြင့်စွာက ပြုပြီးသော အလုပ်ကိုလည်းကောင်း၊ ကြာမြင့်စွာက ပြောပြီးသော စကားကို လည်းကောင်း အောက်မေ့နိုင်၏၊ အဖန်တလဲလဲ အောက်မေ့နိုင်၏။ “ဤရဟန်းသည် သတိနှင့် ပြည့်စုံပေ၏တကား၊ လွန်ကဲ ရင့်ကျက်သော သတိနှင့် ပြည့်စုံပေ၏တကား၊ ကြာမြင့်စွာက ပြုပြီးသော အလုပ်ကိုလည်းကောင်း၊ ကြာမြင့်စွာက ပြောပြီးသော စကားကိုလည်းကောင်း အောက်မေ့နိုင်ပေ၏တကား၊ အဖန်တလဲလဲ အောက်မေ့နိုင်ပေ၏တကား”ဟု မထေရ်ကြီးရဟန်းတို့ကလည်း ထိုရဟန်းကို ပြောဆို သင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကုန်၏၊ သီတင်းလတ် ရဟန်းတို့ကလည်း။ သီတင်းငယ်ရဟန်းတို့က လည်း ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကုန်၏၊ မထေရ်ကြီးတို့ အစဉ်သနားသော၊ သီတင်း လတ်တို့ အစဉ်သနားသော၊ သီတင်းငယ်တို့ အစဉ်သနားသော ထိုရဟန်းအား ကုသိုလ်တရားတို့၌ တိုးပွားမှုသာ (မချွတ်ဖြစ်ရလိမ့်မည်ဟု) မျှော်လင့်နိုင်၏၊ ဆုတ်ယုတ်မှု (ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။ ဤသည်လည်း မှီခိုရာကို ပြုတတ်သော တရားပေတည်း။ (၉)
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ပညာရှိ၏။ အဖြစ်အပျက်ကိုသိသော၊ ကိလေသာကို ဖောက်ခွဲနိုင်သော၊ ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေတတ်သော၊ မြတ်သော ပညာနှင့် ပြည့်စုံ၏။ “ဤရဟန်းသည် ပညာရှိပေ၏တကား။ အဖြစ်အပျက်ကို သိသော၊ ကိလေသာကို ဖောက်ခွဲ နိုင်သော၊ ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေတတ်သော၊ မြတ်သော ပညာနှင့် ပြည့်စုံပေ၏ တကား”ဟု မထေရ်ကြီးရဟန်းတို့ကလည်း ထိုရဟန်းကို ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကုန်၏၊ သီတင်းလတ် ရဟန်းတို့ကလည်း။ သီတင်းငယ်ရဟန်းတို့ကလည်း ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကုန်၏၊ မထေရ်ကြီးတို့ အစဉ်သနားသော၊ သီတင်းလတ်တို့ အစဉ်သနားသော၊ သီတင်းငယ်တို့ အစဉ်သနားသော ထိုရဟန်းအား ကုသိုလ်တရားတို့၌ တိုးပွားမှုသာ (မချွတ်ဖြစ်ရလိမ့်မည်ဟု) မျှော်လင့်နိုင်၏၊ ဆုတ်ယုတ်မှု (ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။ ဤသည်လည်း မှီခိုရာကို ပြုတတ်သော တရားပေတည်း။ (၁ဝ)
ရဟန်းတို့ မှီခိုရာ ရှိသည်ဖြစ်၍ နေကြကုန်လော့၊ မှီခိုရာ မရှိဘဲ မနေကြကုန်လင့်။ ရဟန်းတို့ မှီခိုရာ မရှိသူသည် ဆင်းရဲစွာ နေရ၏၊ ရဟန်းတို့ ဤသည်တို့ကား မှီခိုရာကို ပြုတတ်သော တရား ဆယ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူ၏။
ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို နှစ်လိုကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန်သတည်း။
အဋ္ဌမသုတ်။