အင်္ဂုတ္တရနိကာယ်

(၆) ၁-သစိတ္တဝဂ်

၂-သာရိပုတ္တသုတ်

၅၂။ ထိုအခါ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို “ငါ့သျှင် ရဟန်းတို့”ဟု ခေါ်တော်မူ၏။ “ငါ့သျှင်”ဟု ထိုရဟန်းတို့က အသျှင်သာရိပုတြာအား ပြန်ကြားလျှောက်ထားကုန်၏။ အသျှင်သာရိပုတြာ သည် ဤစကားကို မိန့်ဆို၏—

ငါ့သျှင်တို့ ရဟန်းသည် အကယ်၍ သူတစ်ပါးစိတ်ဖြစ်ပုံ၌ လိမ္မာသူမဖြစ်ခဲ့သော် “(ငါသည်) မိမိစိတ် ဖြစ်ပုံ၌ လိမ္မာသူ ဖြစ်ရမည်”ဟု သင်တို့သည် ဤသို့သာလျှင် ကျင့်အပ်၏။ ငါ့သျှင်တို့ အဘယ်သို့လျှင် ရဟန်းသည် မိမိစိတ်ဖြစ်ပုံ၌ လိမ္မာသူ ဖြစ်သနည်း၊ ငါ့သျှင်တို့ ဥပမာသော်ကား ငယ်ရွယ်နုပျို၍ တန်ဆာဆင်လေ့ရှိသော မိန်းမသည်လည်းကောင်း၊ ယောကျာ်းသည်လည်းကောင်း၊ ထက်ဝန်းကျင် စင်ကြယ်ဖြူစင်သော ကြေးမုံ (မှန်) ၌ဖြစ်စေ ကြည်လင်သော ရေခွက်၌ဖြစ်စေ မိမိမျက်နှာရိပ်ကို (ကြည့်ရှု)ဆင်ခြင်လတ်သော် ထို(ကြေးမုံ—ရေခွက်)၌ အကယ်၍ မြူမှုန်ကိုသော်လည်းကောင်း၊ (မှဲ့စသော) အညစ်အကြေးကိုသော်လည်းကောင်း မြင်ခဲ့မူ ထိုမြူမှုန် (မှဲ့စသော) အညစ်အကြေး ကို ပယ်ရန်အလို့ငှါ လုံ့လပြု၏၊ ထို (ကြေးမုံ—ရေခွက်) ၌ မြူမှုန် (မှဲ့စသော) အညစ်အကြေးကို မမြင်ခဲ့မူ ထိုမမြင်ခြင်းကြောင့်ပင် “ငါ့အား အရတော်လေစွ၊ ငါသည် ထက်ဝန်းကျင် စင်ကြယ်လေစွ”ဟု ဝမ်းမြောက်မှု အကြံပြည့်စုံမှု ဖြစ်ရ၏။ ငါ့သျှင်တို့ ဤအတူပင် “(ငါသည်) အခါများစွာ အဘိဇ္ဈာများ၍ နေသလော၊ အခါများစွာ အဘိဇ္ဈာမများဘဲ နေသလော၊ အခါများစွာ စိတ်ဖောက်ပြန်၍ နေသလော၊ အခါများစွာ စိတ်မဖောက် ပြန်ဘဲ နေသလော၊ အခါများစွာ ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ နှိပ်စက်၍ နေသလော၊ အခါများစွာ ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ကင်း၍ နေသလော၊ အခါများစွာ ပျံ့လွင့်၍ နေသလော၊ အခါများစွာ မပျံ့လွင့်ဘဲ နေသလော၊ အခါများစွာ ယုံမှားမှုရှိ၍ နေသလော၊ အခါများစွာ ယုံမှားမှုကို လွန်မြောက်၍ နေသလော၊ အခါများစွာ အမျက်ထွက်၍ နေသလော၊ အခါများစွာ အမျက်မထွက်ဘဲ နေသလော၊ အခါများစွာ စိတ်ညစ်နွမ်း၍ နေသလော၊ အခါများစွာ စိတ်မညစ်နွမ်းဘဲ နေသလော၊ အခါများစွာ ကိုယ်ပင်ပန်း၍ နေသလော၊ အခါ့များစွာ ကိုယ်မပင်ပန်းဘဲ နေသလော၊ အခါများစွာ ပျင်းရိ၍ နေသလော၊ အခါများစွာ ထက်သန်သော လုံ့လရှိသည် ဖြစ်၍ နေသလော၊ အခါများစွာ မတည်ကြည်ဘဲ နေသလော၊ အခါများစွာ တည်ကြည်၍ နေသလော”ဟု ဆင်ခြင်မှု ‘ပစ္စဝေက္ခဏာ’ သည် ရဟန်းအား ကုသိုလ်တရားတို့၌ ကျေးဇူးများလှ၏။ ငါ့သျှင်တို့ ဆင်ခြင်သော ရဟန်းသည် “(ငါသည်) အခါများစွာ အဘိဇ္ဈာများ၍ နေ၏။ပ။ အခါ များစွာ မတည်ကြည်ဘဲ နေ၏”ဟု အကယ်၍ သိပါမူ ငါ့သျှင်တို့ ထိုရဟန်းသည် ထိုယုတ်ညံ့သော အကုသိုလ်တရားတို့ကိုသာလျှင် ပယ်ရန် လွန်ကဲသော အလိုကိုလည်းကောင်း၊ လုံ့လကိုလည်းကောင်း၊ အားထုတ်မှုကိုလည်းကောင်း၊ အလွန်အားထုတ်မှုကိုလည်းကောင်း၊ မဆုတ်နစ်မှုကိုလည်းကောင်း၊ အောက် မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ကိုလည်းကောင်း ပြုသင့်၏။ ငါ့သျှင်တို့ ဥပမာသော်ကား အဝတ်မီးလောင်သူသည်လည်းကောင်း၊ ဦးခေါင်းမီးလောင်သူသည်လည်းကောင်း ထိုအဝတ်, ဦးခေါင်းကိုသာလျှင် ငြိမ်းစေရန် လွန်ကဲသော အလို လုံ့လ အားထုတ်မှု အလွန် အားထုတ်မှု မဆုတ်နစ်မှု အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ကို ပြုရာ၏၊ ငါ့သျှင်တို့ ဤ အတူပင် ထိုရဟန်းသည် ထိုယုတ်ညံ့သော အကုသိုလ်တရားတို့ကိုသာလျှင် ပယ်ရန် လွန်ကဲသော အလို လုံ့လ အားထုတ်မှု အလွန် အားထုတ်မှု မဆုတ်နစ်မှု အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ကို ပြုသင့်၏။ ငါ့သျှင်တို့ ဆင်ခြင်သော ရဟန်းသည် “(ငါသည်) အခါများစွာ အဘိဇ္ဈာမများဘဲ နေ၏။ပ။ (အခါများစွာ စိတ်ဖောက်မပြန်ဘဲ နေ၏၊ အခါများစွာ ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ကင်း၍ နေ၏၊ အခါများစွာ မပျံ့လွင့်ဘဲ နေ၏၊ အခါများစွာ ယုံမှားမှုကို လွန်မြောက်၍ နေ၏၊ အခါများစွာ အမျက်မထွက်ဘဲ နေ၏၊ အခါများစွာ စိတ်မညစ်နွမ်းဘဲ နေ၏၊ အခါများစွာ ကိုယ်မပင်ပန်းဘဲ နေ၏၊ အခါများစွာ ထက်သန်သော လုံ့လရှိသည်ဖြစ်၍ နေ၏၊) အခါများစွာ တည်ကြည်၍ နေ၏”ဟု အကယ်၍ သိပါမူ ငါ့သျှင်တို့ ထိုရဟန်း သည် ထိုကုသိုလ်တရားတို့၌သာလျှင် တည်၍ ထို့ထက်အလွန် အာသဝေါတရားတို့၏ ကုန်ရန်အလို့ငှါ အားထုတ်မှုကို ပြုသင့်၏ဟု (မိန့်ဆို၏)။

ဒုတိယသုတ်။