အင်္ဂုတ္တရနိကာယ်
(၇) ၂-ယမကဝဂ်
၈-ဒုတိယ နဠကပါနသုတ်
၆၈။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် နဠကပါနနိဂုံးတွင် ပေါက်ပင်တော၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဥပုသ်နေ့၌ ရဟန်းအပေါင်း ခြံရံလျက် ထိုင်နေတော်မူ၏။ ထိုနောက် မြတ်စွာဘုရားသည် များစွာသော ညဉ့်ပတ်လုံး ရဟန်းတို့အား တရားနှင့်စပ်သော စကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်စေ၍ ရွှင်လန်းပြီးလျှင် ဆိတ်ဆိတ်နေသော ရဟန်းအပေါင်းကိုစောင်းငဲ့ ကြည့်ရှုတော်မူကာ အသျှင်သာရိပုတြာကို — သာရိပုတြာ ရဟန်းသံဃာသည် ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ကင်း၏၊ သာရိပုတြာ ရဟန်းတို့အား တရားနှင့် စပ်သော စကားသည် သင့်ဉာဏ်၌ ထင်စေလော့၊ ငါ၏ ကျောက်ကုန်းသည် ညောင်းညာ၏၊ ငါသည် ကျောက်ကုန်းကို ဆန့်ဦးအံ့ဟု မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်သာရိပုတြာသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏။ ထိုအခါ မြတ်စွာဘုရားသည် ဒုကုဋ်ကို လေးထပ်ခင်း၍ လကျာ်နံတောင်းဖြင့် ခြေတစ်ဖက်၌ ခြေတစ်ဖက်ကို (စဉ်းငယ်) လွန်ကာ တင်ထား၍ သတိသမ္ပဇဉ်ရှိလျက် ထအံ့ဟူသော အမှတ်သညာကို နှလုံးပြုပြီးလျှင် မြတ်သော အိပ်ခြင်းကို ပြုတော်မူ၏။
ထိုအခါ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို “ငါ့သျှင် ရဟန်းတို့”ဟု ခေါ်တော်မူ၏။ “ငါ့သျှင်”ဟု ထိုရဟန်းတို့သည် ပြန်ကြားလျှောက်ထားကုန်၏။ အသျှင်သာရိပုတြာသည် ဤစကားကို မိန့်ဆို၏ — ငါ့သျှင်တို့ ကုသိုလ်တရားတို့၌ ယုံကြည်မှု မရှိသူ၊ အရှက်မရှိသူ၊ ထိတ်လန့်မှု မရှိသူ၊ အားထုတ်မှု မရှိသူ၊ အသိဉာဏ် မရှိသူ၊ နားထောင်မှု မရှိသူ၊ တရားကို ဆောင်ထားမှု မရှိသူ၊ အနက်ကို စူးစမ်းမှု မရှိသူ၊ တရားအလျောက် တရားကျင့်မှု မရှိသူ၊ ကုသိုလ်တရားတို့၌ မမေ့လျော့မှု မရှိသူ မည့်သူ့အားမဆို ရောက်လာသမျှသော ညဉ့်နေ့တို့ဝယ် ကုသိုလ်တရားတို့၌ ဆုတ်ယုတ်မှုသာ (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့်နိုင်၏၊ တိုးပွါးမှု (မချွတ်ဖြစ်လိမ့် မည်ဟု) မမျှော်လင့်နိုင်။ ငါ့သျှင်တို့ လဆုတ်ပက္ခ္ခ၌ လအား ရောက်လာသမျှသော ညဉ့်နေ့တို့ဝယ် အဆင်းအားဖြင့် ဆုတ်ယုတ်သည်သာ, အဝန်းအဝိုင်းအားဖြင့် ဆုတ်ယုတ်သည်သာ, အရောင်အားဖြင့် ဆုတ်ယုတ်သည်သာ, လုံးရပ်အားဖြင့် ဆုတ်ယုတ်သည်သာ ဖြစ်သကဲ့သို့၊ ငါ့သျှင်တို့ ဤအတူပင် ကုသိုလ်တရားတို့၌ ယုံကြည်မှု မရှိသူ၊ ရှက်မှု မရှိသူ၊ ထိတ်လန့်မှု မရှိသူ၊ အားထုတ်မှု မရှိသူ၊ အသိဉာဏ် မရှိသူ၊ နားထောင်မှု မရှိသူ၊ တရားကို ဆောင်ထားမှု မရှိသူ၊ အနက်ကို စူးစမ်းမှု မရှိသူ၊ တရားအလျောက် တရားကျင့်မှု မရှိသူ၊ ကုသိုလ် တရားတို့၌ မမေ့လျော့မှု မရှိသူ မည်သူ့အားမဆို ရောက်လာသမျှသော ညဉ့်နေ့တို့ဝယ် ကုသိုလ်တရားတို့၌ ဆုတ်ယုတ်မှုသာ (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့်နိုင်၏၊ တိုးပွါးမှု (မချွတ်ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။
ငါ့သျှင်တို့ ကုသိုလ်တရားတို့၌ ယုံကြည်မှုရှိသူ၊ ရှက်မှုရှိသူ၊ ထိတ်လန့်မှုရှိသူ၊ အားထုတ်မှုရှိသူ၊ အသိဉာဏ်ရှိသူ၊ နားထောင်မှုရှိသူ၊ တရားကို ဆောင်ထားမှုရှိသူ၊ အနက်ကို စူးစမ်းမှုရှိသူ၊ တရား အလျောက် တရားကျင့်မှုရှိသူ၊ ကုသိုလ်တရားတို့၌ မမေ့လျော့မှုရှိသူ မည်သူ့အားမဆို ရောက်လာသမျှသော ညဉ့်နေ့တို့ဝယ် ကုသိုလ်တရားတို့၌ တိုးပွါးမှုသာ (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့်နိုင်၏၊ ဆုတ်ယုတ်မှု (မချွတ်ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။
ငါ့သျှင်တို့ လဆန်းပက္ခ၌ လအား ရောက်လာသမျှသော ညဉ့်နေ့တို့ဝယ် အဆင်းအားဖြင့် တိုးပွါး သည်သာ, အဝန်းအဝိုင်းအားဖြင့် တိုးပွါးသည်သာ, အရောင်အားဖြင့် တိုးပွါးသည်သာ, လုံးရပ်အားဖြင့် တိုးပွါးသည်သာ ဖြစ်သကဲ့သို့၊ ငါ့သျှင်တို့ ဤအတူပင် ကုသိုလ်တရား၌ ယုံကြည်မှုရှိသူ။ပ။ ကုသိုလ်တို့၌ မမေ့လျော့မှုရှိသူ မည်သူ့အားမဆို ရောက်လာသမျှသော ညဉ့်နေ့တို့ဝယ် ကုသိုလ်တရားတို့၌ တိုးပွါးမှု သာ (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့်နိုင်၏၊ ဆုတ်ယုတ်မှု (မချွတ်ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်ဟု (မိန့်ဆို၏)။
ထိုနောက် မြတ်စွာဘုရားသည်စောစော ထတော်မူ၍ အသျှင်သာရိပုတြာကို—သာရိပုတြာ ကောင်း ပေစွ၊ ကောင်းပေစွ၊ သာရိပုတြာ ကုသိုလ်တရားတို့၌ ယုံကြည်မှုမရှိသူ၊ အရှက်မရှိသူ၊ ထိတ်လန့်မှု မရှိသူ၊ အားထုတ်မှုမရှိသူ၊ အသိဉာဏ်မရှိသူ၊ နားထောင်မှုမရှိသူ၊ တရားကို ဆောင်ထားမှုမရှိသူ၊ အနက်ကို စူးစမ်းမှု မရှိသူ၊ တရားအလျောက် တရားကျင့်မှု မရှိသူ၊ ကုသိုလ်တရားတို့၌ မမေ့လျော့မှု မရှိသူ မည့်သူ့အားမဆို ရောက်လာသမျှသော ညဉ့်နေ့တို့ဝယ် ကုသိုလ်တရားတို့၌ ဆုတ်ယုတ်မှုသာ (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့်နိုင်၏၊ တိုးပွါးမှု (မချွတ်ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။ သာရိပုတြာ လဆုတ်ပက္ခ၌ လအား ရောက်လာသမျှသော ညဉ့်နေ့တို့ဝယ် အဆင်းအားဖြင့် ဆုတ်ယုတ်သည်သာ, အဝန်းအဝိုင်းအားဖြင့် ဆုတ်ယုတ်သည်သာ, အရောင်အားဖြင့် ဆုတ်ယုတ်သည်သာ, လုံးရပ်အားဖြင့် ဆုတ်ယုတ်သည်သာ ဖြစ်သကဲ့သို့၊ သာရိပုတြာ ဤအတူပင် ကုသိုလ်တရားတို့၌ ယုံကြည်မှုမရှိသူ။ပ။ ကုသိုလ်တရားတို့၌ မမေ့လျော့မှုမရှိသူ မည်သူအားမဆို ရောက်လာသမျှသော ညဉ့်နေ့တို့ဝယ် ကုသိုလ် တရားတို့၌ ဆုတ်ယုတ်မှုသာ (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့်နိုင်၏၊ တိုးပွါးမှု (မချွတ်ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။
သာရိပုတြာ ကုသိုလ်တရားတို့၌ ယုံကြည်မှုရှိသူ၊ အရှက်ရှိသူ၊ ထိတ်လန့်မှုရှိသူ၊ အားထုတ်မှုရှိသူ၊ အသိဉာဏ်ရှိသူ၊ နားထောင်မှုရှိသူ၊ တရားကို ဆောင်ထားမှုရှိသူ၊ အနက်ကို စူးစမ်းမှုရှိသူ၊ တရား အလျောက် တရားကျင့်မှုရှိသူ၊ ကုသိုလ်တရားတို့၌ မမေ့လျော့မှုရှိသူ မည့်သူ့အားမဆို ရောက်လာသမျှသော ညဉ့်နေ့တို့ဝယ် ကုသိုလ်တရားတို့၌ တိုးပွါးမှုသာ (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့်နိုင်၏၊ ဆုတ်ယုတ်မှု (မချွတ်ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။ သာရိပုတြာ လဆန်းပက္ခ၌ လအား ရောက်လာသမျှသော ညဉ့်နေ့တို့ဝယ် အဆင်းအားဖြင့် တိုးပွါးသည်သာ, အဝန်းအဝိုင်းအားဖြင့် တိုးပွါးသည်သာ, အရောင်အားဖြင့် တိုးပွါးသည်သာ, လုံးရပ်အားဖြင့် တိုးပွါးသည်သာ ဖြစ်သကဲ့သို့၊ သာရိပုတြာ ဤ အတူပင် ကုသိုလ်တရားတို့၌ ယုံကြည်မှုရှိသူ။ပ။ ကုသိုလ် တရားတို့၌ မမေ့လျော့မှုရှိသူ မည်သူအားမဆို ရောက်လာသမျှသော ညဉ့်နေ့တို့ဝယ် ကုသိုလ်တရားတို့၌ တိုးပွါးမှုသာ (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့် နိုင်၏၊ ဆုတ်ယုတ်မှု (မချွတ်ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်ဟု မိန့်တော်မူ၏။
အဋ္ဌမသုတ်။