အင်္ဂုတ္တရနိကာယ်
(၈) ၃-အာကင်္ခဝဂ်
၅-မိဂသာလာသုတ်
၇၅။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်အာနန္ဒာသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်ပြီးလျှင် သပိတ်သင်္ကန်းကို ဆောင်ယူလျက် မိဂသာလာအမည်ရှိသော ဥပါသိကာမ၏ နေအိမ်သို့ ချဉ်းကပ်၍ ခင်းထားအပ်သောနေရာ၌ ထိုင်နေ၏၊ ထိုအခါ မိဂသာလာဥပါသိကာမသည် အသျှင်အာနန္ဒာ ထံသို့ ချဉ်းကပ်၍ အသျှင်အာနန္ဒာကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေလျက် အသျှင်အာနန္ဒာအား ဤသို့ လျှောက်၏—
အသျှင်ဘုရားအာနန္ဒာ အဘယ် အဘယ်မည်သော အကြောင်းအားဖြင့် မြတ်စွာဘုရားဟောကြား တော်မူအပ်သော ဤတရားကို သိအပ်ပါသနည်း၊ ယင်းတရား၌ (မေထုန်မှရှောင်ကြဉ်မှု) မြတ်သော အကျင့်ရှိသူနှင့် (မရှောင်ကြဉ်မှု) မြတ်သော အကျင့်မရှိသူ ဤနှစ်ဦးတို့သည် တမလွန်ဘဝ၌ ထပ်တူညီမျှ လားရာ ‘ဂတိ’ ရှိကြပါကုန်၏၊ အသျှင်ဘုရား ပုရာဏမည်သော အကျွန်ုပ်၏ ဖခင်သည် မြတ်သော အကျင့်ကို ကျင့်ပါ၏၊ (မေထုန်အကျင့်မှ) ဝေးစွာ ကျင့်ပါ၏၊ ရွာသူတို့၏ အကျင့်ဖြစ်သော မေထုန်မှ ရှောင်ကြဉ်ပါ၏၊ ထိုအကျွန်ုပ်၏ဖခင် သေလွန်သည်ရှိသော် “သကဒါဂါမိဖိုလ်သို့ရောက်လျက် တုသိတာနတ် ပြည်၌ ဖြစ်သည်”ဟု မြတ်စွာဘုရား မိန့်ကြားတော်မူအပ်ပါသည်။ အသျှင်ဘုရား ဣသိဒတ္တအမည်ရှိသော အကျွန်ုပ်၏ အဖိုးသည်လည်း မိမိမယားဖြင့် ရောင့်ရဲသည်ဖြစ်၍ မြတ်သောအကျင့်ကို မကျင့်သူ ဖြစ်ပါ၏၊ ထိုအဖိုးသည်လည်း သေလွန်သည်ရှိသော် “သကဒါဂါမိဖိုလ်သို့ရောက်လျက် တုသိတာနတ်ပြည်၌ ဖြစ်သည်”ဟု မြတ်စွာဘုရား မိန့်ကြားတော်မူအပ်ပါသည်၊ အသျှင်ဘုရားအာနန္ဒာ အဘယ် အဘယ်မည်သော အကြောင်းအားဖြင့် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဤတရားကို သိအပ်ပါသနည်း၊ ယင်း တရား၌ (မေထုန်အကျင့်မှ ရှောင်ကြဉ်မှု) မြတ်သော အကျင့်ရှိသူနှင့် (မရှောင်ကြဉ်မှု) မြတ်သော အကျင့် မရှိသူ ဤနှစ်ဦးတို့သည် တမလွန်ဘဝ၌ ထပ်တူညီမျှ လားရာ ‘ဂတိ’ ရှိကြကုန်ဘိ၏ဟု (လျှောက်၏)။
နှမ မြတ်စွာဘုရားသည် ဤအတိုင်းပင် မိန့်ကြားတော်မူအပ်၏ဟု (မိန့်ဆို၏)။
ထိုနောက် အသျှင်အာနန္ဒာသည် မိဂသာလာဥပါသိကာမ၏ အိမ်၌ ဆွမ်းခံပြီးလျှင် နေရာမှထ၍ ဖဲကြွတော်မူ၏။ ထိုအခါ အသျှင်အာနန္ဒာသည် ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကာ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—
အသျှင်ဘုရား အကျွန်ုပ်သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် မိဂသာလာဥပါသိကာမ၏ နေအိမ်သို့ ချဉ်းကပ်၍ ခင်းထားအပ်သောနေရာ၌ ထိုင်နေသောအခါ မိဂသာလာဥပါသိကာမသည် အကျွန်ုပ်ထံသို့ ချဉ်းကပ်၍ အကျွန်ုပ်ကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေလျက် အကျွန်ုပ်အား ဤစကားကို လျှောက်ပါ၏—“အသျှင်ဘုရားအာနန္ဒာ အဘယ် အဘယ်မည်သော အကြောင်းအားဖြင့် မြတ်စွာဘုရားဟောကြားတော်မူအပ်သော ဤတရားကို သိအပ်ပါသနည်း၊ ယင်းတရား၌ (မေထုန်အကျင့်မှ ရှောင်ကြဉ်မှု) မြတ်သောအကျင့်ရှိသူနှင့် (မရှောင်ကြဉ်မှု) မြတ်သော အကျင့်မရှိသူ ဤနှစ်ဦးတို့သည် တမလွန်ဘဝ၌ ထပ်တူညီမျှ လားရာ ‘ဂတိ’ ရှိကြပါကုန်၏၊ အသျှင်ဘုရား ပုရာဏမည်သော အကျွန်ုပ်၏ ဖခင်သည် မြတ်သော အကျင့်ကို ကျင့်ပါ၏၊ (မေထုန်အကျင့်မှ) ဝေးစွာ ကျင့်ပါ၏၊ ရွာသူတို့၏ အကျင့်ဖြစ်သော မေထုန်မှ ရှောင်ကြဉ်ပါ၏၊ ထိုအကျွန်ုပ်၏ဖခင် သေလွန်သည် ရှိသော် “သကဒါဂါမိဖိုလ်သို့ ရောက်လျက် တုသိတာနတ်ပြည်၌ ဖြစ်သည်”ဟု မြတ်စွာဘုရား မိန့်ကြား တော်မူအပ်ပါသည်။ အသျှင်ဘုရား ဣသိဒတ္တအမည်ရှိသော အကျွန်ုပ်၏ အဖိုးသည်ကား မိမိမယားဖြင့် ရောင့်ရဲသည်ဖြစ်၍ မြတ်သောအကျင့်ကို မကျင့်သူ ဖြစ်ပါ၏၊ ထိုအဖိုးသည်လည်း သေလွန်သည်ရှိသော် “သကဒါဂါမိဖိုလ်သို့ ရောက်လျက် တုသိတာနတ်ပြည်၌ ဖြစ်သည်”ဟု မြတ်စွာဘုရား မိန့်ကြားတော်မူအပ်ပါသည်၊ အသျှင်ဘုရားအာနန္ဒာ အဘယ် အဘယ်မည်သော အကြောင်းအားဖြင့် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဤတရားကို သိအပ်ပါသနည်း၊ ယင်းတရား၌ (မေထုန်အကျင့်မှရှောင်ကြဉ်မှု) မြတ်သောအကျင့်ရှိသူနှင့် (မရှောင်ကြဉ်မှု) မြတ်သောအကျင့်မရှိသူ ဤနှစ်ဦးတို့သည် တမလွန်ဘဝ၌ ထပ်တူညီမျှ လားရာ’ဂတိ’ ရှိကြပါကုန်၏ဟု (လျှောက်ပါသည်)။ အသျှင်ဘုရား ဤသို့ လျှောက်သောအခါ အကျွန်ုပ်သည် မိဂသာလာဥပါသိကာမကို ‘နှမ မြတ်စွာဘုရားသည် ဤအတိုင်းပင် မိန့်ကြားတော်မူ အပ်၏’ဟု ဖြေဆိုလိုက်ပါ သည်ဟု (လျှောက်၏)။
အာနန္ဒာ မိဂသာလာဥပါသိကာမသည် အဘယ် (အမျိုးအစား) နည်း၊ မိုက်သော မလိမ္မာသော မိန်းမသာ ဖြစ်၏၊ မိန်းမဉာဏ်သာ ရှိ၏၊ ယောကျာ်းပုဂ္ဂိုလ်တို့၏ ဣန္ဒြေအနုအရင့်ကို သိတတ်သော ဣန္ဒြိယပရောပရိယ ဉာဏ်၌ (အပိတ်အပင် အတားအဆီးမရှိကုန်သော မြတ်စွာဘုရားတို့သည်) အဘယ်သို့သော ပုဂ္ဂိုလ်တို့နည်း။
အာနန္ဒာ ဤပုဂ္ဂိုလ်ဆယ်မျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏၊ အဘယ် ဆယ်မျိုးတို့နည်းဟူမူ— အာနန္ဒာ ဤလောက၌ အချို့သောသူသည် သီလမရှိ၊ ထိုသူ၏ သီလမရှိမှု၏ အကြွင်းမဲ့ချုပ်ရာ လွတ် မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကိုလည်းဟုတ်တိုင်းမှန်စွာ မသိ၊ ထိုသူသည် ကြားနာမှုဖြင့်လည်း (ပြုသင့်သည်ကို) မပြုအပ်၊ အကြားအမြင်ဖြင့်လည်း (ပြုသင့် သည်ကို) မပြုအပ်၊ ပညာဖြင့်လည်း (သိသင့်သည်ကို) ထိုးထွင်း၍ မသိ၊ အခါအားလျော်စွာ ဖြစ်သော လွတ်မြောက်မှု ‘ဝိမုတ္တိ’ ကိုလည်း မရ၊ ထိုသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ဆုတ်ယုတ် ရန်သာဖြစ်၍ ထူးမြတ်ရန် မဖြစ်၊ ဆုတ်ယုတ်သည့် အဖြစ်သို့သာလျှင် ရောက်၏၊ ထူးမြတ်သည့် အဖြစ်သို့ မရောက်။(၁)
အာနန္ဒာ အချို့သောသူသည်ကား သီလမရှိ၊ ထိုသူ၏ ထိုသီလမရှိမှု၏ အကြွင်းမဲ့ချုပ်ရာ လွတ် မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော’အရဟတ္တဖိုလ်’ ပညာကိုကားဟုတ်တိုင်းမှန်စွာ့သိ၏။ ထိုသူသည် ကြားနာမှုဖြင့်လည်း (ပြုသင့်သည်ကို) ပြု၏၊ အကြားအမြင်ဖြင့်လည်း (ပြုသင့် သည်ကို) ပြု၏၊ ပညာဖြင့်လည်း (သိသင့်သည်ကို) ထိုးထွင်း၍ သိ၏၊ အခါအားလျော်စွာ လွတ် မြောက်မှု ‘ဝိမုတ္တိ’ ကိုလည်း ရ၏၊ ထိုသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ထူးမြတ်ရန် သာ ဖြစ်၏၊ ဆုတ်ယုတ်ရန် မဖြစ်၊ ထူးမြတ်သည့် အဖြစ်သို့သာလျှင် ရောက်၏၊ ဆုတ်ယုတ်သည့် အဖြစ်သို့ မရောက်။ (၂)
အာနန္ဒာ ထိုပုဂ္ဂိုလ်နှစ်ယောက်တို့၌ နှိုင်းရှည့်တတ်သော ပုဂ္ဂိုလ်တို့သည်—“ဤပုဂ္ဂိုလ်အားလည်း ထိုတရားတို့ပင် ရှိကုန်၏၊ အခြားပုဂ္ဂိုလ်အားလည်း ထိုတရားတို့ပင် ရှိကုန်၏၊ (သို့ဖြစ်ပါလျက်) အဘယ် ကြောင့် ထိုနှစ်ယောက်တို့တွင် တစ်ယောက်က (ဂုဏ်အားဖြင့်) ယုတ်၍ တစ်ယောက်ကမူ (ဂုဏ်အားဖြင့်) မြတ်ပါသနည်းဟု နှိုင်းရှည့်ကုန်၏။ အာနန္ဒာ ထိုသို့ နှိုင်းရှည့်ခြင်းသည်သာလျှင် ထိုနှိုင်းရှည့်သူတို့အား ကြာမြင့်စွာ စီးပွါးမဲ့ရန် ဆင်းရဲရန်ဖြစ်၏။ အာနန္ဒာ ထိုပုဂ္ဂိုလ်နှစ်ယောက်တို့တွင် အကြင်သူသည် သီလ မရှိ၊ ထိုသူ၏ သီလမရှိမှု၏ အကြွင်းမဲ့ချုပ်ရာ လွတ်မြောက်သော’အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော’အရဟတ္တဖိုလ်’ ပညာကိုဟုတ်တိုင်းမှန်စွာ သိ၏၊ ထိုသူသည် ကြားနာမှုဖြင့်လည်း (ပြုသင့်သည်ကို) ပြု၏၊ အကြားအမြင်ဖြင့်လည်း (ပြုသင့်သည်ကို) ပြု၏၊ ပညာဖြင့်လည်း (သိသင့်သည်ကို) ထိုးထွင်း၍ သိ၏၊ အခါအားလျော်စွာ လွတ်မြောက်မှု ‘ဝိမုတ္တိ’ ကိုလည်း ရ၏။ အာနန္ဒာ ဤပုဂ္ဂိုလ်သည် ထိုရှေးပုဂ္ဂိုလ် ထက် သာလွန်၍လည်း နှစ်သက်ဖွယ်ရှိ၏၊ သာလွန်၍လည်း မွန်မြတ်၏၊ ထိုသို့ဖြစ်ခြင်းသည် အဘယ် ကြောင့်နည်း၊ အာနန္ဒာ ဤပုဂ္ဂိုလ်ကိုသာ (ဝိပဿနာဉာဏ်) တရားအလျဉ်သည် (အရိယာဘုံသို့) ဆောင်ယူသွား၏၊ ထိုအကြောင်းကို မြတ်စွာဘုရားမှတစ်ပါး အဘယ်သူသည် သိနိုင်ရာအံ့နည်း၊ အာနန္ဒာ ထို့ကြောင့် ပုဂ္ဂိုလ်တို့၌ နှိုင်းရှည့်သူတို့ မဖြစ်ကြကုန်လင့်၊ ပုဂ္ဂိုလ်တို့၌ နှိုင်းရှည့်မှုကို မယူကြကုန်လင့်၊ အာနန္ဒာ ပုဂ္ဂိုလ်တို့၌ နှိုင်းရှည့်မှုကို ယူသူသည် (မိမိကိုယ်ကို) တူးဖြိုသည် မည်၏၊ အာနန္ဒာ ငါသော် လည်းကောင်း၊ ငါနှင့်တူသောသူသော်လည်းကောင်း ပုဂ္ဂိုလ်တို့၌ နှိုင်းရှည့်မှုကို ယူရာ၏။ အာနန္ဒာ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သီလရှိ၏၊ ထိုသူ၏ ထိုသီလ၏ အကြွင်းမဲ့ချုပ်ရာ လွတ်မြောက်သော’အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော’အရဟတ္တဖိုလ်’ ပညာကိုကားဟုတ်တိုင်းမှန်စွာ မသိ။ ထိုသူသည် ကြားနာမှုဖြင့်လည်း (ပြုသင့်သည်ကို) မပြုအပ်၊ အကြားအမြင်ဖြင့်လည်း (ပြုသင့် သည်ကို) မပြုအပ်၊ ပညာဖြင့်လည်း (သိသင့်သည်ကို) ထိုးထွင်း၍ မသိအပ်၊ အခါအားလျော်စွာ လွတ်မြောက်မှု ‘ဝိမုတ္တိ’ကိုလည်း မရ၊ ထိုသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ဆုတ်ယုတ် ရန်သာ ဖြစ်၏၊ ထူးမြတ်ရန် မဖြစ်၊ ဆုတ်ယုတ်သည့် အဖြစ်သို့သာ ရောက်၏၊ ထူးမြတ်သည့် အဖြစ်သို့ မရောက်။ (၃)
အာနန္ဒာ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သီလရှိ၏၊ ထိုသူ၏ ထိုသီလ၏ အကြွင်းမဲ့ချုပ်ရာ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကိုလည်းဟုတ်တိုင်း မှန်စွာ သိ၏၊ ထိုသူသည် ကြားနာမှုဖြင့်လည်း (ပြုသင့်သည်ကို) ပြု၏၊ အကြားအမြင်ဖြင့်လည်း (ပြုသင့် သည်ကို) ပြု၏၊ ပညာဖြင့်လည်း (သိသင့်သည်ကို) ထိုးထွင်း၍ သိ၏၊ အခါအားလျော်စွာ လွတ်မြောက်မှု ‘ဝိမုတ္တိ’ ကိုလည်း ရ၏၊ ထိုသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ထူးမြတ်ရန်သာ ဖြစ်၏၊ ဆုတ်ယုတ်ရန် မဖြစ်၊ ထူးမြတ်သည့် အဖြစ်သို့သာ ရောက်၏၊ ဆုတ်ယုတ်သည့် အဖြစ်သို့ မရောက်။ (၄)
အာနန္ဒာ ထိုပုဂ္ဂိုလ်နှစ်ယောက်တို့၌ နှိုင်းရှည့်တတ်သော ပုဂ္ဂိုလ်တို့သည် နှိုင်းရှည့်ကုန်၏။ပ။ အာနန္ဒာ ငါသော်လည်းကောင်း၊ ငါနှင့်တူသူသော်လည်းကောင်း ပုဂ္ဂိုလ်တို့၌ နှိုင်းရှည့်မှုကို ယူရာ၏။ အာနန္ဒာ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ထက်သော ရာဂရှိ၏၊ ထိုသူ၏ ထိုရာဂ၏ အကြွင်းမဲ့ချုပ်ရာ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို လည်းဟုတ်တိုင်း မှန်စွာမသိ။ ထိုသူသည် ကြားနာမှုဖြင့်လည်း (ပြုသင့်သည်ကို) မပြုအပ်၊ အကြားအမြင်ဖြင့်လည်း (ပြုသင့်သည်ကို) မပြုအပ်၊ ပညာဖြင့်လည်း (သိသင့်သည်ကို) ထိုးထွင်း၍ မသိအပ်၊ အခါအားလျော်စွာ လွတ်မြောက်မှု ‘ဝိမုတ္တိ’ ကိုလည်း မရ၊ ထိုသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ဆုတ်ယုတ်ရန်သာ ဖြစ်၏၊ ထူးမြတ်ရန် မဖြစ်၊ ဆုတ်ယုတ်သည့် အဖြစ်သို့သာ ရောက်၏၊ ထူးမြတ်သည့် အဖြစ်သို့ မရောက်။ (၅)
အာနန္ဒာ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ထက်သော ရာဂရှိ၏၊ ထိုသူ၏ ထိုရာဂ၏ အကြွင်းမဲ့ချုပ်ရာ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကိုကားဟုတ်တိုင်းမှန်စွာ သိ၏၊ ထိုသူသည် ကြားနာမှုဖြင့်လည်း (ပြုသင့်သည်ကို) ပြု၏၊ အကြားအမြင် ဖြင့်လည်း (ပြုသင့်သည်ကို) ပြု၏၊ ပညာဖြင့်လည်း (သိသင့်သည်ကို) ထိုးထွင်း၍ သိ၏၊ အခါ အားလျော်စွာ လွတ်မြောက်မှု ‘ဝိမုတ္တိ’ ကိုလည်း ရ၏၊ ထိုသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ထူးမြတ်ရန်သာ ဖြစ်၏၊ ဆုတ်ယုတ်ရန် မဖြစ်၊ ထူးမြတ်သည့် အဖြစ်သို့သာ ရောက်၏၊ ဆုတ်ယုတ်သည့် အဖြစ်သို့ မရောက်။ (၆)
အာနန္ဒာ ထိုပုဂ္ဂိုလ်နှစ်ယောက်တို့၌ နှိုင်းရှည့်တတ်သူတို့သည် နှိုင်းရှည့်ကုန်၏။ပ။ အာနန္ဒာ ငါသော် လည်းကောင်း၊ ငါနှင့်တူသူသော်လည်းကောင်း ပုဂ္ဂိုလ်တို့၌ နှိုင်းရှည့်မှုကို ယူရာ၏။ အာနန္ဒာ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အမျက်ထွက်၏၊ ထိုသူ၏ ထိုအမျက်ထွက်မှု၏ အကြွင်းမဲ့ချုပ်ရာ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို လည်းဟုတ်တိုင်းမှန်စွာ မသိ။ ထိုသူသည် ကြားနာမှုဖြင့်လည်း (ပြုသင့်သည်ကို) မပြုအပ်၊ အကြား အမြင်ဖြင့်လည်း (ပြုသင့်သည်ကို) မပြုအပ်၊ ပညာဖြင့်လည်း (သိသင့်သည်ကို) ထိုးထွင်း၍ မသိအပ်၊ အခါအားလျော်စွာ လွတ်မြောက်မှုကိုလည်း မရ၊ ထိုသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ဆုတ်ယုတ်ရန်သာ ဖြစ်၏၊ ထူးမြတ်ရန် မဖြစ်၊ ဆုတ်ယုတ်သည့် အဖြစ်သို့သာ ရောက်၏၊ ထူးမြတ်သည့် အဖြစ်သို့မရောက်။ (၇)
အာနန္ဒာ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အမျက်ထွက်၏၊ ထိုသူ၏ ထိုအမျက်ထွက်မှု၏ အကြွင်းမဲ့ချုပ်ရာ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကိုကားဟုတ်တိုင်းမှန်စွာ သိ၏၊ ထိုသူသည် ကြားနာမှုဖြင့်လည်း (ပြုသင့်သည်ကို) ပြု၏၊ အကြားအမြင် ဖြင့်လည်း (ပြုသင့်သည်ကို) ပြု၏၊ ပညာဖြင့်လည်း (သိသင့်သည်ကို) ထိုးထွင်း၍ သိ၏၊ အခါအားလျော် စွာ လွတ်မြောက်မှု ‘ဝိမုတ္တိ’ ကိုလည်း ရ၏၊ ထိုသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ထူးမြတ်ရန်သာ ဖြစ်၏၊ ဆုတ်ယုတ်ရန် မဖြစ်၊ ထူးမြတ်သည့် အဖြစ်သို့သာ ရောက်၏၊ ဆုတ်ယုတ်သည့် အဖြစ်သို့ မရောက်။ (၈)
အာနန္ဒာ ထိုပုဂ္ဂိုလ်နှစ်ယောက်တို့၌ နှိုင်းရှည့်တတ်သူတို့သည် နှိုင်းရှည့်ကုန်၏။ပ။ အာနန္ဒာ ငါသော် လည်းကောင်း၊ ငါနှင့်တူသူသော်လည်းကောင်း ပုဂ္ဂိုလ်တို့၌ နှိုင်းရှည့်မှုကို ယူရာ၏။ အာနန္ဒာ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပျံ့လွင့်၏၊ ထိုသူ၏ ထိုပျံ့လွင့်မှု၏ အကြွင်းမဲ့ ချုပ်ရာ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကိုလည်းဟုတ်တိုင်းမှန်စွာ မသိ။ ထိုသူသည် ကြားနာမှုဖြင့်လည်း (ပြုသင့်သည်ကို) မပြုအပ်၊ အကြားအမြင် ဖြင့်လည်း (ပြုသင့်သည်ကို) မပြုအပ်၊ ပညာဖြင့်လည်း (သိသင့်သည်ကို) ထိုးထွင်း၍ မသိအပ်၊ အခါ အားလျော်စွာ လွတ်မြောက်မှု ‘ဝိမုတ္တိ’ ကိုလည်း မရ၊ ထိုသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ဆုတ်ယုတ်ရန်သာ ဖြစ်၏၊ ထူးမြတ်ရန် မဖြစ်၊ ဆုတ်ယုတ်သည့် အဖြစ်သို့သာ ရောက်၏၊ ထူးမြတ်သည့် အဖြစ်သို့ မရောက်။ (၉)
အာနန္ဒာ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပျံ့လွင့်၏၊ ထိုသူ၏ ထိုပျံ့လွင့်မှု၏ အကြွင်းမဲ့ ချုပ်ရာ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကိုကားဟုတ်တိုင်းမှန်စွာ သိ၏၊ ထိုသူသည် ကြားနာမှုဖြင့်လည်း (ပြုသင့်သည်ကို) ပြု၏၊ အကြားအမြင်ဖြင့်လည်း (ပြုသင့်သည်ကို) ပြု၏၊ ပညာဖြင့်လည်း (သိသင့်သည်ကို) ထိုးထွင်း၍ သိ၏၊ အခါအားလျော်စွာ လွတ် မြောက်မှု ‘ဝိမုတ္တိ’ကိုလည်း ရ၏၊ ထိုသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ထူးမြတ်ရန်သာ ဖြစ်၏၊ ဆုတ်ယုတ်ရန် မဖြစ်၊ ထူးမြတ်သည့် အဖြစ်သို့သာ ရောက်၏၊ ဆုတ်ယုတ်သည့်အဖြစ်သို့ မရောက်။ (၁ဝ)
အာနန္ဒာ ထိုပုဂ္ဂိုလ်နှစ်ယောက်တို့၌ နှိုင်းရှည့်တတ်သော ပုဂ္ဂိုလ်တို့သည်—“ဤပုဂ္ဂိုလ်အားလည်း ထိုတရားတို့ပင် ရှိကုန်၏၊ အခြားပုဂ္ဂိုလ်အားလည်း ထိုတရားတို့ပင် ရှိကုန်၏၊ (သို့ဖြစ်ပါလျက်) အဘယ့် ကြောင့် ထိုနှစ်ယောက်တို့တွင် တစ်ယောက်က (ဂုဏ်အားဖြင့်) ယုတ်၍ တစ်ယောက်က (ဂုဏ်အားဖြင့်) မြတ်ပါသနည်းဟု နှိုင်းရှည့်ကုန်၏။ အာနန္ဒာ ထိုသို့ နှိုင်းရှည့်ခြင်းသည် ထိုသူတို့အား ကြာမြင့်စွာ စီးပွါး မဲ့ရန် ဆင်းရဲရန် ဖြစ်၏။ အာနန္ဒာ ထိုပုဂ္ဂိုလ်နှစ်ယောက်တို့တွင် အကြင်သူသည် ပျံ့လွင့်၏၊ ထိုသူ၏ ထိုပျံ့လွင့်မှု၏ အကြွင်းမဲ့ချုပ်ရာ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တ ဖိုလ်’ ပညာကိုကားဟုတ်တိုင်းမှန်စွာ သိ၏၊ ထိုသူသည် ကြားနာမှုဖြင့်လည်း (ပြုသင့်သည်ကို) ပြု၏၊ အကြားအမြင်ဖြင့်လည်း (ပြုသင့်သည်ကို) ပြု၏၊ ပညာဖြင့်လည်း (သိသင့်သည်ကို) ထိုးထွင်း၍ သိ၏၊ အခါအားလျော်စွာ လွတ်မြောက်မှု ‘ဝိမုတ္တိ’ ကိုလည်း ရ၏။ အာနန္ဒာ ဤပုဂ္ဂိုလ်သည် ထိုရှေးပုဂ္ဂိုလ်ထက် သာ၍လည်း နှစ်သက်ဖွယ်ရှိ၏၊ သာ၍လည်း မွန်မြတ်၏၊ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ အာနန္ဒာ ဤပုဂ္ဂိုလ်ကိုသာ (ဝိပဿနာဉာဏ်) တရားအလျဉ်သည် (အရိယာဘုံသို့) ဆောင်ယူသွား၏၊ ထိုအကြောင်းကို မြတ်စွာဘုရားမှတစ်ပါး အဘယ်သူသည် သိနိုင်ရာအံ့နည်း၊ အာနန္ဒာ ထို့ကြောင့် ပုဂ္ဂိုလ် တို့၌ နှိုင်းရှည့်သူတို့ မဖြစ်ကြကုန်လင့်၊ ပုဂ္ဂိုလ်တို့၌ နှိုင်းရှည့်မှုကို မယူကြကုန်လင့်၊ အာနန္ဒာ ပုဂ္ဂိုလ်တို့၌ နှိုင်းရှည့်မှုကို ယူသူသည် (မိမိကိုယ်ကို) တူးဖြိုသည် မည်၏၊ အာနန္ဒာ ငါသော်လည်းကောင်း၊ ငါနှင့် တူသူသော်လည်းကောင်း ပုဂ္ဂိုလ်တို့၌ နှိုင်းရှည့်မှုကို ယူရာ၏။ အာနန္ဒာ မိဂသာလာဥပါသိကာမသည် အဘယ် (အမျိုးအစား) နည်း၊ မိုက်သော မလိမ္မာသော မိန်းမသာ ဖြစ်၏၊ မိန်းမဉာဏ်သာ ရှိ၏၊ ယောကျာ်းပုဂ္ဂိုလ်တို့၏ ဣန္ဒြေအနုအရင့်ကို သိတတ်သော ဣန္ဒြိယပရောပရိယဉာဏ်၌ (အပိတ်အပင် အတားအဆီးမရှိကုန်သော မြတ်စွာဘုရားတို့သည်) အဘယ် သို့သော ပုဂ္ဂိုလ်တို့နည်း၊ အာနန္ဒာ ဤပုဂ္ဂိုလ်ဆယ်မျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အာနန္ဒာ ပုရာဏ၏ ပြည့်စုံသော သီလမျိုးနှင့် ဣသိဒတ္တသည် ပြည့်စုံငြားအံ့၊ ဤအရာ၌ ပုရာဏ သည် ဣသိဒတ္တ၏ ဉာဏ်အလားကို ပိုင်းခြား၍ မသိရာ၊ အာနန္ဒာ ဣသိဒတ္တ၏ ပြည့်စုံသော ပညာမျိုးနှင့် ပုရာဏသည် ပြည့်စုံငြားအံ့၊ ဤအရာ၌ ဣသိဒတ္တသည် ပုရာဏ၏ ဉာဏ်အလားကို ပိုင်းခြား၍ မသိရာ၊ အာနန္ဒာ ဤသို့လျှင် ဤပုဂ္ဂိုလ်နှစ်ယောက်တို့သည် အင်္ဂါတစ်ပါးစီ ယုတ်လျော့ကုန်၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။