အင်္ဂုတ္တရနိကာယ်

(၉) ၄-ထေရဝဂ်

၄-ဗျာကရဏသုတ်

၈၄။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် ရဟန်းတို့ကို “ငါ့သျှင်ရဟန်းတို့”ဟု ခေါ်တော်မူ၏။

“ငါ့သျှင်”ဟု ထိုရဟန်းတို့သည် အသျှင်မဟာမောဂ္ဂလာန်အား ပြန်ကြား လျှောက်ထားကုန်၏။ အသျှင် မဟာမောဂ္ဂလာန်သည် ဤစကားကို မိန့်ဆို၏ —

ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံး ပြီးပြီ၊ ပြုဖွယ်(ကိစ္စ) ကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှါ အခြား ( ပြုဖွယ်ကိစ္စ) မရှိတော့ပြီဟု သိ၏”ဟု အရဟတ္တဖိုလ်ကို ပြောကြား၏။ ထိုရဟန်းကို မြတ်စွာဘုရားကသော်လည်းကောင်း ဈာန်နှင့် ပြည့်စုံသော သမာပတ်၌ လိမ္မာသော သူတစ်ပါးစိတ်၌ လိမ္မာသော သူတစ်ပါးစိတ်ဖြစ်ပုံ၌ လိမ္မာသော မြတ်စွာဘုရား၏ တပည့်ကသော်လည်းကောင်း စိစစ်၏၊ စုံစမ်း၏၊ မေးမြန်း၏၊ ထိုရဟန်းသည် မြတ်စွာဘုရားကသော် လည်းကောင်း၊ ဈာန်နှင့် ပြည့်စုံသော သမာပတ်၌ လိမ္မာသော သူတစ်ပါးစိတ်၌ လိမ္မာသော သူတစ်ပါး စိတ်ဖြစ်ပုံ၌ လိမ္မာသော မြတ်စွာဘုရား၏ တပည့်ကသော်လည်းကောင်း စိစစ်လတ်သော် စုံစမ်းလတ်သော် မေးမြန်းလတ်သော် အချည်းနှီးဖြစ်ခြင်းသို့ ရောက်၏၊ ဂုဏ်ကင်းခြင်းသို့ ရောက်၏။ အကျိုးမဲ့ခြင်းသို့ ရောက်၏။ ပျက်စီးခြင်းသို့ ရောက်၏။ အကျိုးမဲ့ ပျက်စီးခြင်းသို့ ရောက်၏။ ထိုရဟန်းကို မြတ်စွာဘုရား သည်လည်းကောင်း၊ ဈာန်နှင့်ပြည့်စုံသော သမာပတ်၌ လိမ္မာသော သူတစ်ပါးစိတ်၌ လိမ္မာသော သူတစ်ပါး စိတ်ဖြစ်ပုံ၌ လိမ္မာသော မြတ်စွာဘုရား၏ တပည့်သည်လည်းကောင်း “ဤအသျှင်သည် ‘ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (ကိစ္စ) ကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှါ အခြား ( ပြုဖွယ်ကိစ္စ) မရှိတော့ပြီဟု ငါသိ၏”ဟူ၍ အဘယ့်ကြောင့် အရဟတ္တဖိုလ်ကို ပြောကြားဘိသနည်း”ဟု ဤသို့ စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ နှလုံးသွင်း၏။ ထိုရဟန်းကို မြတ်စွာဘုရားသည်လည်းကောင်း၊ ဈာန်နှင့်ပြည့်စုံသော သမာပတ်၌ လိမ္မာသော သူ တစ်ပါးစိတ်၌ လိမ္မာသော သူတစ်ပါးစိတ်ဖြစ်ပုံ၌ လိမ္မာသော မြတ်စွာဘုရား၏ တပည့်သည်လည်းကောင်း ဤသို့ စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ သိ၏ —

ဤအသျှင်သည် အမျက်ထွက်သူတည်း၊ အခါများစွာ အမျက်ထွက်မှုလွှမ်းမိုးသော စိတ်ဖြင့် နေ၏၊ ဤအမျက်ထွက်မှု လွှမ်းမိုးခြင်းသည် မြတ်စွာဘုရား ဟောတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ ဆုတ်ယုတ်မှုတည်း။

ဤအသျှင်သည် ရန်ငြိုးဖွဲ့သူတည်း၊ အခါများစွာ ရန်ငြိုးဖွဲ့မှုလွှမ်းမိုးသော စိတ်ဖြင့် နေ၏၊ ဤ ရန်ငြိုးဖွဲ့မှု လွှမ်းမိုးခြင်းသည် မြတ်စွာဘုရား ဟောတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ ဆုတ်ယုတ်မှုတည်း။

ဤအသျှင်သည် သူ့ကျေးဇူးကို ချေဖျက်တတ်သူတည်း၊ အခါများစွာ သူ့ကျေးဇူးကို ချေဖျက်မှု လွှမ်းမိုးသော စိတ်ဖြင့် နေ၏၊ သူ့ကျေးဇူးကို ချေဖျက်မှုလွှမ်းမိုးခြင်းသည် မြတ်စွာဘုရားဟောတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ ဆုတ်ယုတ်မှုတည်း။

ဤအသျှင်သည် ဂုဏ်ပြိုင်တတ်သူတည်း၊ အခါများစွာ ဂုဏ်ပြိုင်မှုလွှမ်းမိုးသော စိတ်ဖြင့် နေ၏၊ ဤဂုဏ်ပြိုင်မှုလွှမ်းမိုးခြင်းသည် မြတ်စွာဘုရားဟောတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ ဆုတ်ယုတ်မှုတည်း။

ဤအသျှင်သည် ငြူစူတတ်သူတည်း၊ အခါများစွာ ငြူစူမှုလွှမ်းမိုးသော စိတ်ဖြင့် နေ၏၊ ဤငြူစူမှု လွှမ်းမိုးခြင်းသည် မြတ်စွာဘုရား ဟောတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ ဆုတ်ယုတ်မှုတည်း။

ဤအသျှင်သည် ဝန်တိုတတ်သူတည်း၊ အခါများစွာ၌ ဝန်တိုမှုလွှမ်းမိုးသော စိတ်ဖြင့် နေ၏၊ ဤ ဝန်တိုမှု လွှမ်းမိုးခြင်းသည် မြတ်စွာဘုရား ဟောတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ ဆုတ်ယုတ်မှုတည်း။

ဤအသျှင်သည် စဉ်းလဲသူတည်း၊ အခါများစွာ စဉ်းလဲမှုလွှမ်းမိုးသော စိတ်ဖြင့် နေ၏၊ ဤစဉ်းလဲမှု လွှမ်းမိုးခြင်းသည် မြတ်စွာဘုရား ဟောတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ ဆုတ်ယုတ်မှုတည်း။

ဤအသျှင်သည် လှည့်စားတတ်သူတည်း၊ အခါများစွာ လှည့်စားမှုလွှမ်းမိုးသော စိတ်ဖြင့် နေ၏၊ ဤလှည့်စားမှုလွှမ်းမိုးခြင်းသည် မြတ်စွာဘုရား ဟောတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ ဆုတ်ယုတ် မှုတည်း။

ဤအသျှင်သည် အလိုဆိုးရှိသူတည်း၊ အခါများစွာ အလိုဆိုးလွှမ်းမိုးသော စိတ်ဖြင့် နေ၏၊ ဤ အလိုဆိုး လွှမ်းမိုးခြင်းသည် မြတ်စွာဘုရားဟောတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’၌ ဆုတ်ယုတ်မှုတည်း။

ဤအသျှင်သည် အထက်၌ ပြုဖွယ်ကိစ္စရှိသေးလျက် အနည်းငယ်မျှသောတရားထူးကို ရခြင်းဖြင့် အကြား၌ ဆုတ်နစ်ခြင်း ( ပြီးဆုံးခြင်း) သို့ ရောက်၏၊ ဤအကြား၌ ဆုတ်နစ်ခြင်းသို့ ရောက်ခြင်းသည် မြတ်စွာဘုရားဟောတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ ဆုတ်ယုတ်မှုတည်းဟု (ပိုင်းခြား၍ သိ၏ )။

ငါ့သျှင်တို့ စင်စစ် ထိုရဟန်းသည် ဤတရားဆယ်မျိုးတို့ကို မပယ်ဘဲ ဤဓမ္မဝိနယ ‘သာသနာ တော်’ ၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်လိမ့်မည်ဟူသော အကြောင်းသည် မရှိ။ ငါ့သျှင်တို့ စင်စစ် ထိုရဟန်းသည် ဤတရားဆယ်မျိုးတို့ကို ပယ်လျှင် ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်လိမ့်မည်ဟူသော ဤအကြောင်းသည် ရှိ၏ဟု (မိန့်ဆို၏ )။

စတုတ္ထသုတ်။