အင်္ဂုတ္တရနိကာယ်
(၉) ၄-ထေရဝဂ်
၉-ကောကာလိကသုတ်
၈၉။ ထိုအခါ ကောကာလိကရဟန်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား “အသျှင်ဘုရား သာရိပုတြာ မောဂ္ဂလာန်တို့သည် အလိုဆိုးရှိကြပါသည်၊ အလိုဆိုးတို့၏ အလိုသို့ လိုက်ကြပါသည်”ဟု ဤစကားကို လျှောက်၏။ ကောကာလိက ဤသို့ မဆိုလင့်၊ ကောကာလိက ဤသို့ မဆိုလင့်၊ ကောကာလိက သာရိပုတြာ မောဂ္ဂလာန်တို့၌ စိတ်ကို ကြည်လင်စေလော့၊ သာရိပုတြာ မောဂ္ဂလာန်တို့သည် သီလကို ချစ်မြတ်နိုးကုန်၏ဟု (မိန့်တော်မူ၏)။
နှစ်ကြိမ်မြောက်လည်း ကောကာလိကရဟန်းသည် မြတ်စွာဘုရားအား “အသျှင်ဘုရား မြတ်စွာဘုရားသည်ကား အကျွန်ုပ်၏ ယုံကြည်ထိုက်သူ၊ စိတ်ချထိုက်သူ ဖြစ်ပါ၏၊ သို့သော်လည်း သာရိပုတြာ မောဂ္ဂလာန်တို့သည် အလိုဆိုးရှိကြပါသည်၊ အလိုဆိုးတို့၏ အလိုသို့ လိုက်ကြပါသည်”ဟု ဤစကားကို လျှောက်၏။ ကောကာလိက ဤသို့ မဆိုလင့်၊ ကောကာလိက ဤသို့ မဆိုလင့်၊ ကောကာလိက သာရိပုတြာ မောဂ္ဂလာန်တို့၌ စိတ်ကို ကြည်လင်စေလော့၊ သာရိပုတြာ မောဂ္ဂလာန်တို့သည် သီလကို ချစ်မြတ်နိုးကုန်၏ဟု (မိန့်တော်မူ၏)။
သုံးကြိမ်မြောက်လည်း ကောကာလိကရဟန်းသည် မြတ်စွာဘုရားအား “အသျှင်ဘုရား မြတ်စွာဘုရားသည်ကား အကျွန်ုပ်၏ ယုံကြည်ထိုက်သူ၊ စိတ်ချထိုက်သူ ဖြစ်ပါ၏၊ သို့သော်လည်း သာရိပုတြာ မောဂ္ဂလာန်တို့သည် အလိုဆိုးရှိကြပါသည်၊ အလိုဆိုးတို့၏ အလိုသို့ လိုက်ကြပါသည်”ဟု ဤစကားကို လျှောက်၏။ ကောကာလိက ဤသို့ မဆိုလင့်၊ ကောကာလိက ဤသို့ မဆိုလင့်၊ ကောကာလိက သာရိပုတြာ မောဂ္ဂလာန်တို့၌ စိတ်ကို ကြည်လင်စေလော့၊ သာရိပုတြာ မောဂ္ဂလာန်တို့သည် သီလကို ချစ်မြတ်နိုးကုန်၏ဟု (မိန့်တော်မူ၏)။
ထို့နောက် ကောကာလိကရဟန်းသည် နေရာမှ ထ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေ ပြုကာ ဖဲသွား၏။ ဖဲသွား၍ မကြာမြင့်မီ ကောကာလိကရဟန်းအား မုန်ညင်းစေ့ခန့် အလုံးအဖုတို့နှင့် တစ်ကိုယ်လုံးအနှံ့ ဖြစ်ပေါ်၏၊ မုန်ညင်းစေ့ခန့် ဖြစ်ပြီးနောက် ပဲနောက်စေ့ခန့် ဖြစ်ကုန်၏၊ ပဲနောက်စေ့ ခန့် ဖြစ်ပြီးနောက် ကုလားပဲစေ့ခန့် ဖြစ်ကုန်၏၊ ကုလားပဲစေ့ခန့် ဖြစ်ပြီးနောက် ကလောသီးခန့် ဖြစ်ကုန်၏၊ ကလောသီးခန့် ဖြစ်ပြီးနောက် ဆီးသီးခန့် ဖြစ်ကုန်၏၊ ဆီးသီးခန့် ဖြစ်ပြီးနောက် သျှစ်သျှားသီးခန့် ဖြစ်ကုန်၏၊ သျှိသျှားသီးခန့် ဖြစ်ပြီးနောက် တည်သီးခန့် ဖြစ်ကုန်၏၊ တည်သီးခန့်ဖြစ်ပြီးနောက် ဥသျှစ်သီးနုခန့် ဖြစ်ကုန်၏၊ ဥသျှစ်သီးနုခန့် ဖြစ်ပြီးနောက် ဥသျှစ်သီးခန့် ဖြစ်ကုန်၏၊ ဥသျှစ်သီးခန့် ဖြစ်ပြီးနောက် ပေါက်ကွဲကုန်၏၊ ပြည်သွေးများ ယိုကြကုန်၏၊ ထိုကောကာလိကသည် အဆိပ်ကို မျိုမိသော ငါးကဲ့သို့ ငှက်ပျောရွက်တို့၌ အိပ်ရ၏၊ ထိုအခါ တုရူမည်သော အသီးအခြားဖြစ်သော ဗြဟ္မာသည် ကောကာလိကရဟန်းအထံသို့ ချဉ်းကပ်ပြီးနောက် ကောင်းကင်၌ ရပ်လျက် ကောကာလိကရဟန်းအား “ကောကလိက သာရိပုတြာ မောဂ္ဂလာန်တို့၌ စိတ်ကို ကြည်လင်စေလော့၊ သာရိပုတြာ မောဂ္ဂလာန်တို့သည် သီလကို ချစ်မြတ်နိုးကုန်၏”ဟု ဆို၏။ ငါ့သျှင် သင်သည် မည်သူဖြစ်သနည်းဟု (မေး၏)။ ငါသည် တုရူမည်သော အသီးအခြားဖြစ်သော ဗြဟ္မာတည်းဟု (ဆို၏)။ ငါ့သျှင် သင့်ကို မြတ်စွာဘုရားသည် အနာဂါမ်ဟု ပြောကြားသည် မဟုတ်လော၊ ထိုသို့ ဖြစ်လျက် အဘယ့်ကြောင့် ဤလူ့ပြည်သို့လာခဲ့ရသနည်း။ သင်သည် ဤ (အနာဂါမ်ဖြစ်လျက် လူ့ပြည်သို့လာခြင်းဟူသော) အပြစ်ကို ကြည့်ရှုဦးလော့ဟု (ဆို၏)။ ထို့နောက် တုရူမည်သော အသီး အခြားဖြစ်သော ဗြဟ္မာသည် ကောကာလိကရဟန်းအား ဂါထာတို့ဖြင့် ရွတ်ဆို၏ — “ဖြစ်လာသော ယောကျာ်း၏ ပါးစပ်၌ ဓားမနှင့်တူသော ကြမ်းကြုတ်သော စကား သည် ဖြစ်၏၊ လူမိုက်သည် မကောင်းသဖြင့် ဆိုအပ်သော စကားကို ဆိုကာ ယင်း ဓားမနှင့် တူသော ကြမ်းကြုတ်သော စကားဖြင့် မိမိကိုယ်ကို ဖြတ်၏။ အကြင်သူသည် ကဲ့ရဲ့သင့်သူကို ချီးမွမ်း၏၊ အကြင်သူသည်ကား ချီးမွမ်းသင့်သူကို ကဲ့ရဲ့၏၊ ထိုသူသည် ပါးစပ်ဖြင့် အပြစ်ကို ဆည်းပူး၏၊ ထိုအပြစ်ကြောင့် ချမ်းသာ ကို မရနိုင်။ အကြင်သူသည် လောင်းကစားခြင်းတို့၌ ဥစ္စာအားလုံးနှင့်တကွ မိမိကိုယ်ပါ ဆုံးရှုံး၏၊ ဤ (ဆုံးရှုံးမှု) အပြစ်သည် အနည်းငယ်မျှသာတည်း၊ အကြင်သူသည် ကောင်းစွာ ဖြစ်သော (ရဟန္တာ) ပုဂ္ဂိုလ်တို့၌ စိတ်ပြစ်မှား၏၊ (ထိုသူ၏) ဤ ( ပြစ်မှားခြင်း) အပြစ်သည်သာ သာလွန် ကြီးမား၏။ ယုတ်မာသော နှုတ်ကိုလည်းကောင်း၊ စိတ်ကိုလည်းကောင်း ဆောက်တည်၍ အရိယာကို ကဲ့ရဲ့လေ့ရှိသူသည် အကြင်ငရဲသို့ ကပ်ရောက်ရ၏၊ ထိုငရဲသည် နိရဗ္ဗုဒ ပေါင်း တစ်သိန်းသုံးဆယ့်ခြောက် နိရဗ္ဗုဒနှင့် ငါးအဗ္ဗုဒ အရေအတွက် ရှိ၏”ဟု (ရွတ်ဆို၏)။
ထို့နောက် ကောကာလိကရဟန်းသည် ထိုအနာဖြင့်ပင် ကွယ်လွန်လေ၏၊ ကွယ်လွန်သူ ကောကာလိက ရဟန်းသည် သာရိပုတြာ မောဂ္ဂလာန်တို့၌ စိတ်ပြစ်မှားသောကြောင့် ပဒုမငရဲသို့ ကပ်ရောက်ရ၏။ ထိုအခါ သဟမ္ပတိဗြဟ္မာသည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ)၌ အလွန်နှစ်သက်ဖွယ် အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို အရောင်အဝါဖြင့် ထွန်းလင်းစေလျက် မြတ်စွာဘုရား အထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ရပ်၍ မြတ်စွာဘုရားအား — “အသျှင်ဘုရား ကောကာလိကရဟန်းသည် ကွယ်လွန်ပါပြီ၊ အသျှင်ဘုရား ကွယ်လွန်သူ ကောကာလိကရဟန်းသည် သာရိပုတြာ မောဂ္ဂလာန်တို့၌ စိတ်ပြစ်မှားသောကြောင့် ပဒုမငရဲသို့ ကပ်ရောက်ပါ၏”ဟု လျှောက်၏။ သဟမ္ပတိဗြဟ္မာသည် ဤစကားကို လျှောက်ပြီးနောက် မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုကာ ထိုအရပ်၌ပင် ကွယ်ပျောက်လေ၏။ ထို့နောက် မြတ်စွာဘုရားသည် ထိုညဉ့်လွန်သောအခါ ရဟန်းတို့ကို— ရဟန်းတို့ သဟမ္ပတိ ဗြဟ္မာသည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) ၌ အလွန်နှစ်သက်ဖွယ် အဆင်းရှိသည်ဖြစ်၍ ဇေတဝန် တစ်ကျောင်းလုံးကို အရောင်အဝါဖြင့် ထွန်းလင်းစေလျက် ငါ့ထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ရပ်၍ — “အသျှင်ဘုရား ကောကာလိကရဟန်းသည် ကွယ်လွန်ပါပြီ၊ အသျှင်ဘုရား ကွယ်လွန်သူ ကောကာလိကရဟန်းသည် သာရိပုတြာ မောဂ္ဂလာန်တို့၌ စိတ်ပြစ်မှားသောကြောင့်ပဒုမငရဲသို့ ကပ်ရောက် ပါ၏”ဟု လျှောက်၏။ ရဟန်းတို့ သဟမ္ပပတိဗြဟ္မာသည် ဤစကားကို လျှောက်ပြီးနောက် ငါ့ကို ရှိခိုး၍ အရိုအသေပြုကာ ထိုအရပ်၌ ကွယ်ပျောက်လေ၏ဟု မိန့်တော်မူ၏။
ဤသို့ မိန့်တော်မူသော် ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား — “အသျှင်ဘုရား ပဒုမငရဲ၌ အသက်ပမာဏ မည်မျှ ရှည်ပါသနည်း”ဟု လျှောက်၏။ ရဟန်း ပဒုမငရဲ၌ အသက်ပမာဏသည် ရှည် လျား၏၊ ထိုအသက်ပမာဏကို “ဤမျှသော နှစ်တို့”ဟူ၍လည်းကောင်း၊ “ဤမျှသော နှစ်အရာတို့”ဟူ၍လည်းကောင်း၊ “ဤမျှသော နှစ်အထောင်တို့”ဟူ၍လည်းကောင်း၊ “ဤမျှသော နှစ်အသိန်းတို့”ဟူ၍လည်းကောင်း ရေတွက်ရန် မလွယ်ကူပေဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ဥပမာပြုရန် တတ်နိုင်ပါ သလောဟု (လျှောက်၏)။
ရဟန်း “တတ်နိုင်၏”ဟု မြတ်စွာဘုရား မိန့်တော်မူ၏။ ရဟန်း ဥပမာသော်ကား ကောသလ တိုင်းဖြစ်တို့ (ခါရီ) နှစ်ဆယ်၁ရှိသော နှမ်းလှည်းတစ်စီးသည် ရှိရာ၏၊ ယောကျာ်းတစ်ယောက်သည် ထိုနှမ်းလှည်းမှ အနှစ်တစ်ရာ အနှစ်တစ်ရာ လွန်သောအခါ၌ နှမ်းတစ်လုံးတစ်လုံးကို ထုတ်ယူရာ၏၊ ရဟန်း ကောသလတိုင်းဖြစ်တို့ (ခါရီ) နှစ်ဆယ်ရှိ ထိုနှမ်းလှည်းသည် ဤလုံ့လဖြင့် လျင်မြန်စွာ ကုန်ခြင်း ခန်းခြင်းသို့ ရောက်ရာ၏၊ အဗ္ဗုဒငရဲ တစ်ခုသည်ကား (ကုန်ခြင်း ခန်းခြင်းသို့) မရောက်ရာသည်သာတည်း။
ရဟန်း အဗ္ဗုဒငရဲ နှစ်ဆယ်တို့ကဲ့သို့ နိရဗ္ဗုဒငရဲ တစ်ခုဖြစ်၏။ ရဟန်း နိရဗ္ဗုဒငရဲ နှစ်ဆယ်တို့ ကဲ့သို့ အဗဗငရဲ တစ်ခုဖြစ်၏။ ရဟန်း အဗဗငရဲ နှစ်ဆယ်တို့ကဲ့သို့ အဋဋငရဲ တစ်ခုဖြစ်၏။ ရဟန်း အဋဋငရဲ နှစ်ဆယ်တို့ကဲ့သို့ အဟဟငရဲ တစ်ခုဖြစ်၏။ ရဟန်း အဟဟငရဲ နှစ်ဆယ်တို့ကဲ့သို့ ကုမုဒငရဲ တစ်ခုဖြစ်၏။ ရဟန်း ကုမုဒငရဲ နှစ်ဆယ်တို့ကဲ့သို့ သောဂန္ဓိကငရဲ တစ်ခုဖြစ်၏။ ရဟန်း သောဂန္ဓိကငရဲ နှစ်ဆယ်တို့ကဲ့သို့ ဥပ္ပလငရဲ တစ်ခုဖြစ်၏။ ရဟန်း ဥပ္ပလငရဲ နှစ်ဆယ်တို့ကဲ့သို့ ပုဏ္ဍရိကငရဲ တစ်ခု ဖြစ်၏။ ရဟန်း ပုဏ္ဍရိကငရဲ နှစ်ဆယ်တို့ကဲ့သို့ ပဒုမငရဲ တစ်ခုဖြစ်၏။ ရဟန်း ကောကာလိကရဟန်း သည် သာရိပုတြာ မောဂ္ဂလာန်တို့၌ ပြစ်မှားသောကြောင့် ပဒုမငရဲသို့ ကပ်ရောက်၏ဟု (မိန့်တော်မူ၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ လာခြင်းကောင်းတော်မူသော မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူပြီးလျှင် ထိုမှနောက်၌ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား သည် ဤစကားကို မိန့်တော်မူပြန်၏ — “ဖြစ်လာသော ယောကျာ်း၏ ပါးစပ်၌ ဓားမနှင့်တူသော ကြမ်းကြုတ်သော စကား သည် ဖြစ်၏၊ လူမိုက်သည် မကောင်းသဖြင့် ဆိုအပ်သော စကားကို ဆိုကာ ယင်း ဓားမနှင့် တူသော ကြမ်းကြုတ်သော စကားဖြင့် မိမိကိုယ်ကို ဖြတ်၏။ အကြင်သူသည် ကဲ့ရဲ့သင့်သူကို ချီးမွမ်း၏၊ အကြင်သူသည်ကား ချီးမွမ်းသင့်သူကို ကဲ့ရဲ့၏၊ ထိုသူသည် ပါးစပ်ဖြင့် အပြစ်ကို ဆည်းပူး၏၊ ထိုအပြစ်ကြောင့် ချမ်းသာကို မရနိုင်။ အကြင်သူသည် လောင်းကစားခြင်းတို့၌ ဥစ္စာအားလုံးနှင့်တကွ မိမိကိုယ်ပါ ဆုံးရှုံး၏၊ ဤ (ဆုံးရှုံးမှု)အပြစ်သည် အနည်းငယ်မျှသာတည်း၊ အကြင်သူသည် ကောင်းစွာဖြစ်သော (ရဟန္တာ)ပုဂ္ဂိုလ်တို့၌ စိတ်ပြစ်မှား၏၊ (ထိုသူ၏) ဤ ( ပြစ်မှားခြင်း) အပြစ်သည်သာ သာလွန် ကြီးမား၏။ ယုတ်မာသော နှုတ်ကိုလည်းကောင်း၊ စိတ်ကိုလည်းကောင်း ဆောက်တည်၍ အရိယာကို ကဲ့ရဲ့လေ့ရှိသူသည် အကြင်ငရဲသို့ ကပ်ရောက်ရ၏၊ ထိုငရဲသည် နိရဗ္ဗုဒ ပေါင်း တစ်သိန်း သုံးဆယ့်ခြောက် နိရဗ္ဗုဒနှင့် ငါးအဗ္ဗုဒ အရေအတွက် ရှိ၏”ဟု (မိန့်တော်မူ၏)။
နဝမသုတ်။
၁။ ၁—တို့= (၄) တင်း၊တို့—၂ဝ= တင်း (၈ဝ) ရှိသည်။