အင်္ဂုတ္တရနိကာယ်

၂-အနုဿတိဝဂ်

၁၁-စတုတ္ထ သမာဓိသုတ်

၂၁။ ထိုအခါ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို ခေါ်တော်မူ၏။ ငါ့သျှင်တို့ ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ၊ ရေ၌ ရေဟု အမှတ်ရှိသူ မဖြစ်ရာ၊ မီး၌ မီးဟု အမှတ်ရှိသူ မဖြစ်ရာ၊ လေ၌ လေဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ကောင်းကင်တည်ရာ၌ အဆုံးမရှိသော ကောင်းကင် တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ဝိညာဏ်တည်ရာ၌ အဆုံးမရှိသော ဝိညာဏ်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်စုံတစ်ခုမျှမရှိဟူသော တည်ရာ၌ တစ်စုံတစ်ခုမျှမရှိဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်းမဟုတ်ဟူသော တည်ရာ၌ သညာ ရှိသည်လည်းမဟုတ် သညာမရှိသည်လည်းမဟုတ်ဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ ဤလောက၌ ဤလောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်ပါးသော လောက၌ တစ်ပါးသော လောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်း အပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု ‘သမာဓိ’ ကို ရခြင်းသည် ဖြစ်ရာသလောဟု မေး၏။ ငါ့သျှင်တို့ ငါတို့သည် အသျှင်သာရိပုတြာ၏အထံသို့ ထိုဟောအပ်သောစကား၏ အနက်ကို သိရန် အဝေးမှပင် လာခဲ့ကြပါသည်၊ တောင်းပန်ပါ၏၊ ထိုဟောအပ်သော စကား၏ အနက်သည် အသျှင်သာရိပုတြာ၏ ဉာဏ်၌သာ ထင်ပါစေ၊ အသျှင်သာရိပုတြာ၏ (အထံမှ) ကြားနာရသဖြင့် ရဟန်းတို့သည် ဆောင်ထားကြပါလိမ့်မည်ဟု (လျှောက်ကြကုန်၏)။

ငါ့သျှင်တို့ ထိုသို့ဖြစ်လျှင် နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောကြားပေအံ့ဟု (မိန့်ဆို၏)။ “ငါ့သျှင် ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် အသျှင်သာရိပုတြာအား ပြန်ကြား လျှောက်ထားကုန်၏။ အသျှင်သာရိပုတြာသည် ဤစကားကို မိန့်ဆို၏ —ငါ့သျှင်တို့ ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ။ပ။ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကားဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု ‘သမာဓိ’ ကို ရခြင်းသည် ဖြစ်နိုင်ရာ၏ဟု (မိန့်ဆို၏)။

ငါ့သျှင် ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ။ပ။ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင် ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု ‘သမာဓိ’ ကို ရခြင်း သည် အဘယ်သို့လျှင် ဖြစ်ရာပါသနည်းဟု (လျှောက်ကြကုန်၏)။

ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် “သင်္ခါရအားလုံးတို့၏ ငြိမ်းရာ ဥပဓိအားလုံးတို့ကို စွန့်ရာ တဏှာကုန်ရာ တပ်စွန်းမှုကင်းရာ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည် ငြိမ်သက်၏၊ နိဗ္ဗာန်သည် မွန်မြတ်၏”ဟု အမှတ်ရှိသူ ဖြစ်၏။ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ၊ ရေ၌ ရေဟု အမှတ်ရှိသူ မဖြစ်ရာ၊ မီး၌ မီးဟု အမှတ်ရှိသူ မဖြစ်ရာ၊ လေ၌ လေဟု အမှတ် ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ကောင်းကင်တည်ရာ၌ အဆုံးမရှိသော ကောင်းကင်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ဝိညာဏ်တည်ရာ၌ အဆုံးမရှိသော ဝိညာဏ်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်စုံတစ်ခုမျှမရှိဟူသော တည်ရာ၌ တစ်စုံတစ်ခုမျှမရှိဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ သညာ ရှိသည်လည်းမဟုတ် သညာမရှိသည်လည်း မဟုတ်ဟူသော တည်ရာ၌ သညာရှိသည်လည်းမဟုတ် သညာ မရှိသည်လည်းမဟုတ်ဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ ဤလောက၌ ဤလောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်ပါးသောလောက၌ တစ်ပါးသော လောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု ‘သမာဓိ’ ကို ရခြင်းသည် ဖြစ်နိုင်၏ဟု (မိန့်ဆို၏)။

ဧကာဒသမသုတ်။

နှစ်ခုမြောက် အနုဿတိဝဂ် ပြီး၏။