အင်္ဂုတ္တရနိကာယ်

၁-နိဿယဝဂ်

၆-ဗျသနသုတ်

၆။ (ရဟန်းတို့ သီတင်းသုံးဖော်တို့အား ဆဲရေးတတ်သူ ရေရွတ်တတ်သူ၊ အရိယာတို့အား စွပ်စွဲတတ်သူ ရဟန်းသည် တစ်ဆယ့်တစ်မျိုးသော ပျက်စီးခြင်းတို့တွင် တစ်မျိုးမျိုးသော ပျက်စီးခြင်းသို့ ရောက်ရာသော အကြောင်းအခွင့်ရှိသည်သာတည်း။ အဘယ်တစ်ဆယ့်တစ်မျိုးတို့နည်းဟူမူ—မရသေးသည့် တရားထူးကို မရ၊ ရပြီးတရားထူးမှ ယုတ်လျော့၏၊ ထိုရဟန်း၏ သူတော်ကောင်းတရားတို့သည် မဖြူစင်ကုန်၊ သူတော်ကောင်းတရားတို့၌ (မရဘဲ ရပြီးပြီဟု) သော်လည်း အထင်ကြီးသူဖြစ်၏၊ မမွေ့ လျော်ဘဲသော်လည်း မြတ်သော အကျင့်ကို ကျင့်သုံးရ၏၊ ညစ်နွမ်းသော အာပတ်တစ်မျိုးမျိုးသို့သော် လည်း ရောက်ရ၏၊ သိက္ခာချ၍သော်လည်း လူထွက်ရ၏၊ ပြင်းပြသော ဆေးကုခက်သော ရောဂါ နာကျင်မှု ကိုသော်လည်း တွေ့ထိရ၏၊ ရူးသွပ်ခြင်း စိတ်ပျံ့လွင့်ခြင်းသို့သော်လည်း ရောက်ရ၏၊ တွေတွေ ဝေဝေ ကွယ်လွန်ရ၏၊ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ မကောင်းသော လားရာ ဖရိုဖရဲ ပျက်စီး၍ ကျရောက်ရာ အပါယ်ငရဲ၌ ဖြစ်ရ၏။ ရဟန်းတို့ သီတင်းသုံးဖော်တို့အား ဆဲရေးတတ်သူ ရေရွတ်တတ်သူ၊ အရိယာတို့အား စွပ်စွဲတတ်သူ ထိုရဟန်းသည် ဤတစ်ဆယ့်တစ်မျိုးသော ပျက်စီးခြင်းတို့တွင် တစ်မျိုးမျိုးသော ပျက်စီးခြင်းသို့ ရောက်ရာသော အကြောင်းအခွင့် ရှိသည်သာတည်း)၁။

ရဟန်းတို့ သီတင်းသုံးဖော်တို့အား ဆဲရေးတတ်သူ ရေရွတ်တတ်သူ၊ အရိယာတို့အား စွပ်စွဲတတ်သူ ရဟန်းသည် တစ်ဆယ့်တစ်မျိုးသော ပျက်စီးခြင်းတို့တွင် တစ်မျိုးမျိုးသော ပျက်စီးခြင်းသို့ မရောက်ရာသော အကြောင်းအခွင့် မရှိသည်သာတည်း။ အဘယ်တစ်ဆယ့်တစ်မျိုးတို့နည်းဟူမူ—မရသေးသည့် တရားထူးကို မရ၊ ရပြီးတရားထူးမှ ယုတ်လျော့၏၊ ထိုရဟန်း၏ သူတော်ကောင်းတရားတို့သည် မဖြူစင်ကုန်၊ သူတော်ကောင်းတရားတို့၌ (မရဘဲ ရပြီးပြီဟု ) သော်လည်း အထင်ကြီးသူဖြစ်၏၊ မမွေ့လျော်ဘဲသော် လည်း မြတ်သော အကျင့်ကို ကျင့်သုံးရ၏၊ ညစ်နွမ်းသော အာပတ်တစ်မျိုးမျိုးသို့သော်လည်း ရောက် ရ၏၊ သိက္ခာချ၍သော်လည်း လူထွက်ရ၏၊ ပြင်းပြသော ဆေးကုခက်သော ရောဂါနာကျင်မှုကိုသော်လည်း တွေ့ထိရ၏၊ ရူးသွပ်ခြင်း စိတ်ပျံ့လွင့်ခြင်းသို့သော်လည်း ရောက်ရ၏၊ တွေတွေဝေဝေ ကွယ်လွန်ရ၏၊ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ မကောင်းသော လားရာ ဖရိုဖရဲ ပျက်စီး၍ ကျရောက်ရာ အပါယ်ငရဲ၌ ဖြစ်ရ၏။ ရဟန်းတို့ သီတင်းသုံးဖော်တို့အား ဆဲရေးတတ်သူ ရေရွတ်တတ်သူ၊ အရိယာတို့အား စွပ်စွဲတတ်သူ ထိုရဟန်းသည် ဤတစ်ဆယ့်တစ်မျိုးသော ပျက်စီးခြင်းတို့တွင် တစ်မျိုးမျိုးသော ပျက်စီးခြင်းသို့ မရောက်ရာသော အကြောင်းအခွင့် မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

၁။ ဤကွင်း ( ) အတွင်းရှိ စာသားသည် သီဟိုဠ်မူ ယိုးဒယားမူ ကမ္ဗောဒီးယားမူ အင်္ဂလိပ်မူတို့၌ မရှိ။