အင်္ဂုတ္တရနိကာယ်

၁-နိဿယဝဂ်

၇-ပဌမ သညာသုတ်

၇။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား—အသျှင်ဘုရား ရဟန်းတို့အား မြေ၌မြေဟု အမှတ်ရှိသူ မဖြစ်ရာ၊ ရေ၌ရေဟု အမှတ်ရှိသူမဖြစ်ရာ၊ မီး၌မီးဟု အမှတ်ရှိသူ မဖြစ်ရာ၊ လေ၌လေဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ကောင်းကင်တည်ရာ၌ အဆုံးမရှိသော ကောင်းကင်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ဝိညာဏ်၌ အဆုံးမရှိသော ဝိညာဏ်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်စုံတစ်ခုမျှ မရှိဟူသော တည်ရာ၌ တစ်စုံတစ်ခုမျှ မရှိသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ သညာရှိသည်လည်း မဟုတ် သညာမရှိသည်လည်းမဟုတ်ဟူသော တည်ရာ၌ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်း မဟုတ်ဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ ဤလောက၌ ဤလောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်ပါးသောလောက၌ တစ်ပါးသောလောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် ဖြစ်နိုင်ရာပါသလောဟု လျှောက်၏။ အာနန္ဒာ ရဟန်းအား မြေ၌မြေဟု အမှတ်ရှိသူ မဖြစ်ရာ၊ ရေ၌ရေဟု အမှတ်ရှိသူ မဖြစ်ရာ၊ မီး၌ မီးဟု အမှတ်ရှိသူ မဖြစ်ရာ၊ လေ၌လေဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ကောင်းကင်တည်ရာ၌ အဆုံးမရှိသော ကောင်းကင်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ဝိညာဏ်တည်ရာ၌ အဆုံး မရှိသော ဝိညာဏ်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်စုံတစ်ခုမျှမရှိဟူသောတည်ရာ၌ တစ်စုံတစ်ခုမျှ မရှိသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်း မဟုတ်ဟူသော တည်ရာ၌ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်းမဟုတ်ဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ ဤလောက၌ ဤလောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်ပါးသော လောက၌ တစ်ပါးသောလောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် ဖြစ်နိုင်ရာ၏ဟု့(မိန့်တော်မူ၏)။

အသျှင်ဘုရား ရဟန်းအား မြေ၌မြေဟု အမှတ်ရှိသူ မဖြစ်ရာ၊ ရေ၌ရေဟု အမှတ်ရှိသူ မဖြစ်ရာ၊ မီး၌မီးဟု အမှတ်ရှိသူ မဖြစ်ရာ၊ လေ၌လေဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ကောင်းကင် တည်ရာ၌ အဆုံးမရှိသော ကောင်းကင်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသောဝိညာဏ်တည်ရာ၌ အဆုံးမရှိသော ဝိညာဏ်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်စုံတစ်ခုမျှမရှိဟူသောတည်ရာ၌ တစ်စုံတစ်ခု မျှမရှိသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်းမဟုတ်ဟူသော တည်ရာ၌ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်းမဟုတ်ဟူသော တည်ရာဟု အမှတ် ရှိသူ မဖြစ်ရာ၊ ဤလောက၌ ဤလောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်ပါးသောလောက၌ တစ်ပါးသော လောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် အဘယ်သို့လျှင် ဖြစ်နိုင်ရာပါသနည်းဟု (လျှောက်၏ )။

အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် “သင်္ခါရအားလုံးငြိမ်းရာ ဥပဓိအားလုံးကို စွန့်ရာ တဏှာကုန်ရာ တပ်စွန်းမှုကင်းရာ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည် ငြိမ်သက်၏၊ နိဗ္ဗာန်သည် မွန်မြတ်၏”ဟု အမှတ်ရှိသူ ဖြစ်၏။ အာနန္ဒာ ဤသို့ဖြစ်လျှင် ရဟန်းအား မြေ၌မြေဟု အမှတ်ရှိသူ မဖြစ်ရာ၊ ရေ၌ရေဟု အမှတ်ရှိသူ မဖြစ်ရာ၊ မီး၌မီးဟု အမှတ်ရှိသူ မဖြစ်ရာ၊ လေ၌လေဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ကောင်းကင်တည်ရာ၌ အဆုံးမရှိသော ကောင်းကင်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ဝိညာဏ်တည်ရာ၌ အဆုံးမရှိသော ဝိညာဏ်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်စုံတစ်ခုမျှမရှိဟူသော တည်ရာ၌ တစ်စုံတစ်ခုမျှ မရှိသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ သညာရှိသည်လည်း မဟုတ် သညာမရှိသည်လည်း မဟုတ်ဟူသော တည်ရာ၌ သညာရှိသည်လည်းမဟုတ် သညာမရှိသည် လည်း မဟုတ်ဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ ဤလောက၌ ဤလောကဟု အမှတ်ရှိသူ မဖြစ် ရာ၊ တပါးသောလောက၌ တပါးသောလောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင် ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် ဖြစ်နိုင် ရာ၏ဟု (မိန့်တော်မူ၏)။

ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား ဟောကြားအပ်သော စကားကို နှစ်သက်ဝမ်းမြောက်၍ နေရာမှ ထကာ မြတ်စွာဘုရားအား ရှိခိုး၍ အရိုအသေပြုပြီးလျှင် အသျှင်သာရိပုတြာအထံသို့ ချဉ်းကပ်၍ အသျှင်သာရိပုတြာနှင့် အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသောနေရာ၌ ထိုင်နေလျက် အသျှင်သာရိပုတြာအား—ငါ့သျှင်သာရိပုတြာ ရဟန်းအား မြေ၌မြေဟု အမှတ်ရှိသူ မဖြစ်ရာ။ပ။ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ။ပ။ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် ဖြစ်နိုင်ရာပါသလောဟု လျှောက်၏။ ငါ့သျှင်အာနန္ဒာ ရဟန်းအား မြေ၌မြေဟု အမှတ်ရှိသူ မဖြစ်ရာ။ပ။ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် ဖြစ်နိုင်ရာ၏ဟု (ဆို၏ )။

ငါ့သျှင်သာရိပုတြာ ရဟန်းအား မြေ၌မြေဟု အမှတ်ရှိသူ မဖြစ်ရာ။ပ။ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ။ပ။

(သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် အဘယ်သို့လျှင် ဖြစ်နိုင်ရာပါသနည်းဟု (လျှောက်၏ )။

ငါ့သျှင်အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် “သင်္ခါရအားလုံးငြိမ်းရာ ဥပဓိအားလုံးကို စွန့်ရာ တဏှာကုန်ရာ တပ်စွန်းမှုကင်းရာ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည် ငြိမ်သက်၏၊ နိဗ္ဗာန်သည် မွန်မြတ်၏”ဟု အမှတ်ရှိသူ ဖြစ်၏။ ငါ့သျှင်အာနန္ဒာ ဤသို့လျှင် ရဟန်းအား မြေ၌မြေဟု အမှတ်ရှိသူ မဖြစ်ရာ။ပ။ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ။ပ။ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် ဖြစ်နိုင်ရာပါ၏ဟု (မိန့်ဆို၏ )။

ငါ့သျှင် အံ့ဖွယ် ရှိပေစွ၊ ငါ့သျှင် မဖြစ်ဖူးမြဲ ဖြစ်ပေစွ၊ မြတ်သော နိဗ္ဗာန်၌ ဆရာနှင့် တပည့်၏ အနက်ချင်း သဒ္ဒါချင်း စပ်မိပေစွတကား၊ ညီညွတ်ပေစွတကား၊ မဆန့်ကျင်ပေစွတကား၊ ငါ့သျှင် ငါသည် ယခုပင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ဤအနက်ကို မေးလျှောက်ခဲ့ပြီ၊ မြတ်စွာဘုရားကလည်း အသျှင် သာရိပုတြာကဲ့သို့ပင် ငါ့အား ထိုအက္ခရာ ထိုပုဒ် ထိုသဒ္ဒါတို့ဖြင့် ထိုအနက်ကို ဖြေတော်မူ၏။

ငါ့သျှင် အံ့ဖွယ် ရှိပေစွ၊ ငါ့သျှင် မဖြစ်ဖူးမြဲ ဖြစ်ပေစွ၊ မြတ်သော နိဗ္ဗာန်၌ ဆရာနှင့် တပည့်၏ အနက်ချင်း သဒ္ဒါချင်း စပ်မိပေစွတကား၊ ညီညွတ်ပေစွတကား၊ မဆန့်ကျင်ပေစွတကားဟု (ဆို၏ )။

သတ္တမသုတ်။