အင်္ဂုတ္တရနိကာယ်

၁-ကမ္မကာရဏဝဂ်

၆-သညောဇနသုတ်

၆။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ် နှစ်မျိုးတို့နည်းဟူမူŠ သံယောဇဉ်၏ အကြောင်းဖြစ်ကုန်သော တရားတို့၌ သာယာသောအားဖြင့် အဖန်ဖန် ရှုခြင်းလည်းကောင်း၊ သံယောဇဉ်တို့၏ အကြောင်းဖြစ်ကုန်သော တရားတို့၌ ငြီးငွေ့သောအားဖြင့် အဖန်ဖန် ရှုခြင်းလည်းကောင်း၊ ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ သံယောဇဉ်တို့၏ အကြောင်းဖြစ်ကုန်သော တရားတို့၌ သာယာသောအားဖြင့် ရှုသည်ဖြစ်၍ နေသောသူသည် တပ်မက်ခြင်း ရာဂကို မပယ်ဖြောက်နိုင်၊ ပစ်မှားခြင်းဒေါသကို မပယ်ဖြောက်နိုင်၊ တွေဝေခြင်း မောဟကို မပယ်ဖြောက်နိုင်၊ ရာဂ ဒေါသ မောဟကို မပယ်ဖြောက်နိုင်သည်ရှိသော် ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးမြည်တမ်းခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာပင်ပန်းခြင်းတို့မှ မလွတ်ကင်းနိုင်၊ ဝဋ်ဆင်းရဲမှ မလွတ်မြောက်နိုင်—ဟုငါဆို၏။ ရဟန်းတို့ သံယောဇဉ်တို့၏ အကြောင်းဖြစ်ကုန်သော တရားတို့၌ ငြီးငွေ့သောအားဖြင့် အဖန်ဖန် ရှုသည်ဖြစ်၍ နေသောသူသည် တပ်မက်ခြင်း ရာဂကို ပယ်စွန့်နိုင်၏၊ ပစ်မှားခြင်းဒေါသကို ပယ်စွန့်နိုင်၏၊ တွေဝေခြင်း မောဟကို ပယ်စွန့်နိုင်၏၊ ရာဂ ဒေါသ မောဟကို ပယ်စွန့်နိုင်သည်ရှိသော် ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးမြည်တမ်းခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာပင်ပန်းခြင်းတို့မှ လွတ်ကင်းနိုင်၏၊ ဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်၏ဟု ငါဆို၏။ ရဟန်းတို့ တရားတို့ကား ဤနှစ်မျိုးတို့တည်း—ဟု မိန့်တော်မူ၏။

ဆဋ္ဌသုတ်