အင်္ဂုတ္တရနိကာယ်

၁-ကမ္မကာရဏဝဂ်

၅-ဥပညာသသုတ်

၅။ ရဟန်းတို့ (ဈာန် သြဘာသနိမိတ် မျှလောက်သော) ကုသိုလ်တရားတို့၌ မရောင့်ရဲခြင်းနှင့် (အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ် နိဗ္ဗာန်ရောက်အောင်) အားထုတ် လုံ့လပြုရာ၌ မဆုတ်နစ်ခြင်းဟူသော ဤတရားနှစ်မျိုးတို့၏ ဂုဏ်ကို ငါသည် ကပ်ရောက်၍ သိပြီ။ ရဟန်းတို့ ငါသည် “ခန္ဓာကိုယ်၌ အရေ အကြော အရိုးသာ ကြွင်းလိုလျှင် ကြွင်းစေတော့၊ အသားအသွေးသည် ခန်းခြောက်လိုလျှင် ခန်းခြောက်စေတော့၊ ယောကျာ်းတို့၏ စွမ်းအား ယောကျာ်းတို့၏ လုံ့လ ယောကျာ်းတို့၏ ဥဿာဟဖြင့် ရောက်အပ်သော အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ် နိဗ္ဗာန်သို့ မရောက်သေးသမျှ အားထုတ်အပ်သော ဝီရိယ၏ ဆုတ်နစ်ခြင်းသည် မဖြစ်လတံ့”ဟု ဆုတ်နစ်ခြင်း မရှိမူ၍ အားထုတ်၏၊ ရဟန်းတို့ ထိုငါသည် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို မမေ့မလျှော့ အားထုတ်ခြင်းဖြင့် ရောက်အပ်ပြီ၊ အတုမရှိသော ယောဂတရားတို့၏ ကုန်ရာဖြစ်သော အရဟတ္တဖိုလ် နိဗ္ဗာန်ကို မမေ့မလျှော့ အားထုတ်ခြင်းဖြင့် ရောက်အပ်ပြီ။ ရဟန်းတို့ သင်တို့သည်လည်း “ခန္ဓာကိုယ်၌ အရေ အကြော အရိုးသာ ကြွင်းလိုလျှင် ကြွင်းစေတော့၊ အသားအသွေးသည် ခန်းခြောက်လိုလျှင် ခန်းခြောက်စေတော့၊ ယောကျာ်းတို့၏ စွမ်းအား ယောကျာ်းတို့၏ လုံ့လ ယောကျာ်းတို့၏ ဥဿာဟဖြင့် ရောက်အပ်သော ဈာန် မဂ် ဖိုလ် နိဗ္ဗာန်သို့ မရောက်သေးသမျှ အားထုတ်အပ်သော ဝီရိယ၏ ဆုတ်နစ်ခြင်းသည် မဖြစ်လတံ့”ဟု ဆုတ်နစ်ခြင်း မရှိမူ၍ အားထုတ်ကြကုန်လော့။ ရဟန်းတို့သည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ကောင်းစွာ ဝင်ရောက်သော အမျိုးသားတို့ လိုလားအပ်သော အကျင့်မြတ်၏ အဆုံးဖြစ်သော အတုမရှိသော အရဟတ္တဖိုလ်သို့ မကြာမီ ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေကုန်လတံ့။ ရဟန်းတို့ ထို့ကြောင့် “ခန္ဓာကိုယ်၌ အရေ အကြော အရိုးသာ ကြွင်းလိုလျှင် ကြွင်းစေတော့၊ အသားအသွေးသည် ခန်းခြောက်လိုလျှင် ခန်းခြောက်စေတော့၊ ယောကျာ်းတို့၏ စွမ်းအား ယောကျာ်းတို့၏ လုံ့လ ယောကျာ်းတို့၏ ဥဿာဟဖြင့် ရောက်အပ်သော ဈာန် မဂ် ဖိုလ် နိဗ္ဗာန်သို့ မရောက်သေးသမျှ အားထုတ်အပ်သော ဝီရိယ၏ ဆုတ်နစ်ခြင်းသည် မဖြစ်လတံ့”ဟု ကျင့်ရမည်။ ရဟန်းတို့ သင်တို့သည် ဤသို့သာလျှင် ကျင့်ရမည်—ဟု မိန့်တော်မူ၏။

ပဉ္စမသုတ်