အင်္ဂုတ္တရနိကာယ်
(၇) ၂-သုခဝဂ်
၆၅။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ကာမ ဂုဏ်ပြည့်စုံမှုလျှင် အကြောင်းရင်းရှိသော ‘ဂိဟိသုခ’ ချမ်းသာလည်းကောင်း၊ ရဟန်းအဖြစ်လျှင် အကြောင်း ရင်းရှိသော ‘ပဗ္ဗဇိတသုခ’ ချမ်းသာလည်းကောင်းတို့တည်း။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့ ပေတည်း။ ရဟန်းတို့ ဤချမ်းသာ နှစ်မျိုးတို့တွင် အကြင် ရဟန်းတို့၏ ရဟန်းအဖြစ်ကို အကြောင်းပြု၍ ဖြစ်သော ချမ်းသာသည် ရှိ၏၊ ထို ချမ်းသာသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၁)
၆၆။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ကာမဂုဏ် ကို အကြောင်းပြု၍ ဖြစ်သော ‘ကာမသုခ’ ချမ်းသာလည်းကောင်း၊ ကာမဂုဏ်မှ ထွက်မြောက်ခြင်းကို အကြောင်းပြု၍ ဖြစ်သော ‘နေက္ခမ္မသုခ’ ချမ်းသာလည်းကောင်းတို့တည်း။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ချမ်းသာတို့တွင် အကြင် ကာမဂုဏ်မှ ထွက်မြောက်ခြင်းကို အကြောင်းပြု၍ ဖြစ်သော ချမ်းသာသည် ရှိ၏၊ ထို ချမ်းသာသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၂)
၆၇။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— လောက၌ အကျုံးဝင်သော ‘ဥပဓိသုခ’ ချမ်းသာလည်းကောင်း၊ လောကုတ္တရာ၌ အကျုံးဝင်သော’နိရုပဓိသုခ’ ချမ်းသာလည်းကောင်းတို့တည်း။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ချမ်းသာတို့တွင် အကြင် လောကုတ္တရာ၌ အကျုံးဝင်သော ချမ်းသာသည် ရှိ၏၊ ထို ချမ်းသာသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၃)
၆၈။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— အာသဝေါတရားတို့၏ အကြောင်းဖြစ်သော ‘သာသဝသုခ’ ချမ်းသာလည်းကောင်း၊ အာသဝေါတရားတို့၏ အကြောင်း မဟုတ်သော ‘အနာသဝသုခ’ ချမ်းသာလည်းကောင်းတို့တည်း။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့ ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ချမ်းသာတို့တွင် အကြင် အာသဝေါတရားတို့၏ အကြောင်း မဟုတ်သော ချမ်းသာသည် ရှိ၏၊ ထို ချမ်းသာသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၄)
၆၉။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ကိလေသာ၏ အာရုံဖြစ်၍ ဝဋ်သုံးပါးသို့ ရောက်ကြောင်းဖြစ်သော ‘သာမိသသုခ’ ချမ်းသာလည်းကောင်း၊ ကိလေသာ၏ အာရုံမဟုတ်မူ၍ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော ‘နိရာမိသသုခ’ ချမ်းသာလည်းကောင်းတို့တည်း။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ချမ်းသာတို့တွင် အကြင် ကိလေသာ၏ အာရုံ မဟုတ်မူ၍ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော ချမ်းသာသည် ရှိ၏၊ ထို ချမ်းသာသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၅)
၇ဝ။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— အရိယာ ပုဂ္ဂိုလ်တို့၏ ချမ်းသာ ‘အရိယသုခ’လည်းကောင်း၊ ပုထုဇဉ်တို့၏ ချမ်းသာ ‘အနရိယသုခ’လည်းကောင်းတို့တည်း။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ချမ်းသာတို့တွင် အကြင် အရိယာပုဂ္ဂိုလ်တို့၏ ချမ်းသာသည် ရှိ၏၊ ထို ချမ်းသာသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၆)
၇၁။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ကိုယ်၌ ဖြစ်သော ချမ်းသာ ‘ကာယိကသုခ’လည်းကောင်း၊ စိတ်၌ဖြစ်သော ချမ်းသာ ‘စေတသိကသုခ’လည်းကောင်းတို့တည်း။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ချမ်းသာတို့တွင် အကြင် စိတ်၌ဖြစ်သော ချမ်းသာသည် ရှိ၏၊ ထို ချမ်းသာသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၇)
၇၂။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ပီတိနှင့် တကွဖြစ်သော ချမ်းသာ ‘သပ္ပီတိကသုခ’လည်းကောင်း၊ ပီတိကင်းသော ချမ်းသာ ‘နိပ္ပီတိကသုခ’လည်းကောင်းတို့တည်း။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ချမ်းသာတို့တွင် အကြင် ပီတိ ကင်းသော ချမ်းသာသည် ရှိ၏၊ ထို ချမ်းသာသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၈)
၇၃။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— သာယာ အပ်သော သဘောရှိသော ချမ်းသာ ‘သာတသုခ’လည်းကောင်း၊ လျစ်လျူရှုအပ်သော သဘောရှိသော ချမ်းသာ ‘ဥပေက္ခာသုခ’လည်းကောင်းတို့တည်း။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ချမ်းသာတို့တွင် အကြင် လျစ်လျူရှုအပ်သော သဘောရှိသော ချမ်းသာသည် ရှိ၏၊ ထို ချမ်းသာသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၉)
၇၄။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ဥပစာရ သမာဓိ အပ္ပနာသမာဓိကို မှီ၍ ဖြစ်သော ချမ်းသာ ‘သမာဓိသုခ’လည်းကောင်း၊ ဥပစာရသမာဓိ အပ္ပနာ သမာဓိမှ ကင်းသော ချမ်းသာ ‘အသမာဓိသုခ’လည်းကောင်းတို့တည်း။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ချမ်းသာတို့တွင် ဥပစာရသမာဓိ အပ္ပနာသမာဓိကို မှီ၍ ဖြစ်သော ချမ်းသာသည် ရှိ၏၊ ထို ချမ်းသာသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၁ဝ)
၇၅။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ပီတိနှင့် တကွသော ဈာန်ကို အာရုံပြု၍ ဖြစ်သော ချမ်းသာ ‘သပ္ပီတိကာရမ္မဏသုခ’လည်းကောင်း၊ ပီတိကင်းသော ဈာန်ကို အာရုံပြု၍ ဖြစ်သော ချမ်းသာ ‘နိပ္ပီတိကာရမ္မဏသုခ’လည်းကောင်းတို့တည်း။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ချမ်းသာတို့တွင် အကြင် ပီတိကင်းသော ဈာန်ကို အာရုံပြု၍ ဖြစ်သော ချမ်းသာသည် ရှိ၏၊ ထို ချမ်းသာသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၁၁)
၇၆။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— သာတ သဘောရှိသော ဈာန်ကို အာရုံပြု၍ ဖြစ်သော ချမ်းသာ ‘သာတာရမ္မဏသုခ’လည်းကောင်း၊ ဥပေက္ခာ သဘောရှိသော ဈာန်ကို အာရုံပြု၍ ဖြစ်သော ချမ်းသာ ‘ဥပေက္ခာရမ္မဏသုခ’လည်းကောင်းတို့တည်း။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤချမ်းသာနှစ်မျိုးတို့တွင် အကြင် ဥပေက္ခာသဘောရှိသော ဈာန်ကို အာရုံပြု၍ ဖြစ်သော ချမ်းသာသည် ရှိ၏၊ ထို ချမ်းသာသည် မြတ်ပေ သတည်းဟု (မိန့်တော်မူ၏)။ (၁၂)
၇၇။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ရူပါဝစရ ဈာန်လျှင် အာရုံရှိသော ‘ရူပါရမ္မဏသုခ’ ချမ်းသာလည်းကောင်း၊ အရူပါဝစရဈာန်လျှင် အာရုံရှိသော ချမ်းသာ ‘အရူပါရမ္မဏသုခ’ ချမ်းသာလည်းကောင်းတို့တည်း။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤချမ်းသာ နှစ်မျိုးတို့တွင် အကြင် အရူပါဝစရဈာန်လျှင် အာရုံရှိသော ချမ်းသာသည် ရှိ၏၊ ထို ချမ်းသာသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၁၃)
နှစ်ခုမြောက် သုခဝဂ် ပြီး၏။