အင်္ဂုတ္တရနိကာယ်

(၈) ၃-သနိမိတ္တဝဂ်

၇၈။ ရဟန်းတို့ အကုသိုလ်တရားယုတ်တို့သည် အကြောင်း ‘နိမိတ်’ ရှိကြမှ ဖြစ်ကုန်၏၊ အကြောင်း ‘နိမတ်’ မရှိကြဘဲ မဖြစ်ကုန်။ ထို အကုသိုလ်၏ အကြောင်း ‘နိမိတ်’ ကိုသာလျှင် ပယ်ခြင်းကြောင့် ထို အကုသိုလ်တရားယုတ်တို့သည် မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။ (၁)

၇၉။ ရဟန်းတို့ အကုသိုလ်တရားယုတ်တို့သည် အကြောင်း ‘နိဒါန်း’ ရှိကြမှ ဖြစ်ကုန်၏၊ အကြောင်း ‘နိဒါန်း’ မရှိကြဘဲ မဖြစ်ကုန်။ ထို အကုသိုလ်၏ အကြောင်း ‘နိဒါန်း’ ကိုသာလျှင် ပယ်ခြင်းကြောင့် ထို အကုသိုလ်တရားယုတ်တို့သည် မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။ (၂)

၈ဝ။ ရဟန်းတို့ အကုသိုလ်တရားယုတ်တို့သည် အကြောင်း ‘ဟိတ်’ ရှိကြမှ ဖြစ်ကုန်၏၊ အကြောင်း ‘ဟိတ်’ မရှိကြဘဲ မဖြစ်ကုန်။ ထို အကုသိုလ်၏ အကြောင်း ‘ဟိတ်’ ကိုသာလျှင် ပယ်ခြင်းကြောင့် ထို အကုသိုလ်တရားယုတ်တို့သည် မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။ (၃)

၈၁။ ရဟန်းတို့ အကုသိုလ်တရားယုတ်တို့သည် အကြောင်း ‘သင်္ခါရ’ ရှိကြမှ ဖြစ်ကုန်၏၊ အကြောင်း ‘သင်္ခါရ’ မရှိကြဘဲ မဖြစ်ကုန်။ ထို အကုသိုလ်တို့၏ အကြောင်း’သင်္ခါရ’ကိုသာလျှင် ပယ်ခြင်းကြောင့် ထို အကုသိုလ်တရားယုတ်တို့သည် မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။ (၄)

၈၂။ ရဟန်းတို့ အကုသိုလ်တရားယုတ်တို့သည် အကြောင်း’ပစ္စည်း’ ရှိကြမှ ဖြစ်ကုန်၏၊ အကြောင်း ‘ပစ္စည်း’ မရှိကြဘဲ မဖြစ်ကုန်။ ထို အကုသိုလ်တို့၏ အကြောင်း ‘ပစ္စည်း’ ကိုသာလျှင် ပယ်ခြင်းကြောင့် ထို အကုသိုလ်တရားယုတ်တို့သည် မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။ (၅)

၈၃။ ရဟန်းတို့ အကုသိုလ်တရားယုတ်တို့သည် အကြောင်း ‘ရုပ်’ ရှိကြမှ ဖြစ်ကုန်၏၊ အကြောင်း ‘ရုပ်’ မရှိကြဘဲ မဖြစ်ကုန်။ ထို အကုသိုလ်တို့၏ အကြောင်း ‘ရုပ်’ကိုသာလျှင် ပယ်ခြင်းကြောင့် ထို အကုသိုလ်တရားယုတ်တို့သည် မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။ (၆)

၈၄။ ရဟန်းတို့ အကုသိုလ်တရားယုတ်တို့သည် အကြောင်းဖြစ်သော သမ္ပယုတ်ဝေဒနာ ရှိကြမှ ဖြစ်ကုန်၏၊ အကြောင်းဖြစ်သော သမ္ပယုတ်ဝေဒနာ မရှိကြဘဲ မဖြစ်ကုန်။ ထို အကုသိုလ်တရားတို့၏ အကြောင်းဖြစ်သော သမ္ပယုတ်ဝေဒနာကိုသာလျှင် ပယ်ခြင်းကြောင့် ထို အကုသိုလ်တရားယုတ်တို့သည် မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။ (၇)

၈၅။ ရဟန်းတို့ အကုသိုလ်တရားယုတ်တို့သည် အကြောင်းဖြစ်သော သမ္ပယုတ်သညာ ရှိကြမှ ဖြစ်ကုန်၏။ အကြောင်းဖြစ်သော သမ္ပယုတ်သညာ မရှိကြဘဲ မဖြစ်ကုန်။ ထို အကုသိုလ်တရားတို့၏ အကြောင်းဖြစ်သော သမ္ပယုတ်သညာကိုသာလျှင် ပယ်ခြင်းကြောင့် ထို အကုသိုလ်တရားယုတ်တို့သည် မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။ (၈)

၈၆။ ရဟန်းတို့ အကုသိုလ်တရားယုတ်တို့သည် အကြောင်းဖြစ်သော သမ္ပယုတ်ဝိညာဏ် ရှိကြမှ ဖြစ်ကုန်၏၊ အကြောင်းဖြစ်သော သမ္ပယုတ်ဝိညာဏ် မရှိကြဘဲ မဖြစ်ကုန်။ ထို အကုသိုလ်တရားတို့၏ အကြောင်းဖြစ်သော သမ္ပယုတ်ဝိညာဏ်ကိုသာလျှင် ပယ်ခြင်းကြောင့် ထို အကုသိုလ်တရားယုတ်တို့သည် မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။ (၉)

၈၇။ ရဟန်းတို့ အကုသိုလ်တရားယုတ်တို့သည် သင်္ခတတရားကို အာရုံပြုကုန်၍သာ ဖြစ်ကုန်၏၊ အသင်္ခတတရားကို အာရုံပြုကုန်၍ မဖြစ်ကုန်။ ထို အကုသိုလ်တရား၏ သင်္ခတတရားကိုသာလျှင် ပယ်ခြင်းကြောင့် အကုသိုလ်တရားယုတ်တို့သည် မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။ (၁ဝ)

သုံးခုမြောက် သနိမိတ္တဝဂ် ပြီး၏။