အင်္ဂုတ္တရနိကာယ်

၂-ရထကာရဝဂ်

၂-သာရဏီယသုတ်

၁၂။ ရဟန်းတို့ ဦးထိပ်၌ အဘိသိက်သွန်းပြီးသော ရေမြေသနင်း ပြည့်ရှင်မင်းသည် ဤအရပ် သုံးမျိုးတို့ကို အသက်ထက်ဆုံး အောက်မေ့အပ်ကုန်၏။ အဘယ်သုံးမျိုးတိုနည်းဟူမူ— ရဟန်းတို့ ဦးထိပ်၌ အဘိသိက်သွန်းပြီးသော ရေမြေသနင်း ပြည့်ရှင်မင်းသည် အကြင် အရပ်၌ ဖွားမြင်၏။ ရဟန်းတို့ ဤဖွားမြင်ရာအရပ်သည် ဦးထိပ်၌ အဘိသိက်သွန်းပြီးသော ရေမြေသနင်း ပြည့်ရှင်မင်း၏ အသက် ထက်ဆုံး အောက်မေ့အပ်သော ပဌမအရပ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ဦးထိပ်၌ အဘိသိက်သွန်းပြီးသော ရေမြေသနင်း ပြည့်ရှင်မင်းသည် အကြင် အရပ်ဝယ် ဦးထိပ်၌ အဘိသိက်သွန်းအပ်၏။ ရဟန်းတို့ ဤအဘိသိက် သွန်းလောင်းရာအရပ်သည် ဦးထိပ်၌ အဘိသိက်သွန်းပြီးသော ရေမြေသနင်း ပြည့်ရှင်မင်း၏ အသက်ထက်ဆုံး အောက်မေ့အပ်သော ဒုတိယအရပ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ဦးထိပ်၌ အဘိသိက်သွန်းပြီးသော ရေမြေသနင်း ပြည့်ရှင်မင်းသည် အကြင် အရပ်၌ စစ်အောင်သောကြောင့် အောင်ပြီးသော စစ်ရှိသည်ဖြစ်၍ ထို စစ်မြေအရပ်ကို အုပ်ချုပ်၍ နေ၏။ ရဟန်းတို့ ထို စစ်အောင်မြင်ရာ အရပ်သည် ဦးထိပ်၌ အဘိသိက်သွန်းပြီးသော ရေမြေသနင်း ပြည့်ရှင်မင်း၏ အသက်ထက်ဆုံး အောက်မေ့အပ်သော တတိယအရပ်တည်း။ ရဟန်းတို့ ဦးထိပ်၌ အဘိသိက်သွန်းပြီးသော ရေမြေသနင်းပြည့်ရှင်မင်းသည် ဤအရပ်သုံးမျိုးတို့ကို အသက်ထက်ဆုံး အောက်မေ့အပ်ကုန်၏။

ရဟန်းတို့ ဤအတူသာလျှင် ရဟန်းသည် ဤအရပ်သုံးမျိုးတို့ကို အသက်ထက်ဆုံး အောက်မေ့ အပ်ကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ရဟန်းသည် အကြင် အရပ်၌ ဆံမုတ်ဆိတ်ကို ပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံပြီးလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်း ပြု၏။ ရဟန်းတို့ ဤရဟန်းပြုရာ အရပ်သည် ရဟန်း၏ အသက်ထက်ဆုံး အောက်မေ့အပ်သော ပဌမ အရပ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် အကြင် အရပ်၌ “ဤတရားကား ဆင်းရဲ”ဟုဟုတ်မှန်သော အတိုင်း သိ၏၊ “ဤတရားကား ဆင်းရဲဖြစ်ကြောင်း”ဟုဟုတ်မှန်သော အတိုင်း သိ၏၊ “ဤတရားကား ဆင်းရဲချုပ်ရာ”ဟုဟုတ်မှန်သော အတိုင်း သိ၏၊ “ဤတရားကား ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအကျင့်”ဟုဟုတ်မှန်သော အတိုင်း သိ၏၊ ရဟန်းတို့ ဤသစ္စာလေးပါးကိုဟုတ်မှန်သော အတိုင်း သိရာအရပ်သည် ရဟန်း၏ အသက်ထက်ဆုံး အောက်မေ့အပ်သော ဒုတိယအရပ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် အကြင် အရပ်၌ အာသဝေါတို့၏ ကုန်ခန်းခြင်းကြောင့် အာသဝေါ မရှိသော၊ စိတ်၏ ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်သမာဓိနှင့် ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက် ပြုလျက် ရောက်၍ နေ၏။ ရဟန်းတို့ ဤအရဟတ္တဖိုလ်သို့ ရောက်ရာအရပ်သည် ရဟန်း၏ အသက်ထက် ဆုံး အောက်မေ့အပ်သော တတိယအရပ်တည်း။ ရဟန်းတို့ ဤအရပ်သုံးမျိုးတို့ကို ရဟန်းသည် အသက် ထက်ဆုံး အောက်မေ့အပ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။