အင်္ဂုတ္တရနိကာယ်

(၁၃) ၃-ကုသိနာရဝဂ်

၂-ဘဏ္ဍနသုတ်

၁၂၅။ ရဟန်းတို့ အကြင် အရပ်၌ ရဟန်းတို့သည် မျက်ကွယ် မျက်မှောက် ငြင်းခုံလျက် ဆန့်ကျင်ဘက်စကား ပြောကြားပြီးလျှင် အချင်းချင်း နှုတ်လှံထိုးလျက် နေကုန်၏။ ရဟန်းတို့ ဤအရပ်သည် ငါ့အား နှလုံးသွင်းရန်သော်မှလည်း ချမ်းမြေ့သော အရပ်မဟုတ်၊ သွားရန်ကား အဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်း။ အမှန်ပင် ထို အသျှင်တို့သည်တရားသုံးမျိုးတို့ကို စွန့်လွှတ်ကြကုန်၏၊ တရားသုံးပါး တို့ကို ကြိမ်ဖန်များစွာ ပြုကြကုန်၏ဟု ဤအရာ၌ ငါဆုံးဖြတ်၏၊ အဘယ်သုံးမျိုးတို့ကို စွန့်လွှတ်ကုန် သနည်းဟူမူ— ကာမဂုဏ်တို့မှ ထွက်မြောက်ကြောင်းအကြံ၊ မပျက်စီးစေလိုခြင်းနှင့် စပ်သော အကြံ၊ မညှဉ်းဆဲစေလိုခြင်းနှင့် စပ်သော အကြံတို့တည်း။ ဤတရားသုံးမျိုးတို့ကို စွန့်လွှတ်ကုန်၏။ အဘယ် သုံးမျိုးတို့ကို ကြိမ်ဖန်များစွာ ပြုကုန်သနည်းဟူမူ— ကာမဂုဏ်နှင့် စပ်သော အကြံ၊ ပျက်စီးစေလိုခြင်းနှင့်စပ်သော အကြံ၊ ညှဉ်းဆဲလိုခြင်းနှင့် စပ်သော အကြံတို့တည်း။ ဤသုံးမျိုးတို့ကို ကြိမ်ဖန်များစွာ ပြုကုန်၏။ ရဟန်းတို့ အကြင် အရပ်၌ ရဟန်းတို့သည် မျက်ကွယ် မျက်မှောက် ငြင်းခုံလျက် ဆန့်ကျင် ဘက်စကား ပြောကြားပြီးလျှင် အချင်းချင်း နှုတ်လှံထိုးလျက် နေကုန်၏။ ရဟန်းတို့ ဤအရပ်သည် ငါ့အား နှလုံးသွင်းရန်သော်မှလည်း ချမ်းမြေ့သော အရပ် မဟုတ်၊ သွားရန်ကား အဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်း၊ “အမှန်ပင် ထို အသျှင်တို့သည်တရားသုံးမျိုးတို့ကို စွန့်လွှတ်ကုန်၏၊ တရားသုံးမျိုးတို့ကို ကြိမ်ဖန်များစွာ ပြုကြကုန်၏”ဟု ဤအရာ၌ ငါ ဆုံးဖြတ်၏။

ရဟန်းတို့ အကြင် အရပ်၌ ရဟန်းတို့သည် ညီညွတ်ကုန်၏၊ ဝမ်းမြောက်ကုန်၏၊ ငြင်းခုံခြင်း မရှိကုန်၊ နို့နှင့်ရေ ရောစပ်ထားသကဲ့သို့ အချင်းချင်း ချစ်ခင်မြတ်နိုးသော မျက်စိတို့ဖြင့် ကြည့်ရှုလျက် နေကုန်၏။ ရဟန်းတို့ ဤအရပ်သည် ငါ့အား သွားရန် ချမ်းမြေ့သော အရပ် ဖြစ်၏၊ နှလုံးသွင်းရန်ကား အဘယ်ဆိုဖွယ်ရာရှိတော့အံ့နည်း။ အမှန်ပင် ထို အသျှင်တို့သည်တရားသုံးမျိုးတို့ကို စွန့်လွှတ်ကုန်၏။ တရားသုံးမျိုးတို့ကို ကြိမ်ဖန်များစွာ ပြုကြကုန်၏ဟု ဤအရာ၌ ငါ ဆုံးဖြတ်၏။ အဘယ်သုံးမျိုးတို့ကို စွန့်လွှတ်ကုန်သနည်းဟူမူ— ကာမဂုဏ်နှင့် စပ်သော အကြံ ပျက်စီးစေလိုခြင်းနှင့် စပ်သော အကြံ ညှဉ်းဆဲစေလိုခြင်းနှင့် စပ်သော အကြံတို့တည်း။ ဤတရားသုံးမျိုးတို့ကို စွန့်လွှတ်ကုန်၏။ အဘယ်သုံးမျိုး တို့ကို ကြိမ်ဖန်များစွာ ပြုကုန်သနည်းဟူမူ— ကာမဂုဏ်တို့မှ ထွက်မြောက်ကြောင်းအကြံ မပျက်စီး စေလိုခြင်းနှင့် စပ်သော အကြံ မညှဉ်းဆဲလိုခြင်းနှင့်စပ်သော အကြံတို့တည်း။ ဤတရားသုံးမျိုးတို့ကို ကြိမ်ဖန်များစွာ ပြုကုန်၏။ ရဟန်းတို့ အကြင် အရပ်၌ ရဟန်းတို့သည် ညီညွတ်ကုန်၏။ ဝမ်းမြောက် ကုန်၏၊ ငြင်းခုံခြင်း မရှိကုန်၊ နို့နှင့်ရေ ရောစပ်ထားသကဲ့သို့ အချင်းချင်း ချစ်ခင်မြတ်နိုးသော မျက်စိတို့ ဖြင့် ကြည့်ရှုလျက် နေကုန်၏။ ရဟန်းတို့ ဤအရပ်သည် ငါ့အား သွားရန် ချမ်းမြေ ့သော အရပ်ဖြစ်၏၊ နှလုံးသွင်းရန်ကား အဘယ်ဆိုဖွယ်ရာရှိတော့အံ့နည်း။ “အမှန်ပင် ထို အသျှင်တို့သည် ဤတရားသုံးမျိုး တို့ကို စွန့်လွှတ်ကုန်၏၊ ဤတရားသုံးမျိုးတို့ကို ကြိမ်ဖန်များစွာ ပြုကုန်၏”ဟု ဤအရာ၌ ငါ ဆုံးဖြတ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။