အင်္ဂုတ္တရနိကာယ်
(၁၈) ၈-ရာဂပေယျာလ
၁၈၄။ ရဟန်းတို့ တပ်မက်ခြင်း ‘ရာဂ’ ကို ထူးသော ဉာဏ်ဖြင့် သိရန်တရားသုံးမျိုးတို့ကို ပွါးများအပ်ကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— (အတ္တမှ) ဆိတ်သုဉ်းသော တည်ကြည်ခြင်း ‘သုညတ သမာဓိ’၊ နိမိတ်မှ ကင်းသော တည်ကြည်ခြင်း ‘အနိမိတ္တသမာဓိ’၊ (တဏှာတည်းဟူသော) တောင့်တခြင်းမှ ကင်းသော တည်ကြည်ခြင်း ‘အပ္ပဏိဟိတသမာဓိ’တို့တည်း။ ရဟန်းတို့ တပ်မက်ခြင်း ‘ရာဂ’ ကို ထူးသော ဉာဏ်ဖြင့် သိရန် ဤတရားသုံးမျိုးတို့ကို ပွါးများအပ်ကုန်၏။ (၁)
(ရဟန်းတို့ တပ်မက်ခြင်း ရာဂကို ထူးသော ဉာဏ်ဖြင့် သိရန်တရားသုံးမျိုးတို့ကို ပွါးများ အပ်ကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ကြံစည်ခြင်း ‘ဝိတက်’ သုံးသပ်ခြင်း ‘ဝိစာရ’ ရှိသော တည်ကြည်ခြင်း ‘သမာဓိ’၊ ကြံစည်ခြင်း ‘ဝိတက်’ကား မရှိ, သုံးသပ်ခြင်း ‘ဝိစာရ’ မျှသာရှိသော တည်ကြည်ခြင်း ‘သမာဓိ’၊ ကြံစည်ခြင်း ‘ဝိတက်’လည်း မရှိ, သုံးသပ်ခြင်း ‘ဝိစာရ’လည်း မရှိသော တည်ကြည်ခြင်း ‘သမာဓိ’ တို့တည်း။ ရဟန်းတို့ ရာဂကို ထူးသော ဉာဏ်ဖြင့် သိရန် ဤတရားသုံးမျိုးတို့ကို ပွါးများ အပ်ကုန်၏)။
ရဟန်းတို့ ရာဂကို ပိုင်းခြား၍ သိရန်တရားသုံးမျိုးတို့ကို ပွါးများအပ်ကုန်၏။ပ။ ကုန်ခန်းစေရန်။ ပယ်ရန်။ ကုန်စေရန်။ ပျက်စီးစေရန်။ ကင်းကွာစေရန်။ ချုပ်ငြိမ်းစေရန်။ စွန့်လွှတ်ရန်။ တစ်ဖန် စွန့်လွှတ်ရန် ဤတရားသုံးမျိုးတို့ကို ပွါးများအပ်ကုန်၏။
ပြစ်မှားခြင်းကို။ တွေဝေခြင်းကို။ အမျက်ထွက်ခြင်းကို။ ရန်ငြိုးဖွဲ့ခြင်းကို။ သူ့ကျေးဇူးကို ချေဖျက်ခြင်းကို။ အပြိုင်ပြုခြင်းကို။ ငြူစူခြင်းကို။ ဝန်တိုခြင်းကို။ လှည့်ပတ်ခြင်းကို။ စဉ်းလဲခြင်းကို။ ခိုင်မာခြင်း ကို။ ခြုတ်ခြယ်ခြင်းကို။ ထောင်လွှားခြင်းကို။ အလွန်ထောင်လွှားခြင်းကို။ မာန်ယစ်ခြင်းကို။ မေ့လျောခြင်းကို ထူးသောဉာဏ်ဖြင့် သိရန်။ ပိုင်းခြား၍ သိရန်။ ကုန်ခန်းစေရန်။ ပယ်ရန်။ ကုန်စေရန်။ ပျက်စီးစေရန်။ ကင်းကွာစေရန်။ ချုပ်ငြိမ်းစေရန်။ စွန့်လွှတ်ရန်။ တစ်ဖန် စွန့်လွှတ်ရန် ဤတရားသုံးမျိုးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။
ဤစကားကို မြတ်စွာဘုရားသည် ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရားတော်ကို ဝမ်းမြောက်စွာ ခံယူကြလေကုန်သတည်း။
ရာဂပေယျာလ ပြီး၏။
တိကနိပါတ် ပြီး၏။