အင်္ဂုတ္တရနိကာယ်
၂-ရထကာရဝဂ်
၉-ပဌမ ပါပဏိကသုတ်
၁၉။ ရဟန်းတို့ အင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ဈေးသည်သည် မရသေးသော စည်းစိမ်ကို ရရန် သော်လည်းကောင်း၊ ရပြီးသော စည်းစိမ်ကို တိုးပွါးစေရန်သော်လည်းကောင်း မထိုက်။ အဘယ်သုံးမျိုး တို့နည်းဟူမူ— ရဟန်းတို့ (ဤလောက၌) ဈေးသည်သည် နံနက်အခါ၌ ရောင်းဝယ်မှုအလုပ်ကို ရိုရို သေသေ မစီရင် ‘မပြုလုပ်’၊ နေ့လယ်အခါ၌ ရောင်းဝယ်မှုအလုပ်ကို ရိုရိုသေသေ မစီရင် ‘မပြုလုပ်’၊ ညချမ်းအခါ၌ ရောင်းဝယ်မှုအလုပ်ကို ရိုရိုသေသေ မစီရင် ‘မပြုလုပ်’။ ရဟန်းတို့ ဤအင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ဈေးသည်သည် မရသေးသော စည်းစိမ်ကို ရရန်သော်လည်းကောင်း ရပြီးသော စည်းစိမ်ကို တိုးပွါးစေရန်သော်လည်းကောင်း မထိုက်။ ရဟန်းတို့ ဤအတူသာလျှင်တရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မရသေးသော ကုသိုလ်တရားကို ရရန်သော်လည်းကောင်း ရပြီးသော ကုသိုလ်တရားကို တိုးပွါးစေရန်သော်လည်းကောင်း မထိုက်။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် နံနက်အခါ၌ သမာဓိ၏ အာရုံကို ရိုရိုသေသေ မဆောက်တည်၊ နေ့လယ်အခါ၌ သမာဓိ၏ အာရုံကို ရိုရိုသေသေ မဆောက်တည်၊ ညချမ်းအခါ၌ သမာဓိ၏ အာရုံကို ရိုရိုသေသေ မဆောက်တည်။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မရသေးသော ကုသိုလ်တရားကို ရရန် သော်လည်းကောင်း၊ ရပြီးသော ကုသိုလ်တရားကို တိုးပွါးစေရန်သော်လည်းကောင်း မထိုက်။
ရဟန်းတို့ အင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ဈေးသည်သည် မရသေးသော စည်းစိမ်ကို ရရန်သော်လည်းကောင်း၊ ရပြီးသောစည်းစိမ်ကို တိုးပွါးစေရန်သော်လည်းကောင်း ထိုက်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤလောက၌ ဈေးသည်သည် နံနက်အခါ၌ ရောင်းဝယ်မှုအလုပ်ကို ရိုရိုသေသေ စီရင် ‘ပြုလုပ်၏’၊ နေ့လယ်အခါ၌ ရောင်းဝယ်မှုအလုပ်ကို ရိုရိုသေသေ စီရင် ‘ပြုလုပ်၏’၊ ညချမ်းအခါ၌့ရောင်းဝယ်မှုအလုပ်ကို ရိုရိုသေသေ စီရင် ‘ပြုလုပ်၏’။ ရဟန်းတို့ ဤအင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ဈေးသည်သည် မရသေးသော စည်းစိမ်ကို ရရန်သော်လည်းကောင်း၊ ရပြီးသောစည်းစိမ်ကို တိုးပွါးစေရန် သော်လည်းကောင်း ထိုက်၏။ ရဟန်းတို့ ဤအတူသာလျှင်တရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မရသေးသော ကုသိုလ်တရားကို ရရန်သော်လည်းကောင်း၊ ရပြီးသော ကုသိုလ်တရားကို တိုးပွါးစေ ရန်သော်လည်းကောင်း ထိုက်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် နံနက်အခါ၌ သမာဓိ၏ အာရုံကို ရိုရိုသေသေ ဆောက်တည်၏၊ နေ့လယ်အခါ၌ သမာဓိ၏ အာရုံကို ရိုရိုသေသေ ဆောက်တည်၏၊ ညချမ်းအခါ၌ သမာဓိ၏ အာရုံကို ရိုရိုသေသေ ဆောက်တည်၏၊ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မရသေးသော ကုသိုလ်တရားကို ရရန်သော်လည်းကောင်း၊ ရပြီးသော ကုသိုလ်တရားကို တိုးပွါးစေရန်သော်လည်းကောင်း ထိုက်၏ဟု (မိန့်တော်မူ၏)။
နဝမသုတ်။