အင်္ဂုတ္တရနိကာယ်

၃-ပုဂ္ဂလဝဂ်

၃-သခ ငါ်္ရသုတ်

၂၃။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဆင်းရဲခြင်းရှိသော ကိုယ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်၏၊ ဆင်းရဲခြင်းရှိသော နှုတ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်၏၊ ဆင်းရဲခြင်းရှိသော စိတ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်၏။ ထို ပုဂ္ဂိုလ်သည် ဆင်းရဲခြင်းရှိသော ကိုယ်၌ ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်သောကြောင့်, ဆင်းရဲခြင်းရှိသော နှုတ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်သောကြောင့်, ဆင်းရဲခြင်းရှိ သော စိတ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်သောကြောင့် ဆင်းရဲခြင်းရှိသော လောကသို့ ရောက်ရ၏။ ဆင်းရဲခြင်းရှိသော လောကသို့ ရောက်ရသော ထို ပုဂ္ဂိုလ်ကို ဆင်းရဲခြင်းနှင့် တကွဖြစ်သော တွေ့ထိခြင်း ‘ဖဿ’ တို့ တွေ့ထိကုန်၏၊ ဆင်းရဲခြင်းရှိသော တွေ့ထိခြင်း ‘ဖဿ’ တို့ တွေ့ထိအပ်သော ထိုသူသည် စင်စစ် ဆင်းရဲသော ဆင်းရဲခြင်းရှိသော ဝေဒနာကို ငရဲသူ သတ္တဝါတို့ကဲ့သို့ ခံစားရ၏။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဆင်းရဲခြင်းမရှိသော ကိုယ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်၏၊ ဆင်းရဲခြင်း မရှိသော နှုတ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်၏၊ ဆင်းရဲခြင်းမရှိသော စိတ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်၏။ ထိုသူသည် ဆင်းရဲခြင်းမရှိသော ကိုယ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်သောကြောင့်, ဆင်းရဲခြင်း မရှိသော နှုတ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်သောကြောင့်, ဆင်းရဲခြင်းမရှိသော စိတ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်သောကြောင့် ဆင်းရဲခြင်းမရှိသော လောကသို့ ရောက်ရ၏။ ဆင်းရဲခြင်းမရှိသော လောကသို့ရောက်ရသော ထို ပုဂ္ဂိုလ်ကို ဆင်းရဲခြင်းမရှိသော တွေ့ထိခြင်း ‘ဖဿ’ တို့ တွေ့ထိကုန်၏၊ ဆင်းရဲခြင်းမရှိသော တွေ့ထိခြင်း ‘ဖဿ’ တို့ တွေ့ထိအပ်သော ထိုသူသည် စင်စစ်ချမ်းသာသော ဆင်းရဲခြင်းမရှိသော ဝေဒနာကို သုဘကိဏှာ ဗြဟ္မာတို့ကဲ့သို့ ခံစားရ၏။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဆင်းရဲခြင်းရှိသည်လည်းဖြစ်သော ဆင်းရဲခြင်း မရှိသည်လည်းဖြစ်သော ကိုယ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်၏၊ ဆင်းရဲခြင်းရှိသည်လည်းဖြစ်သော ဆင်းရဲခြင်းမရှိသည်လည်းဖြစ်သော နှုတ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အား ထုတ်၏၊ ဆင်းရဲခြင်းရှိသည်လည်းဖြစ်သော ဆင်းရဲခြင်းမရှိသည်လည်းဖြစ်သော စိတ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်၏။ ထို ပုဂ္ဂိုလ်သည် ဆင်းရဲခြင်းရှိသည်လည်းဖြစ်သော ဆင်းရဲခြင်းမရှိသည်လည်းဖြစ်သော ကိုယ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်သောကြောင့်, ဆင်းရဲခြင်းရှိသည်လည်းဖြစ်သော ဆင်းရဲခြင်းမရှိသည်လည်းဖြစ်သော နှုတ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အား ထုတ်သောကြောင့်, ဆင်းရဲခြင်းရှိသည်လည်းဖြစ်သော ဆင်းရဲခြင်းမရှိသည်လည်းဖြစ်သော စိတ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်သောကြောင့် ဆင်းရဲခြင်းရှိသည်လည်းဖြစ်သော ဆင်းရဲခြင်းမရှိသည်လည်းဖြစ်သော လောကသို့ ရောက်ရ၏။ ဆင်းရဲခြင်းရှိသည်လည်းဖြစ်သော ဆင်းရဲခြင်းမရှိသည်လည်း ဖြစ်သော လောကသို့ရောက်ရသော ထို ပုဂ္ဂိုလ်ကို ဆင်းရဲခြင်းရှိသည်လည်းဖြစ်သော ဆင်းရဲခြင်းမရှိသည်လည်းဖြစ်သော တွေ့ထိခြင်း ‘ဖဿ’ တို့သည် တွေ့ထိကုန်၏၊ ဆင်းရဲခြင်းရှိသည်လည်းဖြစ်သော ဆင်းရဲခြင်းမရှိသည်လည်းဖြစ်သော တွေ့ထိခြင်း ‘ဖဿ’ တို့ တွေ့ထိအပ်သော ထို ပုဂ္ဂိုလ်သည် ဆင်းရဲခြင်းရှိသည်လည်းဖြစ်သော ဆင်းရဲခြင်းမရှိသည်လည်းဖြစ်သော ချမ်းသာဆင်းရဲရောပြွမ်းသော ဝေဒနာကို လူနှင့် အချို့သော နတ် အချို့သော ဝေမာနိကပြိတ္တာတို့ကဲ့သို့ ခံစားရ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။