အင်္ဂုတ္တရနိကာယ်
၅-စူဠဝဂ်
၁ဝ-အာတပ္ပကရဏီယသုတ်
၅ဝ။ ရဟန်းတို့ အကြောင်းသုံးမျိုးတို့ဖြင့် အားထုတ်ခြင်းကို ပြုအပ်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— မဖြစ်ကုန်သေးသော အကုသိုလ်တရားတို့ကို မဖြစ်စေခြင်းငှါ အားထုတ်ခြင်းကို ပြုအပ်၏၊ မဖြစ်ကုန်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေခြင်းငှါ အားထုတ်ခြင်းကို ပြုအပ်၏၊ ဖြစ်ပေါ်လာကုန်သော ပြင်းထန်ကုန် ကြမ်းတမ်းကုန် ကျင်နာစပ်ရှားကုန် မသာယာဖွယ်ဖြစ်ကုန် မနှစ်သက်ဖွယ်ဖြစ်ကုန် အသက် ကို ဆောင်တတ်ကုန် ကိုယ်၌ ဖြစ်ကုန်သော ဆင်းရဲဝေဒနာတို့ကိုသည်းခံနိ်ုင်ခြင်းငှါ အားထုတ်ခြင်းကို ပြုအပ်၏။ ရဟန်းတို့ ဤအကြောင်းသုံးမျိုးတို့ဖြင့် အားထုတ်ခြင်းကို ပြုအပ်၏။
ရဟန်းတို့ အကြင် အခါ၌ ရဟန်းသည် မဖြစ်ကုန်သေးသော အကုသိုလ်တရားတို့ကို မဖြစ်စေခြင်းငှါ အားထုတ်ခြင်းကို ပြု၏၊ မဖြစ်ကုန်သေးသောကုသိုလ်တရားတို့ကို ဖြစ်စေခြင်းငှါ အားထုတ်ခြင်းကို ပြု၏၊ ဖြစ်ပေါ်လာကုန်သော ပြင်းထန်ကုန် ကြမ်းတမ်းကုန် ကျင်နာ စပ်ရှားကုန် မသာယာဖွယ်ဖြစ်ကုန် မနှစ် သက်ဖွယ်ဖြစ်ကုန် အသက်ကို ဆောင်တတ်ကုန် ကိုယ်၌ ဖြစ်ကုန်သော ဆင်းရဲဝေဒနာတို့ကိုသည်းခံ နိ်ုင်ခြင်းငှါ အားထုတ်ခြင်းကို ပြု၏။ ရဟန်းတို့ ထိုအခါ၌ ဤရဟန်းကို ဆင်းရဲအဆုံးကို ကောင်းစွာ ပြုခြင်းငှါ အားထုတ်ခြင်းရှိသော ရင့်ကျက်သော ပညာရှိသော သတိနှင့် ပြည့်စုံသော ရဟန်းဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။