အင်္ဂုတ္တရနိကာယ်
(၈) ၃-အာနန္ဒဝဂ်
၆-ပဌမ ဘဝသုတ်
၇၇။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား အထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား— “အသျှင်ဘုရား ‘ဘဝ ဘဝ’ဟု ဆိုပါ၏၊ အသျှင်ဘုရား အဘယ်မျှလောက် အတိုင်းအရှည်ဖြင့် ဘဝဖြစ်ပါသနည်း”ဟု လျှောက်၏။
အာနန္ဒာ ကာမဓာတ် (ကာမဘုံ) ၌ အကျိုးပေးတတ်သော ကံ မဖြစ်ခဲ့လျှင် ကာမဘဝသည် ထင်ရှား ဖြစ်ပေါ်နိုင်အံ့လောဟု (မိန့်တော်မူ၏)။ ထင်ရှားမဖြစ်ပေါ်နိုင်ပါ အသျှင်ဘုရား၊ အာနန္ဒာ ဤသို့လျှင် ကံသည် လယ်ယာမြေနှင့် တူ၏၊ ဝိညာဉ်သည် မျိုးစေ့နှင့် တူ၏၊ တဏှာသည် အစေး ‘ရေ’ နှင့်တူ၏။ အဝိဇ္ဇာပိတ်ပင်အပ်ကုန်သည်ဖြစ်၍ တဏှာအနှောင်အဖွဲ့ရှိကုန်သော သတ္တဝါတို့အား ယုတ်နိမ့်သော ကာမ ဓာတ် (ကာမဘုံ) ၌ ဝိညာဉ်သည် တည်၏။ ဤသို့တည်သော် နောင်တစ်ဖန် ဘဝသစ်၌ ဖြစ်ရ၏။
အာနန္ဒာ ရူပဓာတ် (ရူပဘုံ) ၌ အကျိုးပေးတတ်သော ကံ မဖြစ်ခဲ့လျှင် ရူပဘဝသည် ထင်ရှား ဖြစ်ပေါ်နိုင်အံ့လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ထင်ရှားမဖြစ်ပေါ်နိုင်ပါ။ အာနန္ဒာ ဤသို့လျှင် ကံသည် လယ်ယာမြေနှင့် တူ၏၊ ဝိညာဉ်သည် မျိုးစေ့နှင့် တူ၏၊ တဏှာသည် အစေး ‘ရေ’ နှင့် တူ၏။ အဝိဇ္ဇာပိတ်ပင်အပ်ကုန်သည်ဖြစ်၍ တဏှာအနှောင်အဖွဲ့ရှိကုန်သော သတ္တဝါတို့အား အလယ်အလတ်ဖြစ်သော ရူပဓာတ် (ရူပဘုံ) ၌ ဝိညာဉ်သည် တည်၏။ ဤသို့တည်သော် နောင်တစ်ဖန် ဘဝသစ်၌ ဖြစ်ရ၏။
အာနန္ဒာ အရူပဓာတ် (အရူပဘုံ) ၌ အကျိုးပေးတတ်သော ကံ မဖြစ်ခဲ့လျှင် အရူပဘဝသည် ထင်ရှား ဖြစ်ပေါ်နိုင်အံ့လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ထင်ရှားမဖြစ်ပေါ်နိုင်ပါ။ အာနန္ဒာ ဤသို့လျှင် ကံသည် လယ်ယာမြေနှင့် တူ၏၊ ဝိညာဉ်သည် မျိုးစေ့နှင့် တူ၏၊ တဏှာသည် အစေး ‘ရေ’ နှင့် တူ၏။ အဝိဇ္ဇာပိတ်ပင်အပ်ကုန်သည်ဖြစ်၍ တဏှာအနှောင်အဖွဲ့ရှိကုန်သော သတ္တဝါတို့အား မြတ်သော အရူပဓာတ် (အရူပဘုံ) ၌ ဝိညာဉ်သည် တည်၏။ ဤသို့တည်သော် နောင်တစ်ဖန် ဘဝသစ်၌ ဖြစ်ရ၏၊ အာနန္ဒာ ဤသို့လျှင် ဘဝဖြစ်သတည်းဟု (ဟောတော်မူ၏)။
ဆဋ္ဌသုတ်။