အင်္ဂုတ္တရနိကာယ်
(၁၇) ၂-ပဋိပဒါဝဂ်
၇-မဟာမောဂ္ဂလ္လာနသုတ်
၁၆၇။ ထိုအခါ အသျှင်သာရိပုတြာသည် အသျှင်မဟာမောဂ္ဂလာန်မထေရ်ထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်မဟာမောဂ္ဂလာန် နှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီး၍ တစ်ခုသော နေရာ၌ ထိုင်လျက် အသျှင်မဟာမောဂ္ဂလာန်မထေရ်အား ဤစကားကို မိန့်ဆို၏—
ငါ့သျှင်မောဂ္ဂလာန် အကျင့်တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ဆင်းရဲ ငြိုငြင်စွာ ကျင့်ရ၍ နုံ့နှေးသော အသိဉာဏ်ရှိသော အကျင့်၊ ဆင်းရဲငြိုငြင်စွာ ကျင့်ရ၍ လျင်မြန်သော အသိဉာဏ်ရှိသော အကျင့်၊ ချမ်းသာလွယ်ကူစွာ ကျင့်ရ၍ နုံ့နှေးသော အသိဉာဏ်ရှိသော အကျင့်၊ ချမ်းသာလွယ်ကူစွာ ကျင့်ရ၍ လျင်မြန်သော အသိဉာဏ်ရှိသော အကျင့်တို့တည်း။ ငါ့သျှင် အကျင့်တို့သည် ဤလေးမျိုးတို့တည်း။ ငါ့သျှင် ဤလေးမျိုးကုန်သော အကျင့်တို့တွင် အဘယ်သို့သော အကျင့်ကို စွဲ၍ သင်၏ စိတ်သည် (တဏှာ ဒိဋ္ဌိတို့ဖြင့်) မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ ကင်းလွတ်ပါသနည်းဟု (မိန့်ဆို၏)။
ငါ့သျှင်သာရိပုတြာ အကျင့်တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ဆင်းရဲ ငြိုငြင်စွာ ကျင့်ရ၍ နုံ့နှေးသော အသိဉာဏ်ရှိသော အကျင့်၊ ဆင်းရဲငြိုငြင်စွာ ကျင့်ရ၍ လျင်မြန်သော အသိဉာဏ်ရှိသော အကျင့်၊ ချမ်းသာလွယ်ကူစွာ ကျင့်ရ၍ နုံ့နှေးသော အသိဉာဏ်ရှိသော အကျင့်၊ ချမ်းသာလွယ်ကူစွာ ကျင့်ရ၍ လျင်မြန်သော အသိဉာဏ်ရှိသော အကျင့်တို့တည်း။ ငါ့သျှင် အကျင့်တို့သည် ဤလေးမျိုးတို့တည်း။ ငါ့သျှင် ဤလေးမျိုးကုန်သော အကျင့်တို့တွင် အကြင် အကျင့်သည် ဆင်းရဲငြိုငြင်စွာ ကျင့်ရ၍ လျင်မြန်သော အသိဉာဏ်ရှိ၏၊ ဤအကျင့်ကို စွဲ၍ ငါ၏ စိတ်သည် (တဏှာ ဒိဋ္ဌိတို့ဖြင့်) မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ ကင်းလွတ်၏ဟု (ဆို၏)။
သတ္တမသုတ်။