အင်္ဂုတ္တရနိကာယ်
(၂ဝ) ၅-မဟာဝဂ်
၅-ဝပ္ပသုတ်
၁၉၅။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ နိဂဏ္ဌ၏တပည့် သာကီဝင်မင်းဝပ္ပသည် အသျှင်မဟာမောဂ္ဂလာန် အထံသို့ ချဉ်းကပ်၍ အသျှင်မဟာမောဂ္ဂလာန်ကို ရှိခိုးပြီလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော နိဂဏ္ဌ၏တပည့် သာကီဝင်မင်းဝပ္ပအား အသျှင်မဟာမောဂ္ဂလာန်သည်—
ဝပ္ပ ဤလောက၌ မသိမှု ‘အဝိဇ္ဇာ’ ကင်း၍ သိမှု ‘ဝိဇ္ဇာ’ ဖြစ်ခြင်းကြောင့် ကိုယ်ဖြင့် စောင့်စည်းမှု နှုတ်ဖြင့် စောင့်စည်းမှု စိတ်ဖြင့်စောင့်စည်းမှု ဖြစ်ရာ၏၊ ဝပ္ပ ယင်းအကြောင်းကြောင့် ဆင်းရဲခံစားရကြောင်း အာသဝေါတရားတို့သည် တမလွန်ဘဝ၌ သတ္တဝါကို နှိပ်စက်ကုန်ရာ၏၊ ထို အကြောင်းကို သင်မြင်၏လောဟု မေး၏။ အသျှင်ဘုရား ဤလောက၌ အကျိုးပေးခွင့် မရသေးသော မကောင်းမှုကံကို ရှေးဘဝက ပြုခဲ့ရာ၏၊ ထို အကြောင်းကြောင့် ဆင်းရဲခံစားရကြောင်း အာသဝေါတရားတို့သည် တမလွန်ဘဝ၌ သတ္တဝါကို နှိပ်စက်ကုန်ရာ၏၊ ထို အကြောင်းကို အကျွန်ုပ် မြင်ပါ၏ဟု (လျှောက်၏)။
နိဂဏ္ဌ၏ တပည့်ဖြစ်သော ဝပ္ပသာကီဝင်မင်းနှင့်အတူ အသျှင်မဟာမောဂ္ဂလာန်၏ ဤအကြား စကားသည် မပြီးပြတ်သေးချေ။
ထိုအခါ မြတ်စွာဘုရားသည် ညနေချမ်းအခါ၌ ကိန်းအောင်းရာမှ ထ၍ စည်းဝေးရာဇရပ်သို့ ချဉ်းကပ်တော်မူလျက် ခင်းထားသော နေရာ၌ ထိုင်တော်မူပြီးလျှင် အသျှင်မဟာမောဂ္ဂလာန်အား—
မောဂ္ဂလာန် ယခုအခါ၌ အဘယ်စကားဖြင့် စုဝေးနေကုန်သနည်း၊ (ငါမလာမီအတွင်း) မပြီးပြတ် သေးသော သင်တို့၏ အကြားစကားသည် အဘယ်နည်းဟု မေးတော်မူ၏။ အသျှင်ဘုရား အကျွန်ုပ်သည် ဤအစည်းအဝေး၌ နိဂဏ္ဌ၏တပည့် ဝပ္ပသာကီဝင်မင်းအား “ဝပ္ပ ဤလောက၌ မသိမှု ‘အဝိဇ္ဇာ’ ကင်း၍ သိမှု ‘ဝိဇ္ဇာ’ ဖြစ်ခြင်းကြောင့် ကိုယ်ဖြင့်စောင့်စည်းမှု နှုတ်ဖြင့်စောင့်စည်းမှု စိတ်ဖြင့်စောင့်စည်းမှု ဖြစ်ရာ၏၊ ဝပ္ပ ယင်းအကြောင်းကြောင့် ဆင်းရဲ ခံစားရကြောင်း အာသဝေါတရားတို့သည် တမလွန်ဘဝ၌ သတ္တဝါကို နှိပ်စက်ကုန်ရာ၏၊ ထို အကြောင်းကို သင်မြင်၏လော”ဟု မေးပါ၏။ အသျှင်ဘုရား ဤသို့မေးသည်ရှိသော် နိဂဏ္ဌ၏တပည့် ဝပ္ပသာကီဝင်မင်းသည် အကျွန်ုပ်အား “အသျှင်ဘုရား ဤလောက၌ အကျိုးပေးခွင့် မရသေးသော မကောင်းမှုကံကို ရှေးဘဝက ပြုခဲ့ရာ၏၊ ထို အကြောင်းကြောင့် ဆင်းရဲခံစားရကြောင်း အာသဝေါတရားတို့သည် တမလွန်ဘဝ၌ သတ္တဝါကို နှိပ်စက်ကုန်ရာ၏၊ ထို အကြောင်းကို အကျွန်ုပ် မြင်ပါ၏”ဟု ဆိုပါ၏။ အသျှင်ဘုရား ဤသည်လျှင် နိဂဏ္ဌ၏တပည့် ဝပ္ပသာကီဝင်မင်းနှင့်အတူ အကျွန်ုပ်၏ မပြီးပြတ်သေးသော အကြားစကားပါတည်း၊ ထိုအခါ မြတ်စွာဘုရား ကြွရောက်တော်မူလာပါသည်ဟု (လျှောက်၏)။
ထိုအခါ မြတ်စွာဘုရားသည် နိဂဏ္ဌ၏တပည့် ဝပ္ပသာကီဝင်မင်းအား “ဝပ္ပ ငါ့အား လိုက်လျော သင့်သော အရာကိုလည်း အကယ်၍ သင် လိုက်လျောသည် ဖြစ်အံ့၊ တားမြစ်သင့်သော အရာကိုလည်း အကယ်၍ သင် တားမြစ်သည် ဖြစ်အံ့၊ ငါဟောအပ်သော ပါဠိ၏ အနက်ကို မသိခဲ့မူ ထို အရာ၌ ငါ့ကိုသာ လျှင် ‘အသျှင်ဘုရား ဤပါဠိသည် အဘယ်သို့ ဖြစ်ပါသနည်း၊ ဤပါဠိ၏ အနက်သည် အဘယ်ပါနည်း’ဟု ပြန်၍ မေးလျှောက်ငြားအံ့၊ ဤအရာ၌ ငါတို့၏ စကားပြောဆိုမှုသည် ဖြစ်ရာ၏”ဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား မြတ်စွာဘုရားအား လိုက်လျောသင့်သော အရာကိုလည်း အကျွန်ုပ် လိုက်လျောပါမည်၊ တားမြစ်သင့်သော အရာကိုလည်း အကျွန်ုပ် တားမြစ်ပါမည်၊ မြတ်စွာဘုရားဟောအပ်သော ပါဠိ၏ အနက်ကို အကျွန်ုပ် မသိပါမူ ထို မသိသော အရာ၌ မြတ်စွာဘုရားကိုသာလျှင် “အသျှင်ဘုရား ဤပါဠိသည် ကား အဘယ်သို့ ဖြစ်ပါသနည်း၊ ဤပါဠိ၏ အနက်သည်ကား အဘယ်ပါနည်း”ဟု ပြန်၍ မေးလျှောက် ပါမည်၊ ဤအရာ၌ အကျွန်ုပ်တို့၏ စကားပြောဆိုမှုသည် ဖြစ်ပါစေလော့ဟု (လျှောက်၏)။
ဝပ္ပ ထို အရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ကိုယ်ဖြင့် အားထုတ်မှု ‘ကာယကံ’ဟူသော အကြောင်းကြောင့် ဆင်းရဲခြင်း ပူလောင်ခြင်း၏ အကြောင်းဖြစ်ကုန်သော အကြင် အာသဝေါတရားတို့သည် ဖြစ်ကုန်၏၊ ကိုယ်ဖြင့် အားထုတ်မှု ‘ကာယကံ’ မှ ကြဉ်သော ထို ပုဂ္ဂိုလ်အား ဤသို့ ဆင်းရဲခြင်း ပူလောင်ခြင်း၏ အကြောင်းဖြစ်ကုန်သော ထို အာသဝေါတရားတို့သည် မဖြစ်ကုန်၊ ထို ပုဂ္ဂိုလ်သည် အသစ် ဖြစ်သော ကံကိုလည်း မပြု၊ အဟောင်းဖြစ်သော ကံကိုလည်း တွေ့ထိ၍ တွေ့ထိ၍ ကင်းသည်ကို ပြု၏၊ ကိလေသာတို့ကို ဆွေးမြေ့စေတတ်သော (အရိယာမဂ်တည်းဟူသော) အကျင့်သည် ကိုယ်တိုင် သိမြင် နိုင်၏၊ အခါမလင့် အကျိုးပေး၏၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်၏၊ မိမိ၏ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်၏၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်၏။ ဝပ္ပ အကြင် (အရိယာမဂ်အကျင့်တည်းဟူသော) အကြောင်းကြောင့် သတ္တဝါကို ဆင်းရဲခံစားမှု၏ အကြောင်းဖြစ်ကုန်သော အာသဝေါတရားတို့သည် တမလွန်ဘဝ၌ အဖန်တလဲလဲ ဖြစ်ကုန်ရာ၏၊ ထို အကြောင်းကို သင်သည် မြင်၏လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဤသို့ မမြင်နိုင်ပါ (ဟု လျှောက်၏)။
ဝပ္ပ ထို အရာကို အဘယ်သို့ မှတ်ထင်သနည်း၊ နှုတ်ဖြင့် အားထုတ်မှု ‘ဝစီကံ’ဟူသော အကြောင်းကြောင့် ဆင်းရဲခြင်း ပူလောင်ခြင်း၏ အကြောင်းဖြစ်ကုန်သော အကြင် အာသဝေါတရားတို့သည် ဖြစ်ကုန်၏၊ နှုတ်ဖြင့် အားထုတ်မှု ‘ဝစီကံ’ မှ ကြဉ်သော ထို ပုဂ္ဂိုလ်အား ဤသို့ ဆင်းရဲခြင်း ပူလောင်ခြင်း၏ အကြောင်း ဖြစ်ကုန်သော ထို အာသဝေါတရားတို့သည် မဖြစ်ကုန်၊ ထို ပုဂ္ဂိုလ်သည် အသစ်ဖြစ်သော ကံကိုလည်း မပြု၊ အဟောင်းဖြစ်သော ကံကိုလည်း တွေ့ထိ၍ တွေ့ထိ၍ ကင်းသည်ကို ပြု၏၊ ကိလေသာတို့ကို ဆွေးမြေ့ စေတတ်သော (အရိယာမဂ်တည်းဟူသော) အကျင့်သည် ကိုယ်တိုင် သိမြင်နိုင်၏၊ အခါမလင့် အကျိုး ပေး၏၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ် ပြထိုက်၏၊ မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်၏၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်၏။ ဝပ္ပ့အကြင် (အရိယာမဂ် အကျင့်တည်းဟူသော) အကြောင်းကြောင့် သတ္တဝါကို ဆင်းရဲခံစားမှု၏ အကြောင်းဖြစ်ကုန်သော အာသဝေါတရားတို့သည် တမလွန်ဘဝ၌ အဖန်တလဲလဲ ဖြစ်ကုန်ရာ၏၊ ထို အကြောင်းကို သင်သည် မြင်၏လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဤသို့ မမြင်နိုင်ပါဟု (လျှောက်၏)။
ဝပ္ပ ထို အရာကို အဘယ်သို့ မှတ်ထင်သနည်း၊ စိတ်ဖြင့် အားထုတ်မှု ‘မနောကံ’ဟူသော အကြောင်းကြောင့် ဆင်းရဲခြင်း ပူလောင်ခြင်း၏ အကြောင်းဖြစ်ကုန်သော အကြင် အာသဝေါတရားတို့သည် ဖြစ်ကုန်၏၊ စိတ်ဖြင့် အားထုတ်မှု ‘မနောကံ’ မှ ကြဉ်သော ထို ပုဂ္ဂိုလ်အား ဤသို့ ဆင်းရဲခြင်း ပူလောင်ခြင်း၏ အကြောင်းဖြစ်ကုန်သော ထို အာသဝေါတရားတို့သည် မဖြစ်ကုန်၊ ထို ပုဂ္ဂိုလ်သည် အသစ်ဖြစ်သော ကံကိုလည်း မပြု၊ အဟောင်းဖြစ်သော ကံကိုလည်း တွေ့ထိ၍ တွေ့ထိ၍ ကင်းသည်ကို ပြု၏၊ ကိလေသာ တို့ကို ဆွေးမြေ့စေတတ်သော (အရိယာမဂ်တည်းဟူသော) အကျင့်သည် ကိုယ်တိုင် သိမြင်နိုင်၏၊ အခါ မလင့် အကျိုးပေး၏၊ လာလှည့် ရှုလှည့်ဟု ပြထိုက်၏၊ မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်၏၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်၏။ ဝပ္ပ အကြင် (အရိယာမဂ်အကျင့်တည်းဟူသော) အကြောင်းကြောင့် သတ္တဝါကို ဆင်းရဲခံစားမှု၏ အကြောင်းဖြစ်ကုန်သော အာသဝေါတရား တို့သည် တမလွန်ဘဝ၌ အဖန်တလဲလဲ ဖြစ်ကုန်ရာ၏၊ ထို အကြောင်းကို သင်သည် မြင်၏လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဤသို့ မမြင်နိုင်ပါ (ဟု လျှောက်၏)။
ဝပ္ပ ထို အရာကို အဘယ်သို့ မှတ်ထင်သနည်း၊ မသိခြင်း ‘အဝိဇ္ဇာ’ အကြောင်းကြောင့် ဆင်းရဲခြင်း ပူလောင်ခြင်း၏ အကြောင်းဖြစ်ကုန်သော အကြင် အာသဝေါတရားတို့သည် ဖြစ်ကုန်၏၊ မသိမှု ‘အဝိဇ္ဇာ’ ကင်း၍ သိမှု ‘ဝိဇ္ဇာ’ ဖြစ်ခြင်းကြောင့် ထို ပုဂ္ဂိုလ်အား ဤသို့ဆင်းရဲခြင်း ပူလောင်ခြင်း၏ အကြောင်းဖြစ်ကုန်သော ထို အာသဝေါတရားတို့သည် မဖြစ်ကုန်၊ ထို ပုဂ္ဂိုလ်သည် အသစ်ဖြစ်သော ကံကိုလည်း မပြု၊ အဟောင်းဖြစ်သော ကံကိုလည်း တွေ့ထိ၍ တွေ့ထိ၍ ကင်းသည်ကို ပြု၏၊ ကိလေသာတို့ကို ဆွေးမြေ့ စေတတ်သော (အရိယာမဂ်တည်းဟူသော) အကျင့်သည် ကိုယ်တိုင် သိမြင်နိုင်၏၊ အခါမလင့် အကျိုး ပေး၏၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်၏၊ မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်၏၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်၏။ ဝပ္ပ အကြင် (အရိယာမဂ်အကျင့်တည်းဟူသော) အကြောင်းကြောင့် သတ္တဝါကို ဆင်းရဲခံစားမှု၏ အကြောင်းဖြစ်ကုန်သော အာသဝေါတရား တို့သည် တမလွန်ဘဝ၌ အဖန်တလဲလဲ ဖြစ်ကုန်ရာ၏၊ ထို အကြောင်းကို သင်သည် မြင်၏လော (ဟု မေးတော်မူ၏)။ အသျှင်ဘုရား ဤသို့ မမြင်နိုင်ပါ (ဟု လျှောက်၏)။
ဤသို့ ကောင်းစွာ ကိလေသာမှ လွတ်သော စိတ်ရှိသော ရဟန်းအား အမြဲနေခြင်း ခြောက်မျိုးတို့ကို ရကုန်၏၊ ထို (ရဟန္တာ) ပုဂ္ဂိုလ်သည် မျက်စိဖြင့် ရူပါရုံကိုမြင်သော် ဝမ်းမမြောက်၊ ဝမ်းမနည်း၊ အောက်မေ့ခြင်း ‘သတိ’၊ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိသည်ဖြစ်၍ လျစ်လျူရှုလျက် နေ၏။ နားဖြင့် သဒ္ဒါရုံကို ကြားသော်။ပ။ နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်းရှူသော်။ပ။ လျှာဖြင့် ရသာရုံကို လျက်သော်။ပ။ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့သော်။ပ။ စိတ်ဖြင့် ဓမ္မာရုံကို သိသော် ဝမ်းမမြောက်၊ ဝမ်း မနည်း၊ အောက်မေ့ခြင်း ‘သတိ’၊ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ရှိသည်ဖြစ်၍ လျစ်လျူရှုလျက် နေ၏။ ထို ပုဂ္ဂိုလ်သည် ကိုယ်လျှင်အဆုံး ရှိသော ဝေဒနာကို ခံစားသော် “ကိုယ်လျှင် အဆုံးရှိသော ဝေဒနာကို ခံစား၏”ဟု သိ၏၊ အသက်လျှင် အဆုံးရှိသော ဝေဒနာကို ခံစားသော် “အသက်လျှင် အဆုံးရှိသော ဝေဒနာကို ခံစား၏”ဟု သိ၏၊ “ကိုယ်ခန္ဓာပျက်စီး၍ အသက်ကုန်ဆုံးပြီးသည်မှ အထက်၌ ဤဘဝ၌ပင် အလုံးစုံသော ခံစားဖွယ်တို့ကို မနှစ်သက်အပ်ကုန်သည်ဖြစ်၍ ငြိမ်းချမ်းကုန်လတ္တံ့”ဟု သိ၏။
ဝပ္ပ ဥပမာသော်ကား သစ်ပင်ကို စွဲ၍ အရိပ်သည် ထင်ရာ၏၊ ယောကျာ်းသည် ပေါက်တူး့ခြင်းတောင်းကို ယူ၍ သွားရာ၏၊ ထို ယောကျာ်းသည် ထို သစ်ပင်ကို အမြစ်ရင်း၌ ဖြတ်ရာ၏၊ အမြစ်ရင်းကို ဖြတ်၍ ပတ်ဝန်းကျင် တူးရာ၏၊ ပတ်ဝန်းကျင် တူး၍ အမြစ်တို့ကို နုတ်ရာ၏၊ အယုတ်ဆုံးအားဖြင့် ပန်းရင်းရိုးတံမျှသော အမြစ်သေးတို့ကိုမူလည်း ထုတ်ရာ၏၊ ထိုသူသည် ထို သစ်ပင်ကို အပိုင်းအပိုင်း ဖြတ်ရာ၏၊ အပိုင်းအပိုင်း ဖြတ်ပြီး၍ ခွဲရာ၏၊ ခွဲပြီး၍ အစိတ်အစိတ် ပြုရာ၏၊ အစိတ်အစိတ်ပြုပြီး၍ လေနေပူ၌ ခြောက်သွေ့စေရာ၏၊ လေနေပူဖြင့် ခြောက်သွေ့စေပြီး၍ မီးဖြင့် တိုက်ရာ၏၊ မီးဖြင့် တိုက်ပြီး၍ ပြာမီးသွေးကို ပြုရာ၏၊ ပြာမီးသွေးကို ပြုပြီး၍ ပြင်းထန်သော လေ၌မူလည်း လွှင့်ရာ၏၊ လျင်သော ရေအလျဉ်ရှိသော မြစ်၌မူလည်း မျှောရာ၏။ ဝပ္ပ ဤသို့ ဖျောက်ပယ်အပ်သော် သစ်ပင်ကိုစွဲ၍ဖြစ်သော အရိပ်သည် အမြစ်အရင်းကို ဖြတ်ပြီးဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏၊ အသစ် မဖြစ်ခြင်းကို ပြုပြီးဖြစ်၏၊ တစ်ဖန်မဖြစ်ခြင်းသို့ ရောက်၏၊ နောင်အခါ ဖြစ်ခြင်းသဘောမရှိ။
ဝပ္ပ ဤအတူပင်လျှင် ဤသို့ ကောင်းစွာ ကိလေသာမှ လွတ်သော စိတ်ရှိသော ရဟန်းအား အမြဲ နေခြင်း ခြောက်မျိုးတို့ကို ရကုန်၏၊ ထို (ရဟန္တာ) ပုဂ္ဂိုလ်သည် မျက်စိဖြင့် ရူပါရုံကိုမြင်သော် ဝမ်း မမြောက်၊ ဝမ်းမနည်း၊ အောက်မေ့ခြင်း ‘သတိ’၊ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိသည်ဖြစ်၍ လျစ်လျူရှုလျက် နေ၏။ နားဖြင့် သဒ္ဒါရုံကို ကြားသော်။ပ။ နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်းရှူသော်။ပ။ လျှာဖြင့် ရသာရုံကို လျက်သော်။ပ။ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို ထိသော်။ပ။ စိတ်ဖြင့် ဓမ္မာရုံကို သိသော် ဝမ်းမမြောက်၊ ဝမ်းမနည်း၊ အောက်မေ့ခြင်း ‘သတိ’၊ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိသည် ဖြစ်၍ လျစ်လျူရှုလျက် နေ၏။ ထို ပုဂ္ဂိုလ်သည် ကိုယ်လျှင်အဆုံးရှိသော ဝေဒနာကို ခံစားသော် “ကိုယ်လျှင်အဆုံးရှိသော ဝေဒနာကို ခံစား၏”ဟု သိ၏၊ အသက်လျှင်အဆုံးရှိသော ဝေဒနာကို ခံစားသော် “အသက်လျှင်အဆုံးရှိသော ဝေဒနာ ကို ခံစား၏”ဟု သိ၏၊ “ကိုယ်ခန္ဓာ ပျက်စီး၍ အသက်ကုန်ဆုံးပြီးသည်မှ အထက်၌ ဤဘဝ၌ပင်လျှင် အလုံးစုံသော ဝေဒနာတို့ကို မနှစ်သက်အပ်ကုန်သည် ဖြစ်၍ ငြိမ်းချမ်းကုန်လတ္တံ့”ဟု သိ၏ဟု (မိန့်တော်မူ၏)။
ဤသို့ မိန့်တော်မူအပ်သော် နိဂဏ္ဌ၏တပည့် ဝပ္ပသာကီဝင်မင်းသည် မြတ်စွာဘုရားအား ဤစကား ကို လျှောက်၏— “အသျှင်ဘုရား ဥပမာသော်ကား အတိုးအပွါးကို အလိုရှိသော ယောကျာ်းသည် ရောင်းရ မည့် မြင်းငယ်ကို ကျွေးမွေးရာ၏၊ ထို ယောကျာ်းသည် အတိုးအပွါးကိုလည်း မရရာ၊ ထို့ထက် အလွန်လည်း ပင်ပန်းခြင်း ဆင်းရဲခြင်းအဖို့ရှိသည်လည်း ဖြစ်ရာ၏။ အသျှင်ဘုရား ဤအတူသာလျှင် အတိုး အပွါးကို အလိုရှိသော အကျွန်ုပ်သည် မိုက်သော နိဂဏ္ဌကို ဆည်းကပ်လုပ်ကျွေး၏၊ ထို အကျွန်ုပ်သည် အတိုးအပွါးကိုလည်း မရ၊ ထို့ထက် အလွန်ပင်ပန်းခြင်း ဆင်းရဲခြင်းအဖို့ရှိသည်လည်း ဖြစ်ပါ၏။ အသျှင် ဘုရား ထို အကျွန်ုပ်သည် ယနေ့မှစ၍ မိုက်ကုန်သော နိဂဏ္ဌတို့၌ အကျွန်ုပ်၏ ကြည်ညိုခြင်းကို ပြင်းထန် သော လေ၌မူလည်း လွှင့်ပါ၏၊ လျင်စွာသော ရေအလျဉ်၌မူလည်း မျှောပါ၏။ အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။ပ။ အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သော ဥပါသကာဟူ၍ မှတ်တော်မူပါ”ဟု (လျှောက်၏)။
ပဉ္စမသုတ်၊