အင်္ဂုတ္တရနိကာယ်

(၂ဝ) ၅-မဟာဝဂ်

၄-သာမုဂိယာသုတ်

၁၉၄။ အခါတစ်ပါး၌ အသျှင်အာနန္ဒာသည် ကောလိယတိုင်း ကောလိယမင်းတို့၏ သာမုဂိယမည်သော နိဂုံး၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ သာမုဂိယနိဂုံးနေ များစွာကုန်သော ကောလိယ မင်းသားတို့သည် အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်၍ အသျှင်အာနန္ဒာကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်ကြ ကုန်၏၊ တစ်ခုသော နေရာ၌ ထိုင်ကြကုန်သော ထို ကောလိယမင်းသားတို့အား အသျှင်အာနန္ဒာသည် ဤစကားကို မိန့်တော်မူ၏—

ဗျဂ္ဃပဇ္ဇမင်းသားတို့၁ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထို မြတ်စွာဘုရားသည် သတ္တဝါတို့၏ စင်ကြယ်ရန်၊ စိုးရိမ်ခြင်း ငိုကြွေးခြင်းတို့မှ လွတ်မြောက်စေရန်၊ ဆင်းရဲခြင်း နှလုံးမသာခြင်းတို့၏ ချုပ်ငြိမ်းရန်၊ အရိယာမဂ်ကို ရရန်၊ နိဗ္ဗာန်ကိုမျက်မှောက်ပြုရန်၊ ဤစင်ကြယ်ကြောင်း အားထုတ်မှု ‘ဝီရိယ’ အစု လေးမျိုးတို့ကို ကောင်းစွာ ဟောတော်မူအပ်ကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— သီလစင်ကြယ်ကြောင်း အားထုတ်မှု ‘ဝီရိယ’ အစု၊ စိတ် ‘သမာဓိ’ စင်ကြယ်ကြောင်းအားထုတ်မှု ‘ဝီရိယ’ အစု၊ ဒိဋ္ဌိ ‘ပညာ’ စင်ကြယ် ကြောင်းအားထုတ်မှု ‘ဝီရိယ’ အစု၊ ဝိမုတ္တိ ‘အရဟတ္တဖိုလ်’ စင်ကြယ်ကြောင်း အားထုတ်မှု ‘ဝီရိယ’ အစုတို့တည်း။

ဗျဂ္ဃပဇ္ဇမင်းသားတို့ သီလစင်ကြယ်ကြောင်းအားထုတ်မှု ‘ဝီရိယ’ အစုဟူသည် အဘယ်နည်း၊ ဗျဂ္ဃပဇ္ဇ မင်းသားတို့ ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏။ပ။ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏၊ ဗျဂ္ဃပဇ္ဇမင်းသားတို့ ဤသည်ကို သီလ၏ စင်ကြယ်မှုဟူ၍ ဆိုအပ်၏။ ဤသို့သဘောရှိသော သီလစင်ကြယ်မှုကို မပြည့်စုံသေးမူ ပြည့်စုံစေအံ့၊ ပြည့်စုံပြီးဖြစ်မူ ထို ထို အရာ၌ ပညာဖြင့် ချီးမြှောက်အံ့ဟု ထိုသို့ ပြည့်စုံစေရာ ချီးမြှောက်ရာ၌ ပြုလိုမှု ‘ဆန္ဒ’၊ အားထုတ်ခြင်း ‘ဝါယာမ’၊ လွန်စွာ အားထုတ်ခြင်း ‘ဥဿာဟ’၊ ထို့ထက် လွန်စွာအား ထုတ်ခြင်း ‘ဥေဿာဠှီ’၊ မဆုတ်နစ်ခြင်း ‘အပ္ပဋိဝါနီ’၊ အောက်မေ့ခြင်း ‘သတိ’၊ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ဟူသော ဤတရားအစုကို သီလစင်ကြယ်ကြောင်းအားထုတ်မှု ‘ဝီရိယ’ အစုဟူ၍ ဆိုအပ်၏။

ဗျဂ္ဃပဇ္ဇမင်းသားတို့ စိတ် ‘သမာဓိ’ စင်ကြယ်ကြောင်းအားထုတ်မှု ‘ဝီရိယ’ အစုဟူသည် အဘယ်နည်း၊ ဗျဂ္ဃပဇ္ဇမင်းသားတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ ဗျဂ္ဃပဇ္ဇမင်းသားတို့ ဤသည်ကို စိတ်၏ စင်ကြယ်မှုဟူ၍ ဆိုအပ်၏၊ ဤသို့သဘော ရှိသော စိတ်စင်ကြယ်မှုကို မပြည့်စုံသေးမူ ပြည့်စုံစေအံ့၊ ပြည့်စုံပြီးဖြစ်မူ ထို ထို အရာ၌ ပညာဖြင့် ချီးမြှောက်အံ့ဟု ထိုသို့ ပြည့်စုံစေရာ ချီးမြှောက်ရာ၌ ပြုလိုမှု ‘ဆန္ဒ’၊ အားထုတ်ခြင်း ‘ဝါယာမ’၊ လွန်စွာ အားထုတ်ခြင်း ‘ဥဿာဟ’၊ ထို့ထက်လွန်စွာအားထုတ်ခြင်း ‘ဥေဿာဠှီ’၊ မဆုတ်နစ်ခြင်း ‘အပ္ပဋိဝါနီ’၊ အောက်မေ့ခြင်း ‘သတိ’၊ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ဟူသော ဤတရားအစုကို စိတ် ‘သမာဓိ’၏ စင်ကြယ် ကြောင်းအားထုတ်မှု ‘ဝီရိယ’ အစုဟူ၍ ဆိုအပ်၏။

ဗျဂ္ဃပဇ္ဇမင်းသားတို့ ဒိဋ္ဌိ ‘ပညာ’ စင်ကြယ်ကြောင်းအားထုတ်မှု ‘ဝီရိယ’ အစုဟူသည် အဘယ်နည်း၊ ဗျဂ္ဃပဇ္ဇမင်းသားတို့ ဤသာသနာတော်၌ ရဟန်းသည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ပ။ ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ ဗျဂ္ဃပဇ္ဇမင်းသားတို့ ဤသည်ကို ဒိဋ္ဌိ ‘ပညာ’၏ စင်ကြယ်မှုဟူ၍ ဆိုအပ်၏၊ ဤသို့သဘောရှိသော ဒိဋ္ဌိ ‘ပညာ’၏ စင်ကြယ်မှုကို မပြည့်စုံသေးမူ။ပ။ ထို ထို အရာ၌ ပညာဖြင့် ချီးမြှောက်အံ့ဟု ထိုသို့ ပြည့်စုံစေရာ ချီးမြှောက်ရာ၌ ပြုလိုမှု ‘ဆန္ဒ’၊ အားထုတ်ခြင်း ‘ဝါယာမ’၊ လွန်စွာအားထုတ်ခြင်း ‘ဥဿာဟ’၊ ထို့ထက်လွန်စွာ အားထုတ်ခြင်း ‘ဥေဿာဠှီ’၊ မဆုတ်နစ်ခြင်း ‘အပ္ပဋိဝါနီ’၊ အောက်မေ့ခြင်း ‘သတိ’၊ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ဟူသော ဤတရားအစုကို ဒိဋ္ဌိ ‘ပညာ’၏ စင်ကြယ်ကြောင်းအားထုတ်မှု (ဝီရိယ) အစုဟူ၍ ဆိုအပ်၏။

ဗျဂ္ဃပဇ္ဇမင်းသားတို့ ဝိမုတ္တိ ‘အရဟတ္တဖိုလ်’ စင်ကြယ်ကြောင်း အားထုတ်မှု ‘ဝီရိယ’ အစုဟူသည် အဘယ်နည်း၊ ဗျဂ္ဃပဇ္ဇမင်းသားတို့ ဤသီလစင်ကြယ်ကြောင်းအားထုတ်မှု ‘ဝီရိယ’အစု၊ ဤစိတ်စင်ကြယ် ကြောင်းအားထုတ်မှု’ဝီရိယ’ အစု၊ ဤဒိဋ္ဌိ ‘ပညာ’ စင်ကြယ်ကြောင်းအားထုတ်မှု ‘ဝီရိယ’ အစုနှင့် ပြည့်စုံသော ထို အရိယာတပည့်သည် စွဲမက်ဖွယ်တရားတို့၌ စိတ်ကို ကင်းစေ၏၊ လွတ်မြောက်ဖွယ်တရားတို့၌ စိတ်ကို လွတ်မြောက်စေ၏၊ ထိုသူသည် စွဲမက်ဖွယ်တရားတို့၌ စိတ်ကို ကင်းစေ၍ လွတ်မြောက်ဖွယ်တရားတို့၌ စိတ်ကို လွတ်မြောက်စေ၍ အသင့်အားဖြင့်ဝိမုတ္တိ ‘အရဟတ္တဖိုလ်’သို့ ရောက်၏။ ဗျဂ္ဃပဇ္ဇမင်းသားတို့ ဤသည်ကို ဝိမုတ္တိ ‘အရဟတ္တဖိုလ်’ စင်ကြယ်မှုဟု ဆိုအပ်၏၊ ဤသို့သဘောရှိသော ဝိမုတ္တိ ‘အရဟတ္တဖိုလ်’ စင်ကြယ်မှုကို မပြည့်စုံသေးမူ ပြည့်စုံစေအံ့၊ ပြည့်စုံပြီးဖြစ်မူ ထို ထို အရာ၌ ပညာဖြင့် ချီးမြှောက်အံ့ဟု ထိုသို့ ပြည့်စုံစေရာ ချီးမြှောက်ရာ၌ ပြုလိုမှု ‘ဆန္ဒ’၊ အားထုတ်ခြင်း ‘ဝါယာမ’၊ လွန်စွာအားထုတ်ခြင်း ‘ဥဿာဟ’၊ ထို့ထက် လွန်ကဲစွာအားထုတ်ခြင်း ‘ဥေဿာဠှီ’၊ မဆုတ်နစ်ခြင်း ‘အပ္ပဋိဝါနီ’၊ အောက်မေ့ခြင်း ‘သတိ’၊ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ဟူသော ဤတရားအစုကို ဝိမုတ္တိ ‘အရဟတ္တဖိုလ်’၏ စင်ကြယ်ကြောင်း အားထုတ်မှု ‘ဝီရိယ’ အစုဟူ၍ ဆိုအပ်၏။

ဗျဂ္ဃပဇ္ဇမင်းသားတို့ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထို မြတ်စွာဘုရားသည် သတ္တဝါတို့၏ စင်ကြယ်ရန်၊ စိုးရိမ်ခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်စေရန၊ ် ဆင်းရဲခြင်း နှလုံးမသာခြင်းတို့၏ချုပ်ငြိမ်းရန်၊ အရိယာ မဂ်ကိုရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန်၊ ဤစင်ကြယ်ကြောင်းအားထုတ်မှု ‘ဝီရိယ’ အစု လေးမျိုးတို့ကို ကောင်းစွာ ဟောတော်မူအပ်ကုန်၏ဟု (မိန့်ဆို၏)၊

စတုတ္ထသုတ်။

၁။ ကျားတို့၏ သွားလာရာ လမ်းခရီး၌ တည်ထားသောကြောင့် ကောလိယမြို့ကို ဗျဂ္ဃပဇ္ဇမြို့ဟူ၍လည်းခေါ်သည်။