အင်္ဂုတ္တရနိကာယ်
(၂၄) ၄-ကမ္မဝဂ်
၃-သောဏကာယနသုတ်
၂၃၄။ ထိုအခါ သိခါမောဂ္ဂလာန်ပုဏ္ဏားသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက် ဝမ်းသာ နှုတ်ဆက် ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား—
အသျှင်ဂေါတမ ယခင့် ယခင်နေ့တို့၌ သောဏကာယနလုလင်သည် အကျွန်ုပ်ထံသို့ ချဉ်းကပ်၍ “ရဟန်းဂေါတမသည် ကံအားလုံးတို့ကို မပြုရဟု ပညတ်၏၊ ကံအားလုံးတို့ကို မပြုရဟု ပညတ်သူသည် သတ္တလောက၏ ပြတ်ခြင်းကို ဆိုရာရောက်၏၊ အသျှင် ဤသတ္တလောကသည် ကံသဘောရှိ၏၊ ကံကို အားထုတ်ခြင်းကြောင့် တည်၏”ဟု အကျွန်ုပ်အား ဤစကားကို ဆိုပါသည်ဟု လျှောက်၏။
ပုဏ္ဏားသောဏကာယနလုလင်ကို မြင်ဖူးသည်ကိုမျှလည်း ငါမသိစဖူး၊ ဤသို့ သဘောရှိသော စကားကို ပြောဟောသည်ဟူသည်ကား အဘယ်မှာ ဖြစ်နိုင်အံ့နည်း။ ပုဏ္ဏား ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု၍ ငါဟောကြားအပ်သော ကံတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ပုဏ္ဏား မည်းညစ်၍ မည်းညစ်သော အကျိုးရှိသည့် (ကဏှ ကဏှဝိပါက) ကံသည် ရှိ၏၊ ပုဏ္ဏား ဖြူစင်၍ ဖြူစင်သော အကျိုးရှိသည့် (သုက္ကသုက္ကဝိပါက) ကံသည် ရှိ၏၊ ပုဏ္ဏား မည်းညစ် ဖြူစင်၍ မည်းညစ် ဖြူစင်သော အကျိုးရှိသည့် (ကဏှသုက္က ကဏှသုက္ကဝိပါက) ကံသည် ရှိ၏၊ ပုဏ္ဏား မမည်းညစ် မဖြူစင်၍ မမည်းညစ် မဖြူစင်သော အကျိုးရှိသည့် ကံကုန်ဆုံးရန်ဖြစ်သော (အကဏှအသုက္က အကဏှ အသုက္ကဝိပါက) ကံသည် ရှိ၏။
ပုဏ္ဏား မည်းညစ်၍ မည်းညစ်သော အကျိုးရှိသည့် (ကဏှ ကဏှဝိပါက) ကံဟူသည် အဘယ်နည်း။ ပုဏ္ဏား ဤလောက၌ အချို့သောသူသည် အပြစ်ရှိသော ကာယသင်္ခါရကို ပြုစီရင်၏၊ အပြစ်ရှိသော ဝစီသင်္ခါရကို ပြုစီရင်၏၊ အပြစ်ရှိသော မနော သင်္ခါရကို ပြုစီရင်၏။ ထိုသူသည် အပြစ်ရှိသော ကာယ သင်္ခါရကို ပြုစီရင်သောကြောင့်, အပြစ်ရှိသော ဝစီသင်္ခါရကို ပြုစီရင်သောကြောင့်, အပြစ်ရှိသော မနော သင်္ခါရကို ပြုစီရင်သောကြောင့် အပြစ်ရှိသော လောက၌ ဖြစ်ရ၏၊ အပြစ်ရှိသော လောက၌ ဖြစ်လတ်သော် ထိုသူကို အပြစ်ရှိသော တွေ့ထိခြင်း ‘ဖဿ’ တို့သည် တွေ့ထိကုန်၏၊ အပြစ်ရှိသော တွေ့ထိခြင်း ‘ဖဿ’ တို့ဖြင့် တွေ့ထိလတ်သော် ထိုသူသည် ငရဲ၌ ဖြစ်သော သတ္တဝါတို့ကဲ့သို့ အပြစ်ရှိသော စင်စစ် ဆင်းရဲသည့် ဝေဒနာကို ခံစားရ၏။ ပုဏ္ဏား ဤကံကို မည်းညစ်၍ မည်းညစ်သော အကျိုးရှိသော (ကဏှ ကဏှဝိပါက) ကံဟု ဆိုအပ်၏။
ပုဏ္ဏား ဖြူစင်၍ ဖြူစင်သော အကျိုးရှိသည့် (သုက္က သုက္ကဝိပါက) ကံဟူသည် အဘယ်နည်း။ ပုဏ္ဏား ဤလောက၌ အချို့သော သူသည် အပြစ်မရှိသော ကာယသင်္ခါရကို ပြုစီရင်၏၊ အပြစ်မရှိသော ဝစီသင်္ခါရကို ပြုစီရင်၏၊ အပြစ်မရှိသော မနော သင်္ခါရကို ပြုစီရင်၏။ ထိုသူသည် အပြစ်မရှိသော ကာယ သင်္ခါရကို ပြုစီရင်သောကြောင့်, အပြစ်မရှိသော ဝစီသင်္ခါရကို ပြုစီရင်သောကြောင့်, အပြစ်မရှိသော မနော သင်္ခါရကို ပြုစီရင်သောကြောင့် အပြစ်မရှိသော လောက၌ ဖြစ်ရ၏၊ အပြစ်မရှိသော လောက၌ ဖြစ်လတ် သော် ထိုသူကို အပြစ်မရှိသော တွေ့ထိခြင်း ‘ဖဿ’ တို့သည် တွေ့ထိကုန်၏၊ အပြစ်မရှိသော တွေ့ထိခြင်း ‘ဖဿ’ တို့ဖြင့် တွေ့ထိလတ်သော် ထိုသူသည် သုဘကိဏှဗြဟ္မာတို့ကဲ့သို့၊ အပြစ်မရှိသော စင်စစ် ချမ်းသာသည့် ဝေဒနာကို ခံစားရ၏။ ပုဏ္ဏား ဤကံကို ဖြူစင်၍ ဖြူစင်သော အကျိုးရှိသည့် (သုက္က သုက္ကဝိပါက) ကံဟု ဆိုအပ်၏။
ပုဏ္ဏား မည်းညစ် ဖြူစင်၍ မည်းညစ် ဖြူစင်သော အကျိုးရှိသည့် (ကဏှသုက္က ကဏှသုက္ကဝိပါက) ကံဟူသည် အဘယ်နည်း။ ပုဏ္ဏား ဤလောက၌ အချို့သောသူသည် အပြစ်ရှိမရှိ ရောနှောသော ကာယ သင်္ခါရကို ပြုစီရင်၏၊ အပြစ်ရှိမရှိ ရောနှောသော ဝစီသင်္ခါရကို ပြုစီရင်၏၊ အပြစ်ရှိမရှိ ရောနှောသော မနော သင်္ခါရကို ပြုစီရင်၏။ ထိုသူသည် အပြစ်ရှိမရှိ ရောနှောသော ကာယသင်္ခါရကို ပြုစီရင်သောကြောင့် အပြစ်ရှိမရှိ ရောနှောသော ဝစီသင်္ခါရကို ပြုစီရင်သောကြောင့် အပြစ်ရှိမရှိ ရောနှောသော မနော သင်္ခါရကို ပြုစီရင်သောကြောင့် အပြစ်ရှိမရှိ ရောနှောသော လောက၌ ဖြစ်ရ၏၊ အပြစ်ရှိမရှိ ရောနှောသော လောက၌ ဖြစ်လတ်သော် ထိုသူကို အပြစ်ရှိမရှိ ရောနှောသော တွေ့ထိခြင်း ‘ဖဿ’ တို့သည် တွေ့ထိကုန်၏၊ အပြစ်ရှိ မရှိရောနှောသော တွေ့ထိခြင်း ‘ဖဿ’တို့ဖြင့် တွေ့ထိလတ်သော် ထိုသူသည် လူ, အချို့သောနတ်, အချို့သော ဝေမာနိကပြိတ္တာတို့ကဲ့သို့၊ ချမ်းသာဆင်းရဲ ပြိုးပြွမ်းသော ဝေဒနာကို ခံစားရ၏။ ပုဏ္ဏား ဤကံကို မည်းညစ် ဖြူစင်၍ မည်းညစ် ဖြူစင်သော အကျိုးရှိသော (ကဏှသုက္က ကဏှသုက္ကဝိပါက) ကံဟု ဆိုအပ်၏။
ပုဏ္ဏား မမည်းညစ် မဖြူစင်၍ မမည်းညစ် မဖြူစင်သော အကျိုးရှိသည့် ကံကုန်ဆုံးရန်ဖြစ်သော (အကဏှ အသုက္က အကဏှ အသုက္ကဝိပါက) ကံဟူသည် အဘယ်နည်း။ ပုဏ္ဏား ထို ကံတို့တွင် မည်းညစ်၍ မည်းညစ်သော အကျိုးရှိသော ကံကို ပယ်ရန် လှုံ့ဆော်ခြင်း၊ ဖြူစင်၍ ဖြူစင်သော အကျိုးရှိသော ကံကို ပယ်ရန် လှုံ့ဆော်ခြင်း၊ မည်းညစ် ဖြူစင်၍ မည်းညစ်ဖြူစင်သော အကျိုးရှိသော ကံကို ပယ်ရန် လှုံ့ဆော်ခြင်း မဂ်စေတနာကို မမည်းညစ် မဖြူစင်၍ မမည်းညစ် မဖြူစင်သော အကျိုးရှိသည့် ကံကုန်ဆုံးရန် ဖြစ်သော (အကဏှအသုက္က အကဏှအသုက္က ဝိပါက) ကံဟု ဆိုအပ်၏။ ပုဏ္ဏား ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြု၍ ငါဟောကြားအပ်သော ကံတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
တတိယသုတ်။