အင်္ဂုတ္တရနိကာယ်
(၂၄) ၄-ကမ္မဝဂ်
၄-ပဌမ သိက္ခာပဒသုတ်
၂၃၅။ ရဟန်းတို့ ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြု၍ ငါဟောကြားအပ်သော ကံတို့သည် ဤလေးမျိုးတို့တည်း။ အဘယ် လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ မည်းညစ်၍ မည်းညစ်သော အကျိုးရှိသော (ကဏှ ကဏှဝိပါက) ကံသည် ရှိ၏၊ ရဟန်းတို့ ဖြူစင်၍ ဖြူစင်သော အကျိုးရှိသော (သုက္က သုက္ကဝိပါက) ကံသည် ရှိ၏၊ ရဟန်းတို့ မည်းညစ် ဖြူစင်၍ မည်းညစ် ဖြူစင်သော အကျိုးရှိသော (ကဏှသုက္က ကဏှသုက္ကဝိပါက)ကံသည် ရှိ၏၊ ရဟန်းတို့ မမည်းညစ် မဖြူစင်၍ မမည်းညစ် မဖြူစင်သော အကျိုးရှိသည့် ကံကုန်ဆုံးရန်ဖြစ်သော (အကဏှ အသုက္က အကဏှအသုက္ကဝိပါက) ကံသည် ရှိ၏။
ရဟန်းတို့ မည်းညစ်၍ မည်းညစ်သော အကျိုးရှိသော (ကဏှ ကဏှဝိပါက) ကံဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သောသူသည် သူ့အသက်ကို သတ်၏၊ မပေးသည်ကို ယူ၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်၏၊ မဟုတ်မမှန် ပြောဆို၏၊ မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်ကို သောက်၏။ ရဟန်းတို့ ဤသည်ကို မည်းညစ်၍ မည်းညစ်သော အကျိုးရှိသော (ကဏှ ကဏှဝိပါက) ကံဟု ဆိုအပ်၏။
ရဟန်းတို့ ဖြူစင်၍ ဖြူစင်သော အကျိုးရှိသော (သုက္က သုက္ကဝိပါက) ကံဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သောသူသည် သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ် မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ မေ့လျြော့ခင်း၏ အကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်၏။ ရဟန်းတို့ ဤသည်ကို ဖြူစင်၍ ဖြူစင်သော အကျိုးရှိသော (သုက္က သုက္ကဝိပါက) ကံဟု ဆိုအပ်၏။
ရဟန်းတို့ မည်းညစ် ဖြူစင်၍ မည်းညစ် ဖြူစင်သော အကျိုးရှိသော (ကဏှသုက္က ကဏှ သုက္ကဝိပါက) ကံဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သောသူသည် အပြစ်ရှိ မရှိ ရောနှောသော ကာယသင်္ခါရကို ပြုစီရင်၏။ပ။ ရဟန်းတို့ ဤသည်ကို မည်းညစ် ဖြူစင်၍ မည်းညစ် ဖြူစင်သော အကျိုးရှိသော (ကဏှသုက္က ကဏှ သုက္ကဝိပါက) ကံဟု ဆိုအပ်၏။
ရဟန်းတို့ မမည်းညစ် မဖြူစင်၍ မမည်းညစ် မဖြူစင်သော အကျိုးရှိသော ကံကုန်ဆုံးရန် ဖြစ်သော (အကဏှ အသုက္က အကဏှအသုက္ကဝိပါက) ကံဟူသည် အဘယ်နည်း။ ရဟန်းတို့ ထို ကံတို့တွင် မည်းညစ်၍ မည်းညစ်သော အကျိုးရှိသော ကံကို။ပ။ ရဟန်းတို့ ဤသည်ကို မမည်းညစ် မဖြူစင်၍ မမည်းညစ် မဖြူစင်သော အကျိုးရှိသော ကံကုန်ဆုံးရန်ဖြစ်သော (အကဏှအသုက္က အကဏှ အသုက္ကဝိပါက) ကံဟု ဆိုအပ်၏။ ရဟန်းတို့ ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြု၍ ငါဟောကြား အပ်သော ကံတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။