အင်္ဂုတ္တရနိကာယ်

(၂၄) ၄-ကမ္မဝဂ်

၈-သာဝဇ္ဇသုတ်

၂၃၉။ ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ ငရဲသို့ ရောက်ရ၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— အပြစ်ရှိသော ကာယကံ၊ အပြစ်ရှိသော ဝစီကံ၊ ့အပြစ်ရှိသော မနောကံ၊ အပြစ်ရှိသော မိစ္ဆာဒိဋ္ဌိတို့တည်း။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ ငရဲသို့ ရောက်ရ၏။

ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ နတ်ပြည်သို့ ရောက်ရ၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— အပြစ်မရှိသော ကာယကံ၊ အပြစ်မရှိသော ဝစီကံ၊ အပြစ်မရှိသော မနောကံ၊ အပြစ်မရှိသော သမ္မာဒိဋ္ဌိတို့တည်း။ ရဟန်းတို့ ဤတရားလေးမျိုးတို့ နှင့် ပြည့်စုံသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ နတ်ပြည်သို့ ရောက်ရ၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။