အင်္ဂုတ္တရနိကာယ်
(၂၄) ၄-ကမ္မဝဂ်
၁၁-သပ္ပုရိသာနိသံသသုတ်
၂၄၂။ ရဟန်းတို့ သူတော်ကောင်းကို အမှီပြု၍ အာနိသင်လေးမျိုးတို့ကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်ကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— မြတ်သော သီလဖြင့် တိုးပွါး၏၊ မြတ်သော သမာဓိ ဖြင့် တိုးပွါး၏၊ မြတ်သော ပညာဖြင့် တိုးပွါး၏၊ မြတ်သော ဝိမုတ္တိဖြင့် တိုးပွါး၏။ ရဟန်းတို့ သူတော် ကောင်းကို အမှီပြု၍ ဤအာနိသင်လေးမျိုးတို့ကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်ကုန်၏ဟု (မိန့်တော်မူ၏)။
ဧကာဒသမသုတ်။
လေးခုမြောက် ကမ္မဝဂ် ပြီး၏။