အင်္ဂုတ္တရနိကာယ်

(၁၆) ၁-သဒ္ဓမ္မဝဂ်

၃-တတိယ သမ္မတ္တနိယာမသုတ်

၁၅၃။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို နာသော်လည်းကုသိုလ်တရားတို့၌ မဖောက်မပြန်သော သဘောရှိသည့် မြဲသောသဘော (အရိယာမဂ်) သို့ သက်ဝင်ရန်မထိုက်တန်။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

(သူ့ဂုဏ်ကို) ချေဖျက်လိုစိတ်ရှိလျက် ချေဖျက်လိုစိတ်မြှေးယှက်သည်ဖြစ်၍ တရားနာ၏။

အပြစ်တင်လိုသော စိတ်ရှိသည်ဖြစ်၍ (တရားဟောပုဂ္ဂိုလ်၌ ) အပေါက်အစကို ရှာလျက် တရားနာ၏။

တရားဟောပုဂ္ဂိုလ်၌ ထိပါးပုတ်ခတ်လိုစိတ် ရှိ၏၊ ငြောင့်တံသင်းသဘောရှိ၏။

ပညာမရှိ၊ မိုက်မဲ၏၊ ဆွံ့အ၏။

မိမိမသိသော အရာ၌ သိ၏ဟု မှတ်ထင်လေ့ရှိ၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို နာသော်လည်းကုသိုလ်တရားတို့၌ မဖောက်မပြန်သော သဘောရှိသည့် မြဲသောသဘော (အရိယာမဂ်) သို့ သက်ဝင်ရန်မထိုက်တန်။

ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို နာသည်ရှိသော် ကုသိုလ်တရားတို့၌ မဖောက်မပြန်သော သဘောရှိသည့် မြဲသောသဘော (အရိယာမဂ်) သို့ သက်ဝင်ရန်ထိုက်တန်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

(သူ့ဂုဏ်ကို) ချေဖျက်လိုစိတ်မရှိဘဲ ချေဖျက်လိုစိတ်မမြှေးယှက်သည်ဖြစ်၍ တရားနာ၏။

အပြစ်တင်လိုသော စိတ်မရှိသည်ဖြစ်၍ (တရားဟောပုဂ္ဂိုလ်၌ ) အပေါက်အစကို မရှာဘဲ တရား နာ၏။

တရားဟောပုဂ္ဂိုလ်၌ ထိပါးပုတ်ခတ်လိုစိတ် မရှိ၊ ငြောင့်တံသင်းသဘော မရှိ။

ပညာရှိ၏၊ မမိုက်မဲ၊ မဆွံ့အ။

မိမိမသိသော အရာ၌ သိ၏ဟု မှတ်ထင်လေ့ မရှိ။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို နာသည်ရှိသော်ကုသိုလ်တရားတို့၌ မဖောက်မပြန်သော သဘောရှိသည့် မြဲသောသဘော (အရိယာမဂ်) သို့ သက်ဝင်ရန်ထိုက်တန်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။