အင်္ဂုတ္တရနိကာယ်
(၁၆) ၁-သဒ္ဓမ္မဝဂ်
၄-ပဌမ သဒ္ဓမ္မသမ္မောသသုတ်
၁၅၄။ ရဟန်းတို့ ဤတရားငါးမျိုးတို့သည် သူတော်ကောင်းတရား ပျောက်ပျက်ရန် ကွယ်ပရန်ဖြစ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းတို့သည်—
တရားကို ရိုသေစွာ မနာကုန်။
တရားကို ရိုသေစွာ မသင်ကုန်။
တရားကို ရိုသေစွာ မဆောင်ကုန်။
ဆောင်ထားသော တရားတို့၏ အနက် အဓိပ္ပါယ်ကို ရိုသေစွာ ဉာဏ်ဖြင့် မစူးစမ်း မဆင်ခြင်ကုန်။
အနက်သဘောကို သိ၍ တရားသဘောကို သိ၍ (လောကုတ္တရာ) တရားအားလျော်သော အကျင့်ကိုရိုသေစွာ မကျင့်ကုန်။
ရဟန်းတို့ ဤတရားငါးမျိုးတို့သည် သူတော်ကောင်းတရား ပျောက်ပျက်ရန် ကွယ်ပရန် ဖြစ်ကုန်၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့သည် သူတော်ကောင်းတရား တည်တံ့ရန် မပျောက်ပျက်ရန် မကွယ်ပရန်ဖြစ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းတို့သည်—
တရားကို ရိုသေစွာ နာကုန်၏။
တရားကို ရိုသေစွာ သင်ကုန်၏။
တရားကို ရိုသေစွာ ဆောင်ကုန်၏။
ဆောင်ထားသော တရားတို့၏ အနက် အဓိပ္ပါယ်ကို ရိုသေစွာ ဉာဏ်ဖြင့် စူးစမ်း ဆင်ခြင်ကုန်၏။
အနက်သဘောကို သိ၍ တရားသဘောကို သိ၍ (လောကုတ္တရာ) တရားအားလျော်သော အကျင့်ကိုရိုသေစွာ ကျင့်ကုန်၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့သည် သူတော်ကောင်းတရား တည်တံ့ရန် မပျောက်ပျက်ရန် မကွယ်ပရန်ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။