အင်္ဂုတ္တရနိကာယ်

(၁၆) ၁-သဒ္ဓမ္မဝဂ်

၈-သာရဇ္ဇသုတ်

၁၅၈။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ကြောက်ရွံ့ခြင်းသို့ ရောက်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်—

ယုံကြည်မှု ‘သဒ္ဓါ’ မရှိ။

စောင့်ထိန်းမှု ‘သီလ’ မရှိ။

အကြားအမြင်နည်း၏။

ပျင်းရိ၏။

ပညာမရှိ။

ရဟန်းတို့ ဤ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ကြောက်ရွံ့ခြင်းသို့ ရောက်၏။

ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ရဲရင့်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်—

ယုံကြည်မှု ‘သဒ္ဓါ’ ရှိ၏။

စောင့်ထိန်းမှု ‘သီလ’ ရှိ၏။

အကြားအမြင်များ၏။

ထက်သန်သော လုံ့လရှိ၏။

ပညာရှိ၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ရဲရင့်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။