အင်္ဂုတ္တရနိကာယ်

(၁၇) ၂-အာဃာတဝဂ်

၇-စောဒနာသုတ်

၁၆၇။ ထိုအခါ၌ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို မိန့်ဆိုတော်မူ၏။

ငါ့သျှင်တို့ သူတစ်ပါးကိုစောဒနာလိုသောစောဒကရဟန်းသည် ဤတရားငါးမျိုးတို့ကို မိမိ သန္တာန်၌ ဖြစ်စေ၍ သူတစ်ပါးကိုစောဒနာရမည်။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

လျောက်ပတ်သော အခါ၌ ဆိုအံ့၊ မလျောက်ပတ်သော အခါ၌ မဆိုအံ့။

ဟုတ်မှန်သော စကားဖြင့် ဆိုအံ့၊ မဟုတ်မမှန်သော စကားဖြင့် မဆိုအံ့။

နူးညံ့သော စကားဖြင့် ဆိုအံ့၊ ကြမ်းတမ်းသော စကားဖြင့် မဆိုအံ့။

အကျိုးနှင့်စပ်သော စကားဖြင့် ဆိုအံ့၊ အကျိုးနှင့်မစပ်သော စကားဖြင့် မဆိုအံ့။

မေတ္တာစိတ်ရှိသည်ဖြစ်၍ ဆိုအံ့၊ ဒေါသစိတ်ရှိသည်ဖြစ်၍ မဆိုအံ့။ (ဤငါးမျိုးတို့တည်း)။

ငါ့သျှင်တို့ သူတစ်ပါးကိုစောဒနာလိုသောစောဒကရဟန်းသည် ဤတရားငါးမျိုးတို့ကို မိမိ သန္တာန်၌ ဖြစ်စေ၍ သူတစ်ပါးကိုစောဒနာရမည်။

ငါ့သျှင်တို့ ဤသာသနာတော်၌ မလျောက်ပတ်သောအခါ၌စောဒနာအပ်သည်ဖြစ်၍ လျောက်ပတ်သောအခါ၌ မစောဒနာအပ်သောကြောင့် အမျက်ထွက်သော၊ မဟုတ်မမှန်သဖြင့်စောဒနာအပ်သည် ဖြစ်၍ဟုတ်မှန်သဖြင့် မစောဒနာအပ်သောကြောင့် အမျက်ထွက်သော၊ ကြမ်းတမ်းသော စကားဖြင့်စောဒနာအပ်သည် ဖြစ်၍ နူးညံ့သောစကားဖြင့် မစောဒနာအပ်သောကြောင့် အမျက်ထွက်သော၊ အကျိုးနှင့်မစပ်သောစကားဖြင့်စောဒနာအပ်သည်ဖြစ်၍ အကျိုးနှင့်စပ်သော စကားဖြင့် မစောဒနာအပ်သောကြောင့် အမျက်ထွက်သော၊ ဒေါသစိတ်ဖြင့်စောဒနာအပ်သည်ဖြစ်၍ မေတ္တာစိတ်ဖြင့် မစောဒနာအပ်သောကြောင့် အမျက်ထွက်သော အချို့သော ပုဂ္ဂိုလ်ကို ငါတွေ့မြင်ရ၏။

ငါ့သျှင်တို့ မတရားသဖြင့်စောဒနာခံရသော ရဟန်းအား အခြင်းအရာငါးမျိုးတို့ဖြင့် နှလုံးသာရွှင်ခြင်းကို ဖြစ်စေရမည်။

အသျှင်သည် မလျောက်ပတ်သောအခါ၌စောဒနာခံရ၏၊ လျောက်ပတ်သောအခါ၌စောဒနာခံရသည်မဟုတ်၊ (ထို့ကြောင့်) အသျှင့်အား နှလုံးသာရွှင်ခြင်းငှါ သင့်လျော်၏။

အသျှင်သည် မဟုတ်မမှန်သော စကားဖြင့်စောဒနာခံရ၏၊ဟုတ်မှန်သော စကားဖြင့်စောဒနာ့ခံရသည် မဟုတ်၊ (ထို့ကြောင့်) အသျှင့်အား နှလုံးသာရွှင်ခြင်းငှါ သင့်လျော်၏။

အသျှင်သည် ကြမ်းတမ်းသော စကားဖြင့်စောဒနာခံရ၏၊ နူးညံ့သော စကားဖြင့်စောဒနာခံရသည်မဟုတ်၊ (ထို့ကြောင့်) အသျှင့်အား နှလုံးသာရွှင်ခြင်းငှာ သင့်လျော်၏။

အသျှင်သည် အကျိုးနှင့်မစပ်သော စကားဖြင့်စောဒနာခံရ၏၊ အကျိုးနှင့်စပ်သော စကားဖြင့်စောဒနာခံရသည် မဟုတ်၊ (ထို့ကြောင့်) အသျှင့်အား နှလုံးသာရွှင်ခြင်းငှါ သင့်လျော်၏။

အသျှင်သည် ဒေါသစိတ်ဖြင့်စောဒနာခံရ၏၊ မေတ္တာစိတ်ဖြင့်စောဒနာခံရသည် မဟုတ်၊ (ထို့ကြောင့်) အသျှင့်အား နှလုံးသာရွှင်ခြင်းငှါ သင့်လျော်၏။

ငါ့သျှင်တို့ မတရားသဖြင့်စောဒနာခံရသော ရဟန်းအား ဤအခြင်းအရာငါးမျိုးတို့ဖြင့် နှလုံးသာရွှင်ခြင်းကို ဖြစ်စေရမည်။

ငါ့သျှင်တို့ မတရားသဖြင့်စောဒနာတတ်သော ရဟန်းအား အခြင်းအရာ ငါးမျိုးတို့ဖြင့် နှလုံးမသာခြင်းကို ဖြစ်စေရမည်။

ငါ့သျှင် သင်သည် မလျောက်ပတ်သောအခါ၌စောဒနာ၏၊ လျောက်ပတ်သောအခါ၌စောဒနာသည်မဟုတ်၊ (ထို့ကြောင့်) သင့်အား နှလုံးမသာခြင်းငှါ သင့်လျော်၏။

ငါ့သျှင် သင်သည် မဟုတ်မမှန်သဖြင့်စောဒနာ၏၊ဟုတ်မှန်သဖြင့်စောဒနာသည် မဟုတ်၊ (ထို့ကြောင့်) သင့်အား နှလုံးမသာခြင်းငှါ သင့်လျော်၏။

ငါ့သျှင် သင်သည် ကြမ်းတမ်းသော စကားဖြင့်စောဒနာ၏၊ နူးညံ့သော စကားဖြင့်စောဒနာသည်မဟုတ်၊ (ထို့ကြောင့်) သင့်အား နှလုံးမသာခြင်းငှါ သင့်လျော်၏။

ငါ့သျှင် သင်သည် အကျိုးနှင့် မစပ်သော စကားဖြင့်စောဒနာ၏၊ အကျိုးနှင့် စပ်သော စကားဖြင့်စောဒနာသည် မဟုတ်၊ (ထို့ကြောင့်) သင့်အား နှလုံးမသာခြင်းငှါ သင့်လျော်၏။

ငါ့သျှင် သင်သည် ဒေါသစိတ်ဖြင့်စောဒနာ၏၊ မေတ္တာစိတ်ဖြင့်စောဒနာသည် မဟုတ်၊ (ထို့ကြောင့်) သင့်အား နှလုံးမသာခြင်းငှါ သင့်လျော်၏။

ငါ့သျှင်တို့ မတရားသဖြင့်စေဒနာတတ်သော ရဟန်းအား ဤအခြင်းအရာ ငါးမျိုးတို့ဖြင့် နှလုံးမသာခြင်းကို ဖြစ်စေရမည်၊ ထိုသို့ဖြစ်စေရခြင်းသည် အဘယ့်ကြောင့်နည်း၊ အခြားရဟန်းသည်လည်းမဟုတ်မမှန်သဖြင့်စောဒနာသင့်သည်ဟူ၍ မအောက်မေ့ရာသောကြောင့်တည်း။

ငါ့သျှင်တို့ ဤသာသနာတော်၌ လျောက်ပတ်သောအခါ၌စောဒနာအပ်သည်ဖြစ်၍ မလျောက်ပတ်သောအခါ၌ မစောဒနာအပ်သည် ဖြစ်ပါလျက် အမျက်ထွက်သော၊ဟုတ်မှန်သော စကားဖြင့်စောဒနာအပ်သည်ဖြစ်၍ မဟုတ်မမှန်သောစကားဖြင့် မစောဒနာအပ်သည်ဖြစ်ပါလျက် အမျက်ထွက်သော၊ နူးညံ့သော စကားဖြင့်စောဒနာအပ်သည်ဖြစ်၍ ကြမ်းတမ်းသောစကားဖြင့် မစောဒနာအပ်သည် ဖြစ်ပါလျက်အမျက်ထွက်သော၊ အကျိုးနှင့် စပ်သောစကားဖြင့်စောဒနာအပ်သည်ဖြစ်၍ အကျိုးနှင့် မစပ်သောစကားဖြင့် မစောဒနာအပ်သည် ဖြစ်ပါလျက် အမျက်ထွက်သော၊ မေတ္တာစိတ်ဖြင့်စောဒနာအပ်သည်ဖြစ်၍ဒေါသစိတ်ဖြင့် မစောဒနာအပ်သည် ဖြစ်ပါလျက် အမျက်ထွက်သော အချို့သောပုဂ္ဂိုလ်ကို ငါတွေ့မြင်ရ၏။

ငါ့သျှင်တို့ တရားသဖြင့်စောဒနာခံရသော ရဟန်းအား အခြင်းအရာငါးမျိုးတို့ဖြင့် နှလုံးမသာ ခြင်းကိုဖြစ်စေရမည်။

အသျှင်သည် လျောက်ပတ်သောအခါ၌စောဒနာခံရ၏၊ မလျောက်ပတ်သောအခါ၌စောဒနာခံရသည်မဟုတ်၊ (ထို့ကြောင့်) အသျှင့်အား နှလုံးမသာခြင်းငှါ သင့်လျော်၏။

အသျှင်သည်ဟုတ်မှန်သောစကားဖြင့်စောဒနာခံရ၏၊ မဟုတ်မမှန်သော စကားဖြင့်စောဒနာခံရ သည်မဟုတ်၊ (ထို့ကြောင့်) အသျှင့်အား နှလုံးမသာခြင်းငှါ သင့်လျော်၏။

အသျှင်သည် နူးညံ့သော စကားဖြင့်စောဒနာခံရ၏၊ ကြမ်းတမ်းသော စကားဖြင့်စောဒနာခံရသည့်မဟုတ်၊ (ထို့ကြောင့်) အသျှင့်အား နှလုံးမသာခြင်းငှါ သင့်လျော်၏။

အသျှင်သည် အကျိုးနှင့် စပ်သောစကားဖြင့်စောဒနာခံရ၏၊ အကျိုးနှင့် မစပ်သော စကားဖြင့်စောဒနာခံရသည် မဟုတ်၊ (ထို့ကြောင့်) အသျှင့်အား နှလုံးမသာခြင်းငှါ သင့်လျော်၏။

အသျှင်သည် မေတ္တာစိတ်ဖြင့်စောဒနာခံရ၏၊ ဒေါသစိတ်ဖြင့်စောဒနာခံရသည် မဟုတ်၊ (ထို့ကြောင့်) အသျှင့်အား နှလုံးမသာခြင်းငှါ သင့်လျော်၏။

ငါ့သျှင်တို့ တရားသဖြင့်စောဒနာခံရသော ရဟန်းအား ဤအခြင်းအရာငါးမျိုးတို့ဖြင့် နှလုံးမသာခြင်းကို ဖြစ်စေရမည်။

ငါ့သျှင်တို့ တရားသဖြင့်စောဒနာတတ်သော ရဟန်းအား အခြင်းအရာ ငါးမျိုးတို့ဖြင့် နှလုံးသာရွှင်ခြင်းကို ဖြစ်စေရမည်။

ငါ့သျှင် သင်သည် လျောက်ပတ်သောအခါ၌စောဒနာ၏၊ မလျောက်ပတ်သောအခါ၌စောဒနာသည်မဟုတ်၊ (ထို့ကြောင့်) သင့်အား နှလုံးသာရွှင်ခြင်းငှါ သင့်လျော်၏။

ငါ့သျှင် သင်သည်ဟုတ်မှန်သော စကားဖြင့်စောဒနာ၏၊ မဟုတ်မမှန်သော စကားဖြင့်စောဒနာ သည်မဟုတ်၊ (ထို့ကြောင့်) သင့်အား နှလုံးသာရွှင်ခြင်းငှါ သင့်လျော်၏။

ငါ့သျှင် သင်သည် နူးညံ့သောစကားဖြင့်စောဒနာ၏၊ ကြမ်းတမ်းသော စကားဖြင့်စောဒနာသည်မဟုတ်၊ (ထို့ကြောင့်) သင့်အား နှလုံးသာရွှင်ခြင်းငှါ သင့်လျော်၏။

ငါ့သျှင် သင်သည် အကျိုးနှင့် စပ်သော စကားဖြင့်စောဒနာ၏၊ အကျိုးနှင့် မစပ်သော စကားဖြင့်စောဒနာသည် မဟုတ်၊ (ထို့ကြောင့်) သင့်အား နှလုံးသာရွှင်ခြင်းငှါ သင့်လျော်၏။

ငါ့သျှင် သင်သည် မေတ္တာစိတ်ဖြင့်စောဒနာ၏၊ ဒေါသစိတ်ဖြင့်စောဒနာသည် မဟုတ်၊ (ထို့ကြောင့်) သင့်အား နှလုံးသာရွှင်ခြင်းငှါ သင့်လျော်၏။

ငါ့သျှင်တို့ တရားသဖြင့်စောဒနာတတ်သောရဟန်းအား ဤအခြင်းအရာငါးမျိုးတို့ဖြင့် နှလုံးသာရွှင်ခြင်းကို ဖြစ်စေရမည်။

ထိုသို့ ဖြစ်စေရခြင်းသည် အဘယ့်ကြောင့်နည်း၊ အခြား ရဟန်းသည်လည်းဟုတ်မှန်သော စကား ဖြင့်စောဒနာသင့်၏ဟူ၍ အောက်မေ့ရာသောကြောင့်တည်း။

ငါ့သျှင်တို့ စုဒိတက ပုဂ္ဂိုလ်သည် မှန်ကန်သော သဘော၌လည်းကောင်း၊ အမျက်မထွက်ခြင်း၌လည်းကောင်း (ဤ) နှစ်ပါးသော တရားတို့၌ တည်ရမည်၊ ငါ့သျှင်တို့ သူတစ်ပါးတို့သည် လျောက်ပတ်သောအခါ၌ ဖြစ်စေ မလျောက်ပတ်သောအခါ၌ ဖြစ်စေဟုတ်မှန်သော စကားဖြင့်ဖြစ်စေ မဟုတ်မမှန်သော စကားဖြင့်ဖြစ်စေ နူးညံ့သောစကားဖြင့်ဖြစ်စေ ကြမ်းတမ်းသော စကားဖြင့်ဖြစ်စေ အကျိုးနှင့်စပ်သော စကားဖြင့်ဖြစ်စေ အကျိုးနှင့် မစပ်သော စကားဖြင့်ဖြစ်စေ မေတ္တာစိတ်ရှိကုန်၍ဖြစ်စေ ဒေါသစိတ်ရှိကုန်၍ဖြစ်စေငါ့ကို အကယ်၍စောဒနာကြလျှင် ငါသည်လည်း မှန်ကန်သောသဘော၌လည်းကောင်း၊ အမျက်မထွက်ခြင်း၌လည်းကောင်း (ဤ) တရားနှစ်ပါးတို့၌ သာလျှင် တည်အံ့။ “ဤတရားသည် ငါ၌ ရှိ၏”ဟု အကယ်၍သိပါမူ “ဤတရားသည် ငါ၌ ရှိ၏၊ ငါ၌ ထင်ရှား၏”ဟူ၍ ထိုသူကို ပြောအံ့၊ “ထိုတရားသည် ငါ၌ မရှိ”ဟု အကယ်၍ သိပါမူ “ထိုတရားသည် ငါ၌ မရှိ၊ ငါ၌ မထင်ရှား”ဟူ၍ ထိုသူကို ပြောပေအံ့ဟု (နှစ်ပါးသော တရားတို့၌ တည်ရမည်ဟု မိန့်ဆို၏)။

သာရိပုတြာ သင်သည် ဤသို့ ဆိုဆုံးမအပ်သည် ဖြစ်ပါလျက်လည်း ဤသာသနာတော်၌ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းအချို့တို့သည် ရိုသေစွာ မနာယူကြကုန်ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ယုံကြည်မှု ‘သဒ္ဓါ’ တရားမရှိကြသူ၊ အသက်မွေးကြောင်းအလို့ငှါ သဒ္ဓါတရားမရှိဘဲလူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြသူ၊ စဉ်းလဲကြသူ၊ လှည့်ပတ်ကြသူ၊ ကောက်ကျစ်ကြသူ၊ ပျံ့လွင့်ကြသူ၊ ထောင်လွှားကြသူ၊ လျှပ်ပေါ်ကြသူ၊ နှုတ်ကြမ်းကြသူ၊ ဖရိုဖရဲစကားပြောတတ်ကြသူ၊ ့ဣန္ဒြေတို့၌ မပိတ်ဆို့အပ်သော တံခါးရှိကြသူ၊ စားဖွယ်၌ အတိုင်းအရှည်ကို မသိတတ်ကြသူ၊ နိုးကြားမှုကို လုံ့လမပြုကြသူ၊ ရဟန်းအဖြစ်၌ ငဲ့ကွက်ခြင်းမရှိကြသူ၊ သိက္ခာ၌ ထက်သန်ရိုသေမှုမရှိကြသူ၊ ပစ္စည်း လေးပါး ပေါများရန်သာ ကျင့်ကြသူ၊ ပေါ့လျော့စွာ ကျင့်ကြသူ၊ အောက်သို့သက်ဆင်းကြောင်း နီဝရဏ တရားငါးပါးတို့ကို ရှေ့သွားပြုကြသူ၊ ဆိတ်ငြိမ်မှု ‘ဝိဝေက’၌ တာဝန်မဲ့ဖြစ်ကြသူ၊ ပျင်းရိကြသူ၊ ယုတ် လျော့သော လုံ့လရှိကြသူ၊ လွတ်သော သတိရှိကြသူ၊ အဆင်ခြင် ဉာဏ်မရှိကြသူ၊ မတည်ကြည်ကြသူ၊ ပျံ့လွင့်သော စိတ်ရှိကြသူ၊ ပညာမရှိကြသူ၊ ဆွံ့အကြသူရဟန်းတို့သည် အကျွန်ုပ်တို့က ဆိုဆုံးမသော်လည်း ရိုသေစွာ မနာယူကြပါကုန်။

အသျှင်ဘုရား ယုံကြည်မှု ‘သဒ္ဓါ’ တရားဖြင့် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြသူ၊ စဉ်းလဲခြင်းမရှိကြသူ၊ မလှည့်ပတ်တတ်ကြသူ၊ မကောက်ကျစ်တတ်ကြသူ၊ မပျံ့လွင့်ကြသူ၊ မထောင်လွှားကြသူ၊ မလျှပ်ပေါ်ကြသူ၊ နှုတ်မကြမ်းကြသူ၊ ဖရိုဖရဲစကား မပြောတတ်ကြသူ၊ ဣန္ဒြေတို့၌ ပိတ်ဆို့ထားသော တံခါးရှိကြသူ၊ စားဖွယ်၌ အတိုင်းအရှည်ကို သိတတ်ကြသူ၊ နိုးကြားမှုကို လုံ့လပြုကြသူ၊ ရဟန်းအဖြစ်၌ ငဲ့ကွက်ခြင်းရှိကြသူ၊ သိက္ခာ၌ ထက်သန်ရိုသေမှု ရှိကြသူ၊ ပစ္စည်းလေးပါး ပေါများရန် မကျင့်ကြသူ၊ ပေါ့လျော့စွာ မကျင့်ကြသူ၊ အောက်သို့ သက်ဆင်းကြောင်း နီဝရဏတရားတို့၌ တာဝန်မဲ့ မဖြစ်ကြသူ၊ ဆိတ်ငြိမ်မှု ‘ဝိဝေက’၌ ရှေ့သွားပြုကြသူ၊ ထက်သန်သော လုံ့လရှိကြသူ၊ နိဗ္ဗာန်သို့စေလွှတ်ထားသော စိတ်ရှိကြသူ၊ ထင်သော သတိရှိကြသူ၊ အဆင်ခြင်ဉာဏ်နှင့် ပြည့်စုံကြသူ၊ တည်ကြည်ကြသူ၊ တစ်ခုတည်းသော အာရုံ၌ တည်သော စိတ်ရှိကြသူ၊ ပညာရှိကြသူ၊ မဆွံ့အကြသူ ရဟန်းတို့သည်အကျွန်ုပ် တို့က ဆိုဆုံးမအပ်ကုန်သည်ရှိသော် ရိုသေစွာ နာယူကြပါကုန်၏ဟု (လျှောက်၏)။

သာရိပုတြာ ယုံကြည်မှု ‘သဒ္ဓါ’ တရားမရှိကြသူ၊ အသက်မွေးကြောင်းအလို့ငှါ သဒ္ဓါတရားမရှိကုန်ဘဲလူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြသူ၊ စဉ်းလဲကြသူ၊ လှည့်ပတ်ကြသူ၊ ကောက်ကျစ်ကြသူ၊ ပျံ့လွင့်ကြသူ၊ ထောင်လွှားကြသူ၊ လျှပ်ပေါ်ကြသူ၊ နှုတ်ကြမ်းကြသူ၊ ဖရိုဖရဲစကားပြောတတ်ကြသူ၊ ဣန္ဒြေတို့၌ မပိတ်ဆို့အပ်သော တံခါးရှိကြသူ၊ စားဖွယ်၌ အတိုင်းအရှည်ကို မသိတတ်ကြသူ၊ နိုးကြားမှုကို လုံ့လမပြုကြသူ၊ ရဟန်းအဖြစ်၌ ငဲ့ကွက်ခြင်း မရှိကြသူ၊ သိက္ခာ၌ ထက်သန်ရိုသေမှုမရှိကြသူ၊ ပစ္စည်း လေးပါး ပေါများရန်သာ ကျင့်ကြသူ၊ ပေါ့လျော့စွာ ကျင့်ကြသူ၊ အောက်သို့သက်ဆင်းကြောင်း နီဝရဏ တရားငါးပါးတို့ကို ရှေ့သွားပြုကြသူ၊ ဆိတ်ငြိမ်မှု ‘ဝိဝေက’၌ တာဝန်မဲ့ဖြစ်ကြသူ၊ ပျင်းရိကြသူ၊ ယုတ် လျော့သော လုံ့လရှိကြသူ၊ လွတ်သော သတိရှိကြသူ၊ အဆင်ခြင်ဉာဏ် မရှိကြသူ၊ မတည်ကြည်ကြသူ၊ ပျံ့လွင့်သော စိတ်ရှိကြသူ၊ ပညာမရှိကြသူ၊ ဆွံ့အသူပုဂ္ဂိုလ်တို့ကို ထားဘိကုန်ဦးလော့။

သာရိပုတြာ ယုံကြည်မှု ‘သဒ္ဓါ’ တရားဖြင့် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြသူ၊ စဉ်းလဲခြင်းမရှိကြသူ၊ မလှည့်ပတ်တတ်ကြသူ၊ မကောက်ကျစ်တတ်ကြသူ၊ မပျံ့လွင့်ကြသူ၊ မထောင်လွှားကြသူ၊ မလျှပ်ပေါ်ကြသူ၊ နှုတ်မကြမ်းကြသူ၊ ဖရိုဖရဲစကား မပြောတတ်ကြသူ၊ ဣန္ဒြေတို့၌ ပိတ်ဆို့ထားသောတံခါးရှိကြသူ၊ စားဖွယ်၌ အတိုင်းအရှည်ကို သိတတ်ကြသူ၊ နိုးကြားမှုကို လုံ့လပြုကြသူ၊ ရဟန်းအဖြစ်၌ ငဲ့ကွက်ခြင်းရှိကြသူ၊ သိက္ခာ၌ ထက်သန်ရိုသေမှု ရှိကြသူ၊ ပစ္စည်းလေးပါး ပေါများရန် မကျင့်ကြသူ၊ ပေါ့လျော့စွာ မကျင့်ကြသူ၊ အောက်သို့ သက်ဆင်းကြောင်း နီဝရဏတရားငါးပါးတို့၌ တာဝန်မဲ့မဖြစ်ကြသူ၊ ဆိတ်ငြိမ်မှု ‘ဝိဝေက’ ကို ရှေ့သွားပြုကြသူ၊ ထက်သန်သော လုံ့လရှိကြသူ၊ နိဗ္ဗာန်သို့စေလွှတ်ထားသော စိတ်ရှိကြသူ၊ ထင်သော သတိရှိကြသူ၊ အဆင်ခြင်ဉာဏ်နှင့် ပြည့်စုံကြသူ၊ တည်ကြည်ကြသူ၊ တစ်ခုတည်းသော အာရုံ၌ တည်သော စိတ်ရှိကြသူ၊ ပညာရှိကြသူ၊ မဆွံ့အကြသူ ရဟန်းတို့ကိုသင်သည် ဆိုလော့၊ သာရိပုတြာ သီတင်းသုံးဖော်တို့ကို “မသူတော်တရားမှ ထစေပြီးလျှင် သူတော်ကောင်းတရား၌ တည်စေမည်”ဟု သီတင်းသုံးဖော်တို့ကို ဆုံးမလော့၊ သီတင်းသုံးဖော်တို့ကို သွန်သင့်လော့၊ သာရိပုတြာ သင်သည် ဤသို့ ကျင့်ရမည်ဟူ၍ (မိန့်တော်မူ၏)။

သတ္တမသုတ်။