အင်္ဂုတ္တရနိကာယ်

၁-သေခဗလဝဂ်

၂-ဝိတ္ထတသုတ်

၂။ ရဟန်းတို့ ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့၏ အားတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

ယုံကြည်မှု ‘သဒ္ဓါ’ အား။

ရှက်မှု ‘ဟိရီ’ အား။

ကြောက်လန့်မှု ‘သြတ္တပ္ပ’ အား။

အားထုတ်မှု ‘ဝီရိယ’ အား။

သိမှု ‘ပညာ’ အား တို့တည်း။

ရဟန်းတို့ ယုံကြည်မှု ‘သဒ္ဓါ’ အားဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ယုံကြည်မှု ‘သဒ္ဓါ’ ရှိ၏၊ မြတ်စွာဘုရား၏ အရဟတ္တမဂ်ဉာဏ်နှင့် သဗ္ဗညုတဉာဏ်တော်ကိုယုံကြည်၏။

“ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း သုဂတ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း လောကဝိဒူ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့်အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း အနုတ္တရော ပုရိသဒမ္မသာရထိ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးတရားကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏”ဟု (ယုံကြည်၏)။

ရဟန်းတို့ ဤသည်ကို ယုံကြည်မှု ‘သဒ္ဓါ’ အားဟူ၍ ဆိုအပ်၏။

ရဟန်းတို့ ရှက်မှု ‘ဟိရီ’ အားဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် အရှက်ရှိ၏၊ ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက် တို့မှ ရှက်၏၊ ယုတ်ညံ့သောအကုသိုလ်တရားတို့သို့ ရောက်ခြင်းမှ ရှက်၏။

ရဟန်းတို့ ဤသည်ကို ရှက်မှု ‘ဟိရီ’ အားဟူ၍ ဆိုအပ်၏။

ရဟန်းတို့ ကြောက်လန့်မှု ‘သြတ္တပ္ပ’ အားဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ကြောက်လန့်မှုရှိ၏၊ ကာယဒုစရိုက် ဝစီ ဒုစရိုက်မနောဒုစရိုက်တို့မှ ကြောက်လန့်၏၊ ယုတ်ညံ့သော အကုသိုလ်တရားတို့သို့ ရောက်ခြင်းမှ ကြောက်လန့်၏။

ရဟန်းတို့ ဤသည်ကို ကြောက်လန့်မှု ‘သြတ္တပ္ပ’ အားဟူ၍ ဆိုအပ်၏။

ရဟန်းတို့ အားထုတ်မှု ‘ဝီရိယ’ အားဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် ထက်သန်သော ဝီရိယရှိသည်ဖြစ်၍ နေထိုင်၏၊ အားနှင့် ပြည့်စုံ၏၊ မြဲမြံသော လုံ့လရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားခြင်းမရှိ။

ရဟန်းတို့ ဤသည်ကို အားထုတ်မှု ‘ဝီရိယ’ အားဟူ၍ ဆိုအပ်၏။

ရဟန်းတို့ သိမှု ‘ပညာ’ အားဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ပညာရှိ၏၊ ဖြစ်မှု ပျက်မှုကို သိတတ်၍ ကိလေသာတို့ကို ဖောက်ခွဲနိုင်သည့် ဆင်းရဲကုန်ခန်းရာ (နိဗ္ဗာန်)သို့ ကောင်းစွာ ရောက်စေနိုင်သော မြတ်သော ပညာနှင့် ပြည့်စုံ၏။

ရဟန်းတို့ ဤသည်ကို သိမှု ‘ပညာ’ အားဟူ၍ ဆိုအပ်၏။

ရဟန်းတို့ ဤသည်တို့ကား ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့၏ အားငါးမျိုးတို့တည်း။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ငါတို့သည် ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့၏ အားဖြစ် သောယုံကြည်မှု ‘သဒ္ဓါ’ အားနှင့် ပြည့်စုံစေမည်၊ ရှက်မှု ‘ဟိရီ’ အားနှင့်၊ ကြောက်လန့်မှု ‘သြတ္တပ္ပ’ အားနှင့်အားထုတ်မှု ‘ဝီရိယ’ အားနှင့်၊ သိမှု ‘ပညာ’ အားနှင့် ပြည့်စုံစေမည်”ဟု ကျင့်ရမည်။

ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။