အင်္ဂုတ္တရနိကာယ်

(၂၄) ၄-အာဝါသိကဝဂ်

၃-သောဘနသုတ်

၂၃၃။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ကျောင်းထိုင်ရဟန်းသည် ကျောင်းကို တင့်တယ်စေ၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

သီလရှိ၏။ပ။ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏။

အကြားအမြင်များ၏။ပ။ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိ၏။

ကောင်းသော စကားရှိ၏၊ ကောင်းသော စကားမြွက်ဆိုသံရှိ၏၊ သန့်ရှင်းသော အပြစ်ကင်းသောအဓိပ္ပါယ်သိလွယ်သော ယဉ်ကျေးသော စကားနှင့် ပြည့်စုံ၏။

ချဉ်းကပ်ရောက်လာသူတို့ကို တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေခြင်းငှါ စွမ်းနိုင်၏။

မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်းဖြစ်သည့် လွန်မြတ်သော စိတ်၌ ဖြစ်သော (ရူပါဝစရ) ဈာန်လေးပါးတို့ကို အလိုရှိတိုင်းရ၏၊ မငြိုမငြင်ရ၏၊ မပင်မပန်းရ၏။

ရဟန်းတို့ ဤ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ကျောင်းထိုင်ရဟန်းသည် ကျောင်းကို တင့်တယ်စေ၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။