အင်္ဂုတ္တရနိကာယ်

(၂၄) ၄-အာဝါသိကဝဂ်

၄-ဗဟူပကာရသုတ်

၂၃၄။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ကျောင်းထိုင်ရဟန်းသည် ကျောင်းအားကျေးဇူးများ၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

သီလရှိ၏။ပ။ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏။

အကြားအမြင်များ၏။ပ။ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိ၏။

ကျိုးပျက်သည်ကို တစ်ဖန်ပြုပြင်တတ်၏။

အထူးထူးသော မြို့ရွာနေရဟန်းတို့ ကြွရောက်လာသည်ဖြစ်၍ ရဟန်းသံဃာ များပြားသည်ရှိသော် လူဒါယကာတို့ထံသို့ ချဉ်းကပ်၍ “ဒါယကာတို့ ကြွရောက်လာသော ရဟန်းသံဃာများသည် အထူးထူးသော မြို့ရွာနေ ရဟန်းတို့ ဖြစ်ကုန်၏၊ ကုသိုလ်ကောင်းမှုတို့ကို ပြုကြကုန်လော့၊ ကုသိုလ်ကောင်းမှုပြုရန် အချိန်အခါပင်တည်း”ဟု ပြောကြားတတ်၏။

မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်းဖြစ်သည့် လွန်မြတ်သော စိတ်၌ ဖြစ်သော (ရူပါဝစရ) ဈာန်လေးပါးတို့ကို အလိုရှိတိုင်းရ၏၊ မငြိုမငြင်ရ၏၊ မပင်မပန်းရ၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ကျောင်းထိုင်ရဟန်းသည် နေရာကျောင်းအား ကျေးဇူးများ၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။