အင်္ဂုတ္တရနိကာယ်
(၂၄) ၄-အာဝါသိကဝဂ်
၅-အနုကမ္ပသုတ်
၂၃၅။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ကျောင်းထိုင်ရဟန်းသည် လူတို့အား သနားစောင့်ရှောက်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
လွန်မြတ်သော ငါးပါးသီလ၌ ဆောက်တည်စေ၏။
သစ္စာလေးပါးတရားတို့ကို ရှုမြင်ခြင်း၌ သွင်းထား၏။
မကျန်းမမာသူတို့ထံသို့ ချဉ်းကပ်၍—
“အသျှင် (ဒါယကာ) တို့သည် ပူဇော်အထူးကို ခံထိုက်သော ရတနာသုံးပါး၌ ဖြစ်သော သတိကိုထင်စေကုန်လော့”ဟု သတိကို ဖြစ်စေ၏။
အထူးထူးသော မြို့ရွာနေရဟန်းတို့ ကြွရောက်လာသည်ဖြစ်၍ ရဟန်းသံဃာများပြားသည်ရှိသော်လူဒါယကာတို့ထံသို့ ချဉ်းကပ်၍ “ဒါယကာတို့ ကြွရောက်လာသော ရဟန်းသံဃာများသည် အထူးထူးသော မြို့ရွာနေရဟန်းတို့ ဖြစ်ကုန်၏၊ ကုသိုလ်ကောင်းမှုတို့ကို ပြုကြကုန်လော့၊ ကုသိုလ်ကောင်းမှုပြုရန် အချိန်အခါပင်တည်း”ဟု ပြောကြားတတ်၏။
ရဟန်းတို့ ယုတ်ညံ့သော ဆွမ်းကိုဖြစ်စေ မွန်မြတ်သော ဆွမ်းကိုဖြစ်စေ ပေးလှူခဲ့မူ ထိုဆွမ်းကိုကိုယ်တိုင် ဘုဉ်းပေး၏၊ သဒ္ဓါသဖြင့် ပေးလှူအပ်သော ဆွမ်းကို မဖျက်ဆီး။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ကျောင်းထိုင်ရဟန်းသည် လူတို့အား သနားစောင့်ရှောက်၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။