အင်္ဂုတ္တရနိကာယ်
(၂၄) ၄-အာဝါသိကဝဂ်
၆-ပဌမ အဝဏ္ဏာရဟသုတ်
၂၃၆။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ကျောင်းထိုင်ရဟန်းသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူ ငရဲ၌ ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
ဉာဏ်ဖြင့် မစိစစ် မသက်ဝင်မူ၍ မချီးမွမ်းထိုက်သောသူ၏ ဂုဏ်ကို ချီးမွမ်းပြောဆို၏။
ဉာဏ်ဖြင့် မစိစစ် မသက်ဝင်မူ၍ ချီးမွမ်းထိုက်သူ၏ ကျေးဇူးမဲ့ကို ကဲ့ရဲ့ပြောဆို၏။
ဉာဏ်ဖြင့် မစိစစ် မသက်ဝင်မူ၍ မကြည်ညိုသင့်သော အရာ၌ ကြည်ညိုခြင်းကို ပြ၏။
ဉာဏ်ဖြင့် မစိစစ် မသက်ဝင်မူ၍ ကြည်ညိုသင့်သော အရာ၌ မကြည်ညိုခြင်းကို ပြ၏။
သဒ္ဓါတရားဖြင့် လှူသော ပစ္စည်းကို ဖျက်ဆီး၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ကျောင်းထိုင်ရဟန်းသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူ ငရဲ၌ ဖြစ်ရ၏။
ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ကျောင်းထိုင်ရဟန်းသည် ဆောင်ယူ၍ ချထားအပ် သကဲ့သို့ထို့အတူ နတ်ပြည်၌ ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
ဉာဏ်ဖြင့် စိစစ် သက်ဝင်၍ မချီးမွမ်းထိုက်သူ၏ ကျေးဇူးမဲ့ကို ကဲ့ရဲ့ပြောဆို၏။
ဉာဏ်ဖြင့် စိစစ် သက်ဝင်၍ ချီးမွမ်းထိုက်သူ၏ ဂုဏ်ကို ချီးမွမ်းပြောဆို၏။
ဉာဏ်ဖြင့် စိစစ် သက်ဝင်၍ မကြည်ညိုသင့်သော အရာ၌ မကြည်ညိုခြင်းကို ပြ၏။
ဉာဏ်ဖြင့် စိစစ် သက်ဝင်၍ ကြည်ညိုသင့်သော အရာ၌ ကြည်ညိုခြင်းကို ပြ၏။
သဒ္ဓါတရားဖြင့် လှူသော ပစ္စည်းကို မဖျက်ဆီး။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ကျောင်းထိုင်ရဟန်းသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူ နတ်ပြည်၌ ဖြစ်ရ၏ဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။