အင်္ဂုတ္တရနိကာယ်

(၂၄) ၄-အာဝါသိကဝဂ်

၇-ဒုတိယ အဝဏ္ဏာရဟသုတ်

၂၃၇။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ကျောင်းထိုင်ရဟန်းသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူ ငရဲ၌ ဖြစ်ရ၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

ဉာဏ်ဖြင့် မစိစစ် မသက်ဝင်မူ၍ မချီးမွမ်းထိုက်သူ၏ ဂုဏ်ကို ချီးမွမ်းပြောဆို၏။

ဉာဏ်ဖြင့် မစိစစ် မသက်ဝင်မူ၍ ချီးမွမ်းထိုက်သူ၏ ကျေးဇူးမဲ့ကို ကဲ့ရဲ့ပြောဆို၏။

ကျောင်း၌ ဝန်တို၏၊ ကျောင်း၌ မက်မော၏။

ဒါယကာ၌ ဝန်တို၏၊ ဒါယကာ၌ မက်မော၏။

သဒ္ဓါတရားဖြင့် လှူသော ပစ္စည်းကို ဖျက်ဆီး၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ကျောင်းထိုင်ရဟန်းသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူ ငရဲ၌ ဖြစ်ရ၏။

ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ကျောင်းထိုင်ရဟန်းသည် ဆောင်ယူ၍ ချထားအပ် သကဲ့သို့ထို့အတူ နတ်ပြည်၌ ဖြစ်ရ၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

ဉာဏ်ဖြင့် စိစစ် သက်ဝင်၍ မချီးမွမ်းထိုက်သူ၏ ကျေးဇူးမဲ့ကို ကဲ့ရဲ့ပြောဆို၏။

ဉာဏ်ဖြင့် စိစစ် သက်ဝင်၍ ချီးမွမ်းထိုက်သူ၏ ဂုဏ်ကို ချီးမွမ်းပြောဆို၏။

ကျောင်း၌ ဝန်တိုမှု မရှိ၊ ကျောင်း၌ မမက်မော။

ဒါယကာ၌ ဝန်တိုမှု မရှိ၊ ဒါယကာ၌ မမက်မော။

သဒ္ဓါတရားဖြင့် လှူသော ပစ္စည်းကို မဖျက်ဆီး။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ကျောင်းထိုင်ရဟန်းသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူ နတ်ပြည်၌ ဖြစ်ရ၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။