အင်္ဂုတ္တရနိကာယ်

၅-မုဏ္ဍရာဇဝဂ်

၅-ပုညာဘိသန္ဒသုတ်

၄၅။ ရဟန်းတို့ ဤငါးမျိုးသော ကောင်းမှုအထု ကုသိုလ်အလျဉ်တို့သည် ချမ်းသာကို ဆောင်တတ်ကုန်၏၊ ကောင်းမြတ်သော အာရုံကို ပေးတတ်ကုန်၏၊ ချမ်းသာကျိုးရှိကုန်၏၊ နတ်ပြည်၌ ဖြစ်စေတတ်ကုန်၏၊ အလိုရှိဖွယ်အလို့ငှါ နှစ်သက်ဖွယ်အလို့ငှါ မြတ်နိုးဖွယ်အလို့ငှါ အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်ကုန်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

ရဟန်းတို့ အကြင်ဒါယကာ၏ သင်္ကန်းကို ဝတ်ရုံသုံးဆောင်သော ရဟန်းသည် အတိုင်းအရှည် မရှိသော (အရဟတ္တဖိုလ်) စိတ်နှင့်ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေ၏၊ ထိုသူ၏ အတိုင်းအရှည် မရှိသောကောင်းမှုအထု ကုသိုလ်အလျဉ်သည် ချမ်းသာကို ဆောင်တတ်၏၊ ကောင်းမြတ်သော အာရုံကို ဖြစ်စေတတ်၏၊ ချမ်းသာကျိုးရှိ၏၊ နတ်ပြည်၌ ဖြစ်စေတတ်၏၊ အလိုရှိဖွယ်အလို့ငှါ နှစ်သက်ဖွယ်အလို့ငှါမြတ်နိုးဖွယ်အလို့ငှါ အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်၏။

ရဟန်းတို့ အကြင်ဒါယကာ၏ ဆွမ်းကို ဘုဉ်းပေးသုံးဆောင်သော ရဟန်းသည်။ပ။

ရဟန်းတို့ အကြင်ဒါယကာ၏ ကျောင်းကို နေထိုင်သုံးဆောင်သော ရဟန်းသည်။ပ။

ရဟန်းတို့ အကြင်ဒါယကာ၏ ညောင်စောင်း အင်းပျဉ်ကို နေထိုင်သုံးဆောင်သော ရဟန်းသည်။ပ။

ရဟန်းတို့ အကြင်ဒါယကာ၏ သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်ကို မှီဝဲသုံးဆောင်သောရဟန်းသည် အတိုင်းအရှည်မရှိသော (အရဟတ္တဖိုလ်) စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေ၏၊ ထိုသူ၏ အတိုင်းအရှည်မရှိသော ကောင်းမှုအထု ကုသိုလ်အလျဉ်သည် ချမ်းသာကို ဆောင်တတ်၏၊ ကောင်းမြတ်သော အာရုံကို ဖြစ်စေတတ်၏၊ ချမ်းသာ ကျိုးရှိ၏၊ နတ်ပြည်၌ ဖြစ်စေတတ်၏၊ အလိုရှိဖွယ်အလို့ငှါ နှစ်သက်ဖွယ်အလို့ငှါ မြတ်နိုးဖွယ်အလို့ငှါ အစီးအပွါး အလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်၏။

ရဟန်းတို့ ဤငါးမျိုးသော ကောင်းမှုအထု ကုသိုလ်အလျဉ်တို့သည် ချမ်းသာကို ဆောင်တတ်ကုန်၏၊ ကောင်းမြတ်သော အကျိုးကို ဖြစ်စေတတ်ကုန်၏၊ ချမ်းသာ ကျိုးရှိကုန်၏၊ နတ်ပြည်၌ ဖြစ်စေတတ်ကုန်၏၊ အလိုရှိဖွယ်အလို့ငှါ နှစ်သက်ဖွယ်အလို့ငှါ မြတ်နိုးဖွယ်အလို့ငှါ အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်၏။

ရဟန်းတို့ ဤငါးမျိုးသော ကောင်းမှုအထု ကုသိုလ်အလျဉ်တို့နှင့် ပြည့်စုံသော အရိယာတပည့်၏ကောင်းမှု အတိုင်းအရှည်ပမာဏကို “ဤမျှသော ကောင်းမှုအထု ကုသိုလ်အလျဉ်သည် ချမ်းသာကို ဆောင်တတ်၏၊ ကောင်းမြတ်သော အာရုံကိုဖြစ်စေတတ်၏၊ ချမ်းသာကျိုးရှိ၏၊ နတ်ပြည်၌ ဖြစ်စေတတ်၏၊ အလိုရှိဖွယ်အလို့ငှါ နှစ်သက်ဖွယ်အလို့ငှါ မြတ်နိုးဖွယ်အလို့ငှါ အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါဖြစ်၏”ဟူ၍ ရေတွက်ခြင်းငှါ မလွယ်ကူချေ၊ စင်စစ်သော်ကား မရေတွက်နိုင် မနှိုင်းယှဉ်နိုင်သောကြီးစွာသော ကောင်းမှုကုသိုလ်အစုဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်၏။

ရဟန်းတို့ မဟာသမုဒ္ဒရာ၌ “ဤမျှလောက် ကွမ်းစားပမာဏရှိ ရေတို့”ဟူ၍လည်းကောင်း၊ “ဤမျှလောက် ကွမ်းစားအရာပမာဏရှိ ရေတို့”ဟူ၍လည်းကောင်း၊ “ဤမျှလောက် ကွမ်းစားအထောင် ပမာဏရှိရေတို့”ဟူ၍လည်းကောင်း၊ “ဤမျှလောက် ကွမ်းစားအသိန်းပမာဏရှိ ရေတို့”ဟူ၍လည်းကောင်း ရေ၏့ပမာဏကို ယူခြင်းငှါ မလွယ်ကူချေ၊ စင်စစ်အားဖြင့် မရေတွက်နိုင် မနှိုင်းယှဉ်နိုင်သော ကြီးစွာသောရေအစုဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်သကဲ့သို့၊ ရဟန်းတို့ ထို့အတူ သာလျှင် “ဤမျှလောက်သောကောင်းမှုအထု ကုသိုလ်အလျဉ်သည် ချမ်းသာကို ဆောင်တတ်၏၊ ကောင်းမြတ်သော အာရုံကို ဖြစ်စေတတ်၏၊ ချမ်းသာ ကျိုးရှိ၏၊ နတ်ပြည်၌ ဖြစ်စေတတ်၏၊ အလိုရှိဖွယ်အလို့ငှါ နှစ်သက်ဖွယ်အလို့ငှါမြတ်နိုးဖွယ်အလို့ငှါ အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်၏”ဟူ၍ ဤငါးမျိုးသော ကောင်းမှုအထုကုသိုလ်အလျဉ်တို့နှင့် ပြည့်စုံသော အရိယာတပည့်၏ ကောင်းမှုပမာဏကို ရေတွက်ခြင်းငှါ မလွယ်ကူချေ၊ စင်စစ်သော်ကား မရေတွက်နိုင် မနှိုင်းယှဉ်နိုင်သော ကြီးစွာသော ‘ကောင်းမှုကုသိုလ်အစု’ဟူ၍သာလျှင်ရေတွက်ခြင်းသို့ ရောက်၏ဟု (မိန့်တော်မူ၏)။

ရေများစွာကို ဆောင်တတ်သော (ကွမ်းစားအစရှိသည်ဖြင့်) မနှိုင်းယှဉ်အပ်သော၊ ပြင်းထန်သောအသံရှိသော၊ များစွာ ကြောက်မက်ဖွယ် အာရုံရှိသော၊ ရတနာ အပေါင်းတို့၏ တည်ရာလည်းဖြစ်သောသမုဒ္ဒရာသို့ လူပေါင်းများစွာတို့ မှီခိုရာ ဖြစ်၍ တသွင်သွင် စီးနေသော မြောက်မြားစွာသော မြစ်တို့သည်စီးဝင် ကပ်ရောက်ကုန်သကဲ့သို့—ဤအတူ ထမင်းအဖျော် အဝတ်ပုဆိုးကို ပေးလှူတတ်သော၊ အိပ်ရာနေရာတို့ကိုလည်းကောင်း၊ အိပ်ရာလွှမ်းကိုလည်းကောင်း ပေးလှူတတ်သော ပညာရှိသို့ ရေကို ဆောင်တတ်ကုန်သော မြစ်တို့သည်သမုဒ္ဒရာသို့ စီးဝင်ကုန်သကဲ့သို့ ကောင်းမှု အလျဉ်တို့သည် (စီးဝင်) ကပ်ရောက်လေကုန်သတည်း။

ပဉ္စမသုတ်။