အင်္ဂုတ္တရနိကာယ်

(၆) ၁-နီဝရဏဝဂ်

၈-လိစ္ဆဝိကုမာရကသုတ်

၅၈။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီး၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ၌ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကိုပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူတော်မူပြီးလျှင် ဝေသာလီပြည်သို့ ဆွမ်းခံဝင်တော်မူ၏၊ ဝေသာလီပြည်၌ ဆွမ်းခံလှည့်လည်တော်မူ၍ ဆွမ်းစားပြီးနောက် ဆွမ်းစားဇရပ်မှ ဖဲခွါခဲ့ပြီးလျှင် မဟာဝုန်တောသို့ ကြွဝင်တော်မူလျက် သစ်ပင်ရင်းတစ်ခု၌ နေ့သန့်စင်တော်မူ၏။

ထိုအခါ များစွာသော လိစ္ဆဝီမင်းသားငယ်တို့သည် ပြင်ဆင်ပြီး လေးတို့ကို စွဲကိုင်ကုန်လျက် ခွေးအပေါင်းခြံရံကာ မဟာဝုန်တောကြီးအတွင်း၌ သွားလာလှည့်လည်ကုန်သည်ရှိသော် သစ်ပင်ရင်းတစ်ခု၌ ထိုင်နေတော်မူသော မြတ်စွာဘုရားကို မြင်၍ ပြင်ဆင်ပြီး လေးတို့ကို ချထားပြီးလျှင် ခွေးအပေါင်းကိုသင့်တော်ရာသို့ မောင်းနှင်လွှတ်လိုက်ပြီးနောက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ရှိခိုး၍ ဆိတ်ဆိတ်ငြိမ်ငြိမ်ဖြစ်ကုန်လျက် လက်အုပ်ချီကာ မြတ်စွာဘုရားကို ဆည်းကပ်ခစားကြကုန်၏။

ထိုအခါ မဟာနာမ်လိစ္ဆဝီမင်းသည် မဟာဝုန်တောကြီးအတွင်း၌ အညောင်းပြေ ထိုမှဤမှ သွားလာသည်ရှိသော် ဆိတ်ဆိတ်ငြိမ်ငြိမ် ဖြစ်ကုန်လျက် လက်အုပ်ချီကာ မြတ်စွာဘုရားကို ဆည်းကပ်ခစားကုန်သော ထိုလိစ္ဆဝီမင်းသားငယ်တို့ကို မြင်၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုးကာ တစ်ခုသောနေရာ၌ ထိုင်နေလျက် “ဝဇ္ဇီမင်းတို့သည် ကြီးပွါးကြကုန်လတ္တံ့၊ ဝဇ္ဇီမင်းတို့သည် ကြီးပွါးကြကုန် လတ္တံ့”ဟု ဥဒါန်းကျူးရင့်လေ၏။

မဟာနာမ် “ဝဇ္ဇီမင်းတို့သည် ကြီးပွါးကြကုန်လတ္တံ့၊ ဝဇ္ဇီမင်းတို့သည် ကြီးပွါးကြကုန်လတ္တံ့”ဟုသင် အဘယ်ကြောင့် ဤသို့ ဆိုသနည်းဟု မေးတော်မူ၏။

အသျှင်ဘုရား ဤလိစ္ဆဝီမင်းသားငယ်တို့သည် ခက်ထန်ကုန်၏၊ ကြမ်းတမ်းကုန်၏၊ မာနထန်ကုန်၏၊ အမျိုးတို့၌ လက်ဆောင်ပေးအပ်သော ကြံတို့ကိုလည်းကောင်း၊ ဆီးသီးတို့ကိုလည်းကောင်း၊ မုန့်တို့ကိုလည်းကောင်း၊ ကတွတ်မုန့်တို့ကိုလည်းကောင်း၊ နှမ်းပျစ်တို့ကိုလည်းကောင်း လုယက် လုယက်၍စားသောက်ကြကုန်၏၊ အမျိုးသမီးကြီးတို့၏လည်းကောင်း၊ အမျိုးသမီးငယ်တို့၏လည်းကောင်း နောက်မှလိုက်၍ (ကျောက်ကုန်းကို ခြေဖြင့်) ကန်ကျောက်ကြကုန်၏၊ ယခုအခါ၌ ထိုမင်းသားငယ်တို့သည် ဆိတ်ဆိတ်ငြိမ်ငြိမ် ဖြစ်ကြကုန်လျက် မြတ်စွာဘုရားကို လက်အုပ်ချီကာ ဆည်းကပ်ခစားကြကုန်၏၊ (ထိုကြောင့်ပါ တည်းဟု လျှောက်၏)။

မဟာနာမ် ရေမြေကို အစိုးရ၍ ဦးထိပ်၌ အဘိသိက်သွန်းအပ်သော မင်းအားဖြစ်စေ အဖက ပေးသည့်မြို့ကို စားရသော မြို့စားအားဖြစ်စေ စစ်တပ်ဦးစီး စစ်သူကြီးအားဖြစ်စေ ရွာသူကြီးအားဖြစ်စေ (အစည်းအရုံး အသင်းအပင်းတို့က မြှောက်တင်ထားသည့်) အသင်းလူကြီးအားဖြစ်စေ အမျိုးတို့၌ အသီးသီးအစိုးရသူတို့အားဖြစ်စေ တရားငါးမျိုးရှိသည့် မည်သည့်အမျိုးကောင်းသားအားမဆို ကြီးပွါးတိုးတက်ခြင်းကိုသာလျှင် (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏၊ ဆုတ်ယုတ်ပျက်စီးခြင်းကို မမျှော်လင့်အပ်။

အဘယ်တရားငါးမျိုးတို့နည်းဟူမူ —

မဟာနာမ် ဤလောက၌ အမျိုးကောင်းသားသည် လက်ရုံးအားကိုး ဆည်းပူး၍ ချွေးဒီးဒီးကျဖြစ်စေအပ်ကုန်သော တရားနှင့်လျော်ကုန်သော တရားသဖြင့် ရအပ်ကုန်သော ထကြွလုံ့လဖြင့် ရအပ်ကုန်သော စည်းစိမ်ဥစ္စာတို့ဖြင့် မိဘတို့ကို အရိုအသေပြု၏၊ အလေးအမြတ်ပြု၏၊ မြတ်နိုး၏၊ ပူဇော်၏၊ အရိုအသေပြုခံရကုန် အလေးအမြတ်ပြုခံရကုန် မြတ်နိုးခံရကုန် ပူဇော်ခံရကုန်သော မိဘတို့သည် ထိုအမျိုးကောင်းသားကို “ကြာမြင့်စွာ အသက်ရှင်ပါစေ၊ ရှည်မြင့်စွာ အသက်ကိုစောင့်ရှောက်နိုင်ပါစေ”ဟု့စိတ်နှလုံးကောင်းဖြင့်စောင့်ရှောက်ကြကုန်၏၊ မဟာနာမ် မိဘတို့စောင့်ရှောက်ခံရသော အမျိုးကောင်းသားအား ကြီးပွါးတိုးတက်ခြင်းကိုသာလျှင် (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏၊ ဆုတ်ယုတ် ပျက်စီးခြင်းကို မမျှော်လင့်အပ်။

မဟာနာမ် နောက်တစ်မျိုးကား အမျိုးကောင်းသားသည် လက်ရုံးအားကိုး ဆည်းပူး၍ ချွေးဒီးဒီးကျ ဖြစ်စေအပ်ကုန်သော တရားနှင့်လျော်ကုန်သော တရားသဖြင့်ရအပ်ကုန်သော ထကြွလုံ့လဖြင့် ရအပ်ကုန်သော စည်းစိမ်ဥစ္စာတို့ဖြင့် သား မယား ကျေးကျွန် အမှုလုပ်ယောကျာ်းတို့ကို အရိုအသေပြု၏၊ အလေးအမြတ်ပြု၏၊ မြတ်နိုး၏၊ ပူဇော်၏၊ အရိုအသေပြုခံရကုန် အလေးအမြတ်ပြုခံရကုန်မြတ်နိုးခံရကုန် ပူဇော်ခံရကုန်သော သား မယား ကျေး ကျွန် အမှုလုပ်ယောကျာ်းတို့သည်ထိုအမျိုးကောင်းသားကို “ကြာမြင့်စွာ အသက်ရှင်ပါစေ၊ ရှည်မြင့်စွာ အသက်ကိုစောင့်ရှောက်နိုင်ပါစေ”ဟု စိတ်နှလုံးကောင်းဖြင့်စောင့်ရှောက်ကုန်၏၊ မဟာနာမ် သား မယားကျေးကျွန် အမှုလုပ်ယောကျာ်းတို့စောင့်ရှောက်ခံရသော အမျိုးကောင်းသားအားကြီးပွါးတိုးတက်ခြင်းကိုသာလျှင် (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏၊ ဆုတ်ယုတ်ပျက်စီးခြင်းကိုမမျှော်လင့်အပ်။

မဟာနာမ် နောက်တစ်မျိုးကား အမျိုးကောင်းသားသည် လက်ရုံးအားကိုး ဆည်းပူး၍ ချွေးဒီးဒီးကျ ဖြစ်စေအပ်ကုန်သော တရားနှင့်လျော်ကုန်သော တရားသဖြင့် ရအပ်ကုန်သော ထကြွလုံ့လဖြင့် ရအပ်ကုန်သော စည်းစိမ်ဥစ္စာတို့ဖြင့် (မိမိ) လယ်လုပ်ငန်းအနီးရှိ လယ်ရှင်နှင့် မြေတိုင်းစာရေးတို့ကို အရိုအသေပြု၏၊ အလေးအမြတ်ပြု၏၊ မြတ်နိုး၏၊ ပူဇော်၏၊ အရိုအသေပြုခံရကုန် အလေးအမြတ်ပြုခံရကုန် မြတ်နိုးခံရကုန် ပူဇော်ခံရကုန်သော လယ်လုပ်ငန်းအနီးရှိ လယ်ရှင်နှင့် မြေတိုင်းစာရေးတို့သည်ထိုအမျိုး ကောင်းသားကို “ကြာမြင့်စွာ အသက်ရှင်ပါစေ၊ ရှည်မြင့်စွာ အသက်ကိုစောင့်ရှောက်နိုင်ပါစေ”ဟု စိတ်နှလုံးကောင်းဖြင့်စောင့်ရှောက်ကြကုန်၏၊ မဟာနာမ် လယ်လုပ်ငန်းအနီးရှိလယ်ရှင်နှင့် မြေတိုင်း စာရေးတို့စောင့်ရှောက်ခံရသော အမျိုးကောင်းသားအားကြီးပွါးတိုးတက်ခြင်းကိုသာလျှင် (မချွတ်ရလိမ့် မည်ဟု) မျှော်လင့်အပ်၏၊ ဆုတ်ယုတ်ပျက်စီးခြင်းကိုမမျှော်လင့်အပ်။

မဟာနာမ် နောက်တစ်မျိုးကား အမျိုးကောင်းသားသည် လက်ရုံးအားကိုး ဆည်းပူး၍ ချွေးဒီးဒီးကျ ဖြစ်စေအပ်ကုန်သော တရားနှင့်လျော်ကုန်သော တရားသဖြင့် ရအပ်ကုန်သော ထကြွလုံ့လဖြင့် ရအပ်ကုန်သော စည်းစိမ်ဥစ္စာတို့ဖြင့် (မိရိုးဖလာ) ပူဇော်သက္ကာကို ခံယူကုန်သော နတ်တို့ကို အရိုအသေပြု၏၊ အလေးအမြတ်ပြု၏၊ မြတ်နိုး၏၊ ပူဇော်၏၊ အရိုအသေပြုခံရကုန် အလေးအမြတ်ပြုခံရကုန်မြတ်နိုးခံရကုန် ပူဇော် ခံရကုန်သော (မိရိုးဖလာ) ပူဇော်သက္ကာကို ခံယူကုန်သော နတ်တို့သည်ထိုအမျိုးကောင်းသားကို “ကြာမြင့်စွာ အသက်ရှင်ပါစေ၊ ရှည်မြင့်စွာ အသက်ကိုစောင့်ရှောက်နိုင်ပါစေ”ဟု စိတ်နှလုံးကောင်းဖြင့်စောင့်ရှောက်ကြကုန်၏၊ မဟာနာမ် (မိရိုးဖလာ) ပူဇော်သက္ကာကို ခံယူကုန်သော နတ်တို့စောင့်ရှောက်ခံရ သော အမျိုးကောင်းသားအားကြီးပွါးတိုးတက်ခြင်းကိုသာလျှင် (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏၊ ဆုတ်ယုတ်ပျက်စီးခြင်းကိုမမျှော်လင့်အပ်။

မဟာနာမ် နောက်တစ်မျိုးကား အမျိုးကောင်းသားသည် လက်ရုံးအားကိုး ဆည်းပူး၍ ချွေးဒီးဒီးကျ ဖြစ်စေအပ်ကုန်သော တရားနှင့်လျော်ကုန်သော တရားသဖြင့်ရအပ်ကုန်သော ထကြွလုံ့လဖြင့် ရအပ်ကုန်သော စည်းစိမ်ဥစ္စာတို့ဖြင့် သမဏဗြာဟ္မဏတို့ကို အရိုအသေပြု၏၊ အလေးအမြတ်ပြု၏၊ မြတ်နိုး၏၊ ပူဇော်၏၊ အရိုအသေပြုခံရကုန် အလေးအမြတ်ပြုခံရကုန် မြတ်နိုးခံရကုန် ပူဇော်ခံရကုန်သော သမဏဗြာဟ္မဏတို့သည် ထိုအမျိုးကောင်းသားကို “ကြာမြင့်စွာ အသက်ရှင်ပါစေ၊ ရှည်မြင့်စွာ အသက်ကို့စောင့်ရှောက်နိုင်ပါစေ”ဟု စိတ်နှလုံးကောင်းဖြင့်စောင့်ရှောက်ကြကုန်၏၊ မဟာနာမ် သမဏဗြာဟ္မဏတို့စောင့်ရှောက်ခံရသော အမျိုးကောင်းသားအား ကြီးပွါးတိုးတက်ခြင်းကိုသာလျှင် (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏၊ ဆုတ်ယုတ်ပျက်စီးခြင်းကို မမျှော်လင့်အပ်။

မဟာနာမ် ရေမြေကို အစိုးရ၍ ဦးထိပ်၌ အဘိသိက်သွန်းအပ်သော မင်းအားဖြစ်စေ အဖကပေး သည့်မြို့ကိုစားရသော မြို့စားအားဖြစ်စေ စစ်တပ်ဦးစီး စစ်သူကြီးအားဖြစ်စေ ရွာသူကြီးအားဖြစ်စေ (အစည်းအရုံး အသင်းအပင်းတို့က မြှောက်တင်ထားသည့်) အသင်းလူကြီးအားဖြစ်စေ အမျိုးတို့၌ အသီးသီးအစိုးရသူတို့အားဖြစ်စေ ဤတရားငါးမျိုးရှိသည့် မည်သည့်အမျိုးကောင်းသားအားမဆို ကြီးပွါး တိုးတက်ခြင်းကိုသာလျှင် (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏၊ ဆုတ်ယုတ်ပျက်စီးခြင်းကို မမျှော်လင့်အပ်။ သိကြားလိမ္မာ၍ သီလရှိသူသည် မိဘတို့၏ ကိစ္စကို ပြုတတ်၏၊ အခါခပ်သိမ်း သားမယားတို့၏အစီးအပွါးကို ဆောင်ရွက်တတ်၏၊ အိမ်အတွင်းနေ လူအပေါင်း၏ အကျိုးငှါလည်းကောင်း၊ မိမိကိုမှီ၍အသက်မွေးသူတို့၏ အကျိုးငှါလည်းကောင်း (ဤသို့) နှစ်ပါးသောသူတို့ အကျိုးငှာ ကျင့်ဆောင်တတ်၏။ အိမ်၌ နေသော ပညာရှိပုဂ္ဂိုလ်သည် ကွယ်လွန်လေပြီးသော ဆွေမျိုးတို့၏လည်း ကောင်း၊ ယခုမျက်မှောက်၌ အသက်ရှင်လျက်ရှိကြကုန်သော ဆွေမျိုးတို့၏လည်း ကောင်း၊ သမဏဗြာဟ္မဏတို့၏လည်းကောင်း၊ နတ်တို့၏လည်းကောင်း အကျိုးငှါ တရားသဖြင့် နှစ်သက်ခြင်းကိုဖြစ်စေတတ်၏။ ထိုသူသည် ကောင်းမှုကို ပြုလုပ်သောကြောင့် ပူဇော်အပ် ချီးမွမ်းအပ်သူဖြစ်၏၊ ထိုသူကိုဤလောက၌ပင် ချီးမွမ်းကြကုန်၏၊ (ထိုသူသည်) တမလွန်ဘဝဝယ် နတ်ပြည်၌ မွေ့လျော်ရလေသတည်း။

အဋ္ဌမသုတ်။